သတင်းများ


လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း (၂/၂၀၂၂) သင်တန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး
ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်မြို့၌ လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း (၂/၂၀၂၂) ဖွင့်ပွဲအား  ယနေ့ နံနက် ၈ နာရီခွဲအချိန်က ဧရာရွှေဝါခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စိုက်ပျိုးရေးဦးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အခြေခံသော တိုင်းဒေသကြီးဖြစ်ပြီး စပါးအပါအဝင်သီးနှံစုံ ဧက ၈၁သိန်းကျော် စိုက်ပျိုးရန်လျာထားဆောင်ရွက်လျက်ရှိရာ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ အရည်အသွေးကောင်းမွန်ပြီး ဘေးကင်းလုံခြုံစိတ်ချရသောသီးနှံများထွက်ရှိရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ခင်းများတွင် ပိုးမွှားများကျရောက်လာပါကနှိမ်နှင်းနိုင်ရန်  ပိုးသတ်ဆေးများအသုံးပြုကြရာတွင် ပိုးသတ်ဆေးဥပဒေအတိုင်းလိုက်နာဆောင်ရွက်စေရန်၊ ပိုးသတ်ဆေးနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းအန္တရာယ်ကိုသိရှိနားလည်ပြီးစနစ်တကျကိုင်တွယ်သုံးစွဲတတ်စေရန်၊ ဘက်စုံသီးနှံကာကွယ်ရေးလုပ်ငန်းစဉ်တွင် ဓာတုနည်းဖြင့်ကာကွယ်နှိမ်နှင်းခြင်းကို ထိရောက်အောင်မြင်စေရန်နှင့် သဘာဝပတ်ဝန်းကျင်မပျက်ရေရှည်စိုက်ပျိုးထုတ်လုပ်နိုင်ရေး ရည်ရွယ်၍ ယနေ့သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ပိုးသတ်ဆေးများကို စိုက်ပျိုးရေးလုပ်ငန်းများအတွက် အသုံးပြုရာတွင် လိုတာထက်ပို၍သုံးစွဲမိပါက သီးနှံထိခိုက်မှုများရှိလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်ပိုးသတ်ဆေးအသုံးပြုသူများ၊ ရောင်းချသူများအနေဖြင့် သုံးစွဲသင့်သည့်ပိုးသတ်ဆေးများ၊မသုံးစွဲသင့်သည့်ပိုးသတ်ဆေးများအား ယခုသင်တန်းတွင် ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူများအနေဖြင့် လိုက်နာမှတ်သား၍ ဆင့်ပွားအသိပညာပေးမှုများ ပြုလုပ်ရန်လည်းလိုအပ်မည်ဖြစ်ပါကြောင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ကျရောက်တတ်သောပိုးမွှား အန္တရာယ်များအား တွန်းလှန်ကာကွယ်နိုင်ရန်နှင့် သီးနှံအထွက်နှုန်းများ တိုးတက်စေရန်၊ အရည်အသွေးရှိပြီး ရောင်းတန်းဝင် သီးနှံများရရှိစေနိုင်ရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်” ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိန်မောင်မြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးရုံးချုပ်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ သင်တန်းမှုးဆရာမ ဒေါ်ဆိုင်းရော်က သင်တန်းစည်းကမ်းများကိုရှင်းလင်းခြင်းနှင့်သင်တန်းပို့ချနေမှုကိုကြည့်ရှုအားပေးခဲ့သည်။ အဆိုပါသင်တန်းအား ယခုလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၃ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၂၅၅ ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။


