သတင်းများ
ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင် သိုးထိန်းဆရာတော်ကြီး ဟင်နရီမန်းအိုင်ခလိန်အား ဘိသိက်တင်မင်္ဂလာနှင့် ပလ္လင်အပ်နှင်းခြင်း ဂုဏ်ပြုနှုတ်ဆက် အခမ်းအနားကျင်းပ
Read More...
ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင် သိုးထိန်းဆရာတော်ကြီး ဟင်နရီ မန်းအိုင်ခလိန်အား ဘိသိက်တင်မင်္ဂလာနှင့် ပလ္လင်အပ်နှင်းခြင်း ဂုဏ်ပြုနှုတ်ဆက် အခမ်းအနားအား ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ စိန့်ပီတယ်ဘုရားကျောင်းတော်ဝန်း ရင်ပြင်၌ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားအား အဖွင့်ဆုတောင်းမေတ္တာဖြင့် ဖွင့်လှစ်ခဲ့ပြီး မရမ်းချောင်းအဖွဲ့က အဖွင့်သီချင်းဖြင့် ဆက်လက်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဩဘာစာအား ဖတ်ကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ယခုကဲ့သို့ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ ပိန္နဲချောင်းကျေးရွာမှ ပုသိမ်ကက်သလစ် ခရစ်ယာန် ဂိုဏ်းအုပ် သာသနာတော်ကြီး ၏ ဆရာတော်ကြီးအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ဆရာတော်ကြီး “ဟန်နရီမန်းအိုင်ခလိန်”အား လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုပါကြောင်း၊ အမိမြန်မာနိုင်ငံတော်ကြီးသည် လူမျိုးပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှုပေါင်းစုံနှင့် ပြည့်စုံလှပနေသည် ဖြစ်ပါကြောင်း၊ ဆရာတော်ကြီး၏ ဘဝတစ်လျှောက်လုံးကိုလေ့လာသိရှိရသလောက်ဆိုလျှင် အင်မတန်ပင် သီးခံခြင်းပါရမီနှင့် ပြည့်ဝပြီးလူသားအားလုံးအပေါ် ဘာသာ လူမျိုး မခွဲခြားဘဲ မေတ္တာတရား ရှေ့ထားကာဘာသာ သာသနာရေးလုပ်ငန်းများနှင့် လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း လေ့လာသိရှိခဲ့ရပါကြောင်း၊ အထူးသဖြင့် ကျွန်တော်တို့၏ ဧရာဝတီတိုင်းဒေသကြီးတွင် (၂၀၀၈) ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ကျရောက်ခဲ့သည့်အချိန်တွင် ကရုဏာရေးအဖွဲ့ ခေါင်းဆောင်တစ်ဦး အနေနှင့် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အားကျိုးမာန်တက် ပါဝင်ခဲ့ကြောင်း သိရှိခဲ့ရသည့်အတွက် ဆရာတော်ကြီးကို အထူးကျေးဇူးတင်ပြီး ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ထပ်မံပြောကြားလိုပါကြောင်း၊ ယခုတဖန် ဘာသာ သာသနာအကျိုးနှင့် ဧရာဝတီတိုင်းဒေသကြီး တိုးတက်စေရန်အတွက် တတ်နိုင်သမျှ ကူညီပေးဖို့လည်း ပန်ကြားလိုပါကြောင်း၊ တိုင်းပြည်အတွင်း စုပေါင်းနေထိုင်ကြသည့် ပြည်သူ ပြည်သားများမှလည်း ကျရာကဏ္ဍကနေ နိုင်ငံ့သားကောင်း (Good Citizens) များအဖြစ် ပူးပေါင်းဆောင်ရွက်မှသာလျှင် ရေရှည်သာယာ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း၊ အမိတိုင်းပြည်ကို ချစ်မြတ်နိုးရန်၊ အချင်းချင်း လေးစားတန်ဖိုးထားရန်၊ တရားဥပဒေများကို လေးစားလိုက်နာရန်နှင့်ဘာသာတရားများ၏ အဆုံးအမများကို လိုက်နာကျင့်ဆောင်ရန်၊ ချစ်ခြင်းမေတ္တာနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှာ တစ်တပ်တစ်အား တတ်နိုင်သည့်ဘက်မှ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး ပြောကြားပေးဖို့ မေတ္တာရပ်ခံ လိုပါကြောင်း၊ ပုသိမ်ကက်သလစ် ခရစ်ယာန်သာသနာတော်ကြီး၏ လိုအပ်ချက် အခက်အခဲများ ရှိပါကလည်း ခင်မင်ရင်းနှီးပွင့်လင်းစွာ ပြောကြားပေးရန်နှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း တတ်နိုင်သ၍ ကူညီဆောင်ရွက်ပေးမှာဖြစ်ပါကြောင်း၊ သာသနာ အကျိုးနှင့် တိုင်းဒေသကြီးအကျိုးအတွက် ကူညီကာဆောင်ရွက်ပေးခဲ့သည့် ဆရာတော် သက်တော်ရာကျော်ရှည်ပါစေ၊ ခရစ်တော်ဘုရားရှင်ရဲ့ မေတ္တာတော် အစဉ်သွန်းလောင်းခံစား ရရှိပါစေ၊ လိုရာဆန္ဒများပြည့်စုံပါစေဟု” ဆုတောင်းဂုဏ်ပြုနှုတ်ဆက်စကားပြောကြားသည်။
ထို့နောက် ပိုးကရင်သီချင်းဖြင့် သီဆိုခဲ့ပြီး ဆရာတော်သစ်က နှုတ်ခွန်းဆက်စကာ ပြောကြားပြီး နောက် ဆရာတော်အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့တက်ရောက် လာသူများက လက်ဆောက်ပစ္စည်းများပေးအပ်ခဲ့သည်။ ဆက်လက်၍ စကောကရင်သီချင်း၊ ရဟန်းတော်များနှင့် သီလရှင်များ၏နှုတ်ဆက်သီချင်း၊ မာရီးယားတမန်တော်အသင်းသားများ၏ နှုတ်ဆက်သီချင်း၊ ရဟန်းတော်များအဖွဲ့သီချင်း၊ လူငယ်များသီချင်းများဖြင့် သီဆိုခဲ့ကြပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။
Read More...
