သတင်းများ
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပုသိမ်တက္ကသိုလ်ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်း ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားအား ဇွန်လ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က ပုသိမ်တက္ကသိုလ်၊ မိုးလုံလေလုံ အားကစားခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပါမောက္ခချုပ် ၊ ဒုတိယပါမောက္ခချုပ်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ကျောင်းသားကျောက်းသူများတက်ရောက် အားပေးခဲ့ကြသည်။
ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် သင်္ချာဘာသာရပ်အသင်းနှင့် သမိုင်းဘာသာရပ် အသင်းတို့ ငါးပွဲ ယှဉ်ပြိုင်ကစားခဲ့ကြရာ သင်္ချာဘာသာရပ်အသင်းက သမိုင်းဘာသာရပ်အသင်းအား ၃ပွဲ-၂ပွဲဖြင့် အနိုင်ရရှိခဲ့သည်။ ဆက်လက်၍ ဆုပေးပွဲအခမ်းအနားအား ကျင်းပရာ အကဲဖြတ်ဒိုင်အဖွဲ့အား ရူပဗေဒဌာန (ပါမောက္ခ၊ဌာနမှူး)ကလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် ရိုက်ခုတ်၊ပင့်ထောင်၊နောက်ထိန်း၊ဆယ်မ၊အကောင်းဆုံးဆုရ အားကစားသမားများနှင့် နှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယဆုရ ရုက္ခဗေဒဘာသာရပ်အသင်း၊ ဒုတိယဆုရ ရူပဗေဒဘာသာရပ်အသင်း၊ပထမဆုရ သင်္ချာဘာသာရပ် အသင်းများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို ဒုတိယပါမောက္ခချုပ်များကလည်းကောင်း၊ သုံးယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယဆုရ ပထဝီဝင်ဘာသာရပ်အသင်း၊ ဒုတိယဆုရ သမိုင်းဘာသာရပ်အသင်း၊ပထမဆုရ သင်္ချာဘာသာရပ်အသင်းများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို ပါမောက္ခချုပ်ကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နှစ်ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲ အသင်းလိုက် ပထမဆုနှင့် သုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ အသင်းလိုက် ပထမဆုရ သင်္ချာဘာသာရပ်အသင်းအား တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယခုလ ၂၁ ရက်နေ့မှ ၂၄ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဘာသာရပ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်းသိရပါသည်။
Read More...
24-Jun-2022
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ကွန်ပျူတာတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဇွန်လ ၂၂ ရက်နေ့ နံနက် ၉:၃၀ အချိန်တွင် ကွန်ပျူတာတက္ကသိုလ် (ပုသိမ်) ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားအား တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ ကွန်ပျူတာတက္ကသိုလ် ပထမနှစ် ကျောင်းသား၊ ကျောင်းသူလေးများက “မြကျွန်းညိုညို”တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ မောင်တို့မယ်တို့အနေဖြင့်အခြေခံပညာကို အောင်မြင်ပြီးမြောက်ပြီးနောက် အဆင့်မြင့်ပညာဖြစ်သည့် ကွန်ပျူတာတက္ကသိုလ်တွင် လာရောက်ပညာသင်ယူဆည်းပူးနေကြသဖြင့် ဝမ်းသာလှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ နည်းပညာခေတ်တွင် ကွန်ပျူတာသိပ္ပံနှင့် နည်းပညာသည် အရေးပါအသုံးဝင်ပါကြောင်း၊ အဆင့်ဆင့်တိုးတက်လာသည့် နည်းပညာများအား ခေတ်နှင့်အညီ လေ့လာကြရမှာဖြစ်ပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် မောင်တို့မယ်တို့လေ့လာသင်ယူနေကြသည့် ပညာရပ်များဖြင့် အားဖြည့်ပါဝင်ဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်းနှင့် အဆင့်မြင့်ပညာရပ်များကိုဆက်လက်လေ့လာသင်ယူကြပြီး နိုင်ငံတော်အတွက် မိမိတို့တိုင်းဒေသကြီးအတွက် အားထားရသော နိုင်ငံ့သားကောင်းများ ဖြစ်ကြပါစေကြောင်း”တိုက်တွန်းပြောကြားပြီး ကွန်ပျူတာတက္ကသိုလ် (ပုသိမ်) ဒုတိယပါမောက္ခချုပ်က ကြိုဆို နှုတ်ခွန်းဆက်စကားများ ဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူများ၏ တေးသရုပ်ဖော်များ၊ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထောက်ပံ့ငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
Read More...