Read More...
28-Jun-2022
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ငဝန်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားတက်ရောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် အမှတ် (၃၆) မှန်စက်ရုံ ရုံးဝန်းအတွင်း ဆိပ်ခံဘောတံတား၌ ငါးလုပ်ငန်းဦးစီးဌာနမှ ပြုလုပ်သည့် တိုင်းဒေသကြီးအတွင်း ငါးသယံဇာတများ မြှင့်တင်နိုင်ရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား တက်ရောက်ခဲ့၍ ငဝန်မြစ်အတွင်း ငါးမြစ်ချင်း ကောင်ရေနှစ်သိန်းခွဲ၊ ငါးခုံးမကြီး ကောင်ရေ နှစ်သိန်းနှင့် ရွှေဝါငါးကြင်း ငါးသောင်း စုစုပေါင်း အကောင်ရေ (၅)သိန်းကို စိုက်ထည့်ပေးခဲ့ကြသည်။ တိုင်းဒေသကြီးအတွင်း ငါမျိုးကောင်ရေ ၂၁၁ သိန်းကျော် စိုက်ထည့်ရန်လျာထားပြီး ၂၆ သိန်းကျော်စိုက်ထည့်ပြီးစီးပြီး လျာထားချက်ပြည့်မီအောင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းသိရှိရသည်။


Read More...
26-Jun-2022
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ သဘာဝပတ်ဝန်းကျင်စိန်းလမ်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေးနှင့် သစ်တောသယံဇာတများရေရှည်တည်တံ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးတို့ကိုရည်ရွယ်၍ ပုသိမ်မြို့ အမှတ် (၃၆) မှန်စက်ရုံဝန်းအတွင်း၌ သစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၂၆ ရက်နေ့ နံနက် ၈နာရီခွဲအချိန်က ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။ သစ်ပင်စိုက်ပျိုးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“၂၀၂၂ခုနှစ်၊မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများအား တိုင်း၊ ခရိုင်၊ မြို့နယ်များအလိုက် ကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊ ယင်းသို့စိုက်ပျိုးရာတွင်တစ်ပင်စိုက်ပျိုးလျှင် တစ်ပင်ရှင်သန်အောင် သစ်တောဝန်ထမ်းများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများက ဝိုင်းဝန်းထိန်းသိမ်းပြုစုရန်လည်း လိုအပ်ပါကြောင်း၊ စိုက်ပျိုးရန်လွယ်ကူသော်လည်း အပင်များ ရှင်သန်ကြီးထွားရန်အတွက် ပြုစုထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းသည် သက်ရှိသတ္တဝါ လူသားများအတွက် များစွာအထောက်အကူပြုပါကြောင်း၊ဒီရေတော စိုက်ခင်းများအတွက် ပျိုးပင်ပေါင်းဆယ်သိန်းကျော်အား ပျိုးထောင်ထားရှိပြီး  သဘာဝဘေးအန္တရာယ်ကာကွယ်နိုင်ရန် ကမ်းခြေများနှင့် မြစ်ပေါက်ဝများတွင် တစ်အုပ်တစ်မစိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊  စီးပွားရေးကျွန်း၊ ပျဉ်းကတိုးစိုက်ခင်းများ၊ဒီရေတောများ၊ ထင်းစိုက်ခင်းများ၊တည်ထောင်ခြင်းဖြင့် ဧရာဝတီတိုင်းဒေသကြီး၏ သစ်တောဖုံးလွှမ်းမှု ဧရိယာများ ပိုမိုလာမည်ဖြစ်ပါကြောင်းနှင့် ဖြစ်ထွန်းအောင်မြင်အောင်ထိန်းသိမ်းသွားကြရန်လိုကြောင်း”ပြောကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဆောင်၍ သစ်ပင်များအားစုပေါင်းစိုက်ပျိုးခဲ့ပြီး ဝန်ကြီးချုပ်နှင့်အတူ တာဝန်ရှိသူများက ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များနှင့်ဒေသခံပြည်သူများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ပိတောက်၊ ခရေ၊ ပုန်းညက်၊ မန်ဂျန်ရှား အစရှိသည့် ပျိုးပင်ပေါင်း ၃၀၀၀ အား စိုက်ပျိုးခဲ့ကြောင်းသိရသည်။