25-Aug-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ပြီးမြောက်ကြောင်းလက်မှတ်ပေးအပ်ပွဲသို့တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပုသိမ်ပညာရေးဒီဂရီ ကောလိပ်၊ ပညာရတနာခန်းမ၌ ပြုလုပ်သည့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ အတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ပြီးမြောက်ကြောင်းလက်မှတ် ပေးအပ်ပွဲတို့ကို တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်ပညာရေး ဒီဂရီကောလိပ်၊ ပညာရတနာခန်းမ၌ ပြုလုပ်သည့် တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲသို့ တက်ရောက်၍ “တိုင်းရင်းသား ဘာသာစာပေသင် ဆရာ၊ ဆရာမများ အနေဖြင့် ဆွေးနွေးပွဲပြီးဆုံး၍ မိမိတို့တာဝန်ကျရာဒေသ အသီးသီးသို့ ပြန်လည်တာဝန် ထမ်းဆောင်ကြရမည် ဖြစ်ပါကြောင်း၊ ဆွေးပွဲကာလသည် ရက်တိုတောင်းသော်လည်း ဆရာ၊ ဆရာမများအတွက် အကျိုးရှိသည့် ဆွေးနွေးပွဲဖြစ်ပါကြောင်းနှင့် လိုအပ်သည့် သင်ကြား ဆွေးနွေးမှု များကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ပညာရေးနှင့်ပတ်သက်ပါက ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှုနှင့် အတန်းစဉ်ကူးပြောင်းမှု အများဆုံးဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ကျောင်းအလိုက် လိုအပ်သည်များကိုလည်း တင်ပြဆောင်ရွက်ရန် လည်း လိုပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်ပေါ်လာစေရေးအတွက် လူငယ်များ၏ အခန်းကဏ္ဍများကို မြှင့်တင်ပေးလျက်ရှိရာ ဆရာ၊ဆရာမများအနေဖြင့် ပူးပေါင်းဆောင်ရွက် ပေးကြ စေလိုကြောင်း၊ ဆွေးနွေးပွဲမှရရှိလာသည့် အတွေ့အကြုံများအား ပြန်လည်သင်ကြား ပေးခြင်း မျှဝေပေးခြင်းများဖြင့် သင်ကြားမှု၊ သင်ယူမှုများပိုမိုထိရောက်စေရေးဆောင်ရွက်ရန်၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေးနှင့် အတန်းစဉ်ကူးပြောင်းရေး၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားစေရေးအတွက် ဆရာ၊ ဆရာမများက ကြိုးပမ်း ဆောင်ရွက်ပေးကြရန်”အမှာစကားများပြောကြားပြီး ပုသိမ်၊ ကျုံပျော်၊ ဟင်္သာတ၊ မြန်အောင် ခရိုင်တို့မှ တိုင်းရင်းသား ဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆွေးနွေးပွဲပြီးမြောက် ကြောင်း လက်မှတ်များပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပိုးကရင် တိုင်းရင်းသား၊ (၄)နှစ်သင်ပညာရေးဒီဂရီကောလိပ်ကျောင်းသား၊ ကျောင်းသူများ၊ ရခိုင် တိုင်းရင်းသား၊ စကောကရင်တိုင်းရင်းသား၊ ကရင်တိုင်းရင်းသား၊ ချင်းတိုင်းရင်းသားတို့၏ ရိုးရားတေးသီချင်းများဖြင့်သီဆိုကပြမှုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသားသင်တန်းသူဆရာ၊ ဆရာမ များနှင့်အတူ ခင်မင်ရင်းနှီးစွာ နေ့လည်စာအတူတကွ သုံးဆောင်ခဲ့ကြသည်။
Read More...