22-Jun-2022
ပုသိမ်မြို့၌ လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း (၁/၂၀၂၂) ဖွင့်လှစ်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း (၁/၂၀၂၂)ဖွင့်ပွဲအား ဇွန်လ ၂၂ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီများ၊ စိုက်ပျိုးရေးဦးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဖြစ်ပေါ်ကျရောက်တတ်သော ပိုးမွှားအန္တရာယ်များအား အမြန်ဆုံးပျောက်ကင်း ကုစားနိုင်ရန်နှင့် ပိုးသတ်ဆေးဥပဒေ၊ လုပ်ထုံးလုပ်နည်းများသိရှိလိုက်နာဆောင်ရွက်တတ်စေရန်၊ ပိုးသတ်ဆေးနှင့်ပိုးသတ်ဆေးအန္တရာယ်ကိုသိရှိနာလည်းအသုံးပြုတတ်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် ရက်တိုသင်တန်းဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် ပိုးသတ်ဆေးများအား လက်တွေ့သုံးစွဲသူများပါရှိသကဲ့သို့ လက်မှတ်ရပိုးသတ်ဆေးများအား ရောင်းချနေသည့်သူများလည်းပါရှိကြောင်း၊ မိမိတို့ဒေသအတွင်း စိုက်ဧကနှင့်အထွက်နှုန်းများ တိုးတက်စေရန်အပြင် ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် သီးနှံများထွက်ရှိပြီး ဈေးကွက်အတွင်း ရောင်းချနိုင်ရန်အတွက် ပိုးမွှားအန္တရာယ် ကင်းစင်ရန် လိုအပ်ကြောင်း၊ ပိုးသတ်ဆေးသုံးစွဲသူများ၊ ရောင်းချသူများအနေဖြင့် ပိုးသတ်ဆေးများ၏ အကျိုးအာနိသင်များ၊ အန္တရာယ်ဖြစ်စေနိုင်မှုများကို နှံ့နှံ့စပ်စပ်သိရှိကြရန်လိုအပ်ပြီး အသုံးပြုမည့် တောင်သူများအား သေချာစွာ အသိပညာပေး ညွှန်ကြားမှု ပြုနိုင်ရန်လည်း လိုအပ်ကြောင်း၊ သင်တန်းမှပို့ချမှုများကို သေချာလေ့လာမှတ်သားပြီး မိမိတို့အရပ်ဒေသများတွင်ပြန်လည်ဆင့်ပွားဆောင်ရွက်ပေးကြရန်နှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် ပိုးမွှားအန္တရာယ်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများအား ပိုးသတ်ဆေးသုံးစွဲသူများ၊ ရောင်းချသူများ၊
တောင်သူများ၊ ဌာနဆိုင်ရာများမှပူးပေါင်းဆောင်ရွက်ပေးကြရန်”ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိန်မောင်မြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား လည်းကောင်း၊ စိုက်ပျိုးရေးဦးဌာန သီးနှံကာကွယ်ရေး (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်လေးဇံက သင်တန်းတွင်ပို့ချဆွေးနွေးမည့်ဘာသာရပ်များနှင့် သင်တန်းစည်းကမ်းများအားလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းအား ယခုလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ၃ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၂၀၀ ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။
Read More...
22-Jun-2022
စိုက်ပျိုးရေးသိပ္ပံ (မြောင်းမြ) ကျောင်းရှိ စာသင်ဆောင်များအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)တွင် အထွက်နှုန်းကောင်းမွန်သော ပေါ်ဆန်းမျိုးစပါးများ သုတေသနပြုထားရှိမှုအား ကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇွန်လ ၂၀ ရက်နေ့ နေ့လည်ပိုင်းတွင် စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)သို့သွားရောက်ခဲ့ကာ ပထနှစ်အငယ်တန်းတွင် (၁၁၄)ဦး၊ ပထမနှစ်အကြီးတန်းတွင် (၈၇)ဦးနှင့် တတိယနှစ်တွင် (၁၁၅)ဦး၊ စုစုပေါင်းသင်တန်းသားသင်တန်းသူ (၃၁၆) ဦးအေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး စာသင်ဆောင်များအားလှည့်လည်ကြည့်ရှူစစ်ဆေးခဲ့ပြီးစာသင်ဆောင်များကြံ့ခိုင်မှုရှိစေရေးမှာကြားခဲ့သည်။
ထို့နောက် ဒေသသုတေသနဗဟိုဌာန (မြောင်းမြ) သို့သွားရောက်ခဲ့ပြီး ဒေသသုတေသနဗဟိုဌာန(မြောင်းမြ) တာဝန်ခံမှ အထွက်နှုန်းကောင်းမွန်သောပေါ်ဆန်းမျိုးစပါးများသုတေသနပြုထားရှိမှုနှင့် ၂၀၂၀- ၂၀၂၁ဘဏ္ဍာနှစ်နှင့်၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာနှစ်များတွင်ဆောင်ရွက်ခဲ့သည့်သုတေသနလုပ်ငန်းများ၊ ၂၀၂၂- ၂၀၂၃ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့်သုတေသနလုပ်ငန်းများကိုရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သုတေသနလုပ်ငန်းများမှ ရလဒ်ကောင်းများထွက်ပေါ်လာစေရေး၊ ထွက်ပေါ်လာသည့်ရလဒ်များကိုတောင်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိဆောင်ရွက်စေရေး၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးလျက်ရှိရာ ပိုမိုဖြစ်ထွန်းအောင်မြင်စေရေးသုတေသနပြုဆောင်ရွက်ရန်၊ သဘာဝမြသြဇာပြုလုပ်နည်းများ၊ သဘာဝမြသြဇာသုံးစွဲခြင်းဖြင့် ဓာတ်မြေသြဇာသုံးစွဲမှုကိုလျော့ချနိုင်မှုများအားတောင်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဆင်းရွှေကြာ၂ နေကြာသီးနှံမျိုးသန့်ပြန့်ပွားရေးဆောင်ရွက်ထားရှိမှုနှင့် ကောက်ရိုး၊ နောက်ချေး၊ ထုံး၊ ဖွဲနု၊ ထရိုင်ကိုဒါးမား များအသုံးပြု၍သဘာဝမြသြဇာပြုလုပ်နေမှုများကိုကြည့်ရှုအားပေးခဲ့ပါသည်။
ထို့နောက် အိမ်မဲမြို့နယ်၊ ပါရမီထောင့်ကျေးရွာ၊ တောင်သူဦးဌေးလွင်၏ လယ်မြေ(၄)ဧကတွင် ၂၀၂၂မိုးစပါးစိုက်ပျိုးရန်အတွက်သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထည့်သွင်းထွန်ယက်ခြင်းကိုကြည်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များ ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာများပြန်လည်ကောင်းမွန်လာပြီး ဓာတ်မြေသြဇာသုံးစွဲမှုများကိုလျှော့ချပေးနိုင်မှာဖြစ်ပါကြောင်းနှင့် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များစိုက်ပျိုးခြင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
Read More...