Read More...
26-Jun-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ဟင်္သာတခရိုင်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇွန်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက်  ဇလွန်မြို့နယ်၊ မေရီလန်းကျေးရွာ​ တောင်သူဦးဝင်းမြင့်ဦး၏ လယ်​မြေ(၁၂)ဧက တွင် ၂၀၂၂မိုးစပါးစိုက်ပျိုးရန်အတွက်သစ်စိမ်း​မြေသြဇာ(ပိုက်ဆံ​လျှော်)ထည့်သွင်းထွန်ယက်ခြင်းကိုကြည်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များ ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီမြေသြဇာများပြန်လည်ကောင်းမွန်လာမှာဖြစ်ပါကြောင်း၊  သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)တွင် နိုက်ထရိုဂျင်၊ ဖော့စဖိတ်၊ ပိုတက်စီယမ်များပါဝင်ပြီးဖြစ်၍ လယ်မြေအတွင်း ထည့်သွင်းအသုံးပြုခြင်းဖြင့် ဓာတ်မြေသြဇာသုံးစွဲမှုများကိုလျော့ချနိုင်မည်ဖြစ်ကြောင်း၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များ စိုက်ပျိုးခြင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ ခုံကြီးကျေးရွာအုပ်စု၊ တလိုင်းခုံကျေးရွာ တောင်သူဦးလှဝင်း၏ ယာမြေ(၁.၆၇)ဧကတွင် ၂၀၂၂-၂၀၂၃ မိုးရာသီ နေကြာမျိုးစေ့ထုတ် ထွန်တုံးပိတ်စိုက်ပျိုးပွဲတက်ရောက်ခဲ့ပြီး နေကြာမျိုးစေ့ချစိုက်ပျိူနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာနမှူးမှ အင်္ဂပူမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ မိုးရာသီ နေကြာမျိုးစေ့ထုတ်စိုက်ပျိုးဆောင်ရွက်မှုများကိုရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဖြစ်ထွန်းအောင်မြင်စေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့အတူ မြန်အောင်မြို့နယ်၊ ကန်ဇွန်းခုံကျေးရွာ တောင်သူ ဦးဝေစိုး၏ယာမြေတွင်လည်းကောင်း၊ ကြံခင်းမြို့နယ်၊ ဆုံလဲကျေးရွာအုပ်စု တောင်သူစောမင်းထူး၏ ယာမြေတို့တွင်မိုးရာသီ နေကြာမျိုးစေ့ထုတ် ထွန်တုံးပိတ်စိုက်ပျိုးပွဲကျင်းပခဲ့ရာ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့၀င်များနှင့် နေကြာစိုက်တောင်သူများတက်ရောက်ခဲ့ကြ၍ ထွန်တုံးပိတ်စိုက်ပျိုးခဲ့ကြသည်။ တိုင်းဒေသကြီးအတွင်း ဟင်္သာတခရိုင်ရှိကြံခင်းမြို့နယ်၊မြန်​အောင်မြို့နယ်နှင့်အင်္ဂပူမြို့နယ်တို့တွင်​နေကြာမျိုး​စေ့ထုတ်ဧက၃၀၀၀ကို ဇွန်လ ၃ ရက်နေ့တွင်စတင်စိုက်ပျိုးခဲ့ရာ ယ​နေ့တွင်ဧကအားလုံး ထွန်တုံးပိတ်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။


Read More...
25-Jun-2022
(၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ
(၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးဦးစီးကော်မတီဝင်များ ၊ခရိုင်စီမံအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးဦးစီးကော်မတီနာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ အခြေခံပညာအဆင့်၊ အဆင့်မြင့်ပညာအဆင့်၊ဝါသနာရှင်အဆင့်များတွင် အဆင့်တိုင်း၊ ပြိုင်ပွဲအမျိုးအစားတိုင်း ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ ခရိုင်အဆင့်ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ တွေ့ရှိရပြီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ယခင်နှစ်များထက် ပိုမိုအောင်မြင်မှုရရှိရေး တွန်းအားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီးအဆင့်ယှဉ်ပြိုင် ရွေးချယ်ခြင်းဖြင့် ဗဟိုအဆင့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်နိုင်ရေး  အလေးထား ကြပ်မတ်ဆောင်ရွက်သွားရန်”ပြောကြားခဲ့သည်။ ဆက်လက်၍ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး(၁)နှင့်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် အစည်းအဝေး တက်ရောက်လာသူများက အထွေထွေ ဆွေးနွေးတင်ပြခဲ့ကြပြီး ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့သည်။


Read More...
24-Jun-2022