20-Jun-2022
ပုသိမ်မြို့ သူနာပြု-သားဖွားဒီပလိုမာသင်တန်းအပတ်စဉ် (၃၆) ဂျုတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားနှင့် မြောင်းမြမြို့တွင် ပထမအကြိမ် ဂျုတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားများကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ သူနာပြု-သားဖွားဒီပလိုမာသင်တန်း အပတ်စဉ် (၃၆) ဂျုတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားအား ဇွန်လ ၂၀ ရက်နေ့ နံနက် ၈ နာရီအချိန်က တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများက သင်တန်းသား ၇ ဦးနှင့် သင်တန်းသူ ၇၆ ဦး၊ စုစုပေါင်း ၈၃ ဦးအား ဂျုတီကုတ်နှင့် ဦးဆောင်းများအပ်နှင်းပေးခဲ့သည်။ဆက်လက်၍ သင်တန်းသား၊သင်တန်းသူများက ဆီမီးထွန်းညှိခြင်းနှင့် သူနာပြုသစ္စာအဓိဌာန် ၈ ချက်အား ရွတ်ဆိုခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထူးချွန်ဆုရ သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုများနှင့် သင်တန်းသားသင်တန်းသူများအတွက် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ သူနာပြုသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် ပထမအကြိမ် ဂျုတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားခဲ့ကာတာဝန်ရှိသူများက သင်တန်းသား ၇ ဦးနှင့် သင်တန်းသူ ဦး၊၆၃ စုစုပေါင်း ၇၀ ဦးအား ဂျုတီကုတ်နှင့် ဦးဆောင်းများအပ်နှင်းပေးခဲ့သည်။ ဆက်လက်၍ သင်တန်းသား၊သင်တန်းသူများက ဆီမီးထွန်းညှိခြင်းနှင့်သူနာပြုသစ္စာ အဓိဌာန် ၈ ချက်အား ရွတ်ဆိုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထူးချွန်ဆုရ သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုများနှင့်သင်တန်းသားသင်တန်းသူများအတွက် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကာမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပါတယ်။ အဆိုပါ ဂျုတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားများတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကျန်းမာရေးကဏ္ဍတွင် လူ့စွမ်းအား အရင်းအမြစ်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် သင်တန်းကျောင်းများ ဖွင့်လှစ်၍ သူနာပြုနှင့်သားဖွားများ မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသားသင်တန်းသူများသည် ဝါသနာအရင်းခံပြီးကိုယ်ချင်းစာတရားထားကာ လူနာများကိုပြုစုစောင့်ရှောက်ကြရမှာဖြစ်ပါကြောင်း၊သင်တန်းသား၊ သင်တန်းသူများသည် အပ်နှင်းခြင်းခံရသည့် ဂျုတီကုတ်နှင့် ဦးဆောင်းတို့အားလေးစားတန်ဖိုးထားပြီးမိမိတို့၏ လုပ်ငန်းတာဝန်များ ကျေပွန်စွာထမ်းဆောင်ကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် ကျေးလက်ဒေသများအထိ ကျန်းမာရေးစောင့်ရှောက်မှုများလွှမ်းခြုံနိုင်စေရေး ကြိုးစားဆောင်ရွက်နေပါကြောင်း၊ သင်တန်းကာလအတွင်း သင်ကြားရေးဆိုင်ရာများ၊ နေထိုင်စားသောက်ရေးကိစ္စများကိုလည်း သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပြီး ထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းပြီးဆုံးပြီး မိမိတာဝန်ကျရာဒေသများရှိပြည်သူများ၏ ကျန်းမာရေးကိစ္စရပ်များကို ကူညီစောင့်ရှောက်ပေးကြရန်ပြောကြားခဲ့ပါသည်။
Read More...
20-Jun-2022