25-Aug-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ တိုင်း၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများနှင့်ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ “တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်မြင့်မားရေးအတွက် စုစည်းမှုအားကောင်းကောင်းဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက် နိုင်ရေး၊ အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေး၊ ကျောင်းနေ အရွယ်ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရေး၊ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ လူငယ်စကားဝိုင်းများ၊ ဟောပြောပွဲများ ပြုလုပ်နိုင်ရေး၊ ပညာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျောင်းသား၊ ဆရာ၊ မိဘနှင့် အုပ်ချုပ်ရေးအဖွဲ့များ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရေး၊ ကျောင်းသား ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်လူရွယ်များဖြစ်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် အမှာစကား ပြောကြားပြီးနောက် တိုင်းဒေသကြီးပညာရေးမှူး နှင့် ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၏ တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ပြန်လည်ဆွေးနွေးခဲ့သည်။
Read More...
25-Aug-2023
ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် ပုသိမ်တက္ကသိုလ်တို့ပူးပေါင်းကျင်းပသော “လူငယ်စကားဝိုင်း”အခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်အားပေး
Read More...
လူငယ်များ စာဖတ်စွမ်းရည်တိုးတက်စေရေး၊ စာဖတ်ရှိန်မြင့်တင်ရေး၊ ဗလငါးတန်နှင့် ပြည်စုံသော လူငယ်လူရွယ်များ ဖြစ်လာစေရေး၊ လူအများနှင့်ဆွေးနွေးပြောဆိုမှုပြုတတ်စေရေး အစရှိသည့်ရည်ရွယ်ချက်များဖြင့် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ပုသိမ် တက္ကသိုလ်တို့ပူးပေါင်းကျင်းပသည့် “လူငယ်စကားဝိုင်း” အခမ်းအနားကိုယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက“ ပုသိမ်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မကြာခဏ တွေ့ဆုံခဲ့ပါကြောင်း၊ အခြေခံပညာ၊ အဆင့်မြင့်ပညာများတွင် လူငယ်စကားဝိုင်းများပြုလုပ် ပေးခြင်းအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေး ပွဲများ၊ စကားဝိုင်းများ ပြုလုပ်ပေးလျက်ရှိပါကြောင်း၊ လူငယ်များသည် မိမိတို့လေ့လာမှတ်သားထားသည်များ ပြန်လည် မျှဝေနိုင်ပြီး ကိုယ်ရည်ကိုယ်သွေးများ တိုးတက်လာကာ အခွင့်အလမ်းကောင်းများပိုမိုရရှိလာပြီး ပညာရဲရင့်ပွဲလယ်တင့်လာမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်၌ တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများသည် စာပေ၊ အားကစား အနုပညာ ဘာသာရပ်များများကို လေ့လာသင်ယူပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်လာစေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နောင်တစ်ချိန်တွင်နိုင်ငံ့တာဝန်များကို အရည်ချင်း ရှိရှိဖြင့်ထမ်းဆောင် မည့်သူများဖြစ်လာကြမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေ (၃၄)ရာခိုင်နှုန်း နီးပါးသည် အသက်(၁၅)မှ(၃၅)နှစ်အတွင်းရှိသည့် လူငယ်များဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံကို ဒီမိုကရေစီနှင့်ဖယ်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက် ရာတွင် ထူးချွန်သည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော အသိပညာရှင်၊ အတတ်ပညာရှင်များစွာ လိုအပ်မည်ဖြစ်ပါကြောင်း၊ အနာဂတ်နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ကြရမည့် မျိုးဆက်သစ် လူငယ်များအပါအဝင် တစ်နိုင်ငံလုံး၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးသည် အခြေခံကျသည့်လိုအပ်ချက်ဖြစ်ပါကြောင်းနှင့် ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင့်မီ မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးထား အားပေးဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ လူငယ်တို့ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှု ပြဿနာများကို ဖြေရှင်းကျော်လွှား၍ လူငယ်များ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ အနာဂတ်အလားအလာကောင်းများကို ရှေ့ဆောင်လမ်းပြပေးနိုင်ရန် လူငယ်ရေးရာ မူဝါဒကို ရေးဆွဲအကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့ပြုလုပ်သည့် လူငယ်စကားဝိုင်း များကို တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်းများတွင် ပြုလုပ်လျက်ရှိပါကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်ကြပါစေကြောင်း”အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာသန်းထွန်းက လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီးနောက် သမိုင်းဌာန၊ ပါမောက္ခ ဒေါက်တာ ကျော်မင်းမှ ဦးဆောင်ဆွေးနွေးသူအဖြစ်လည်းကောင်း၊ သတ္တဗေဒအထူးပြု စတုတ္ထနှစ် ကျောင်းသား မောင်အာကာမြတ်မင်းဇင်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဓာတုဗေဒအထူးပြု ဒုတိယနှစ်ကျောင်းသူ မသင်းသီရိမြတ်သွယ်က လူငယ်နှင့်ကျန်းမာကြံ့ခိုင်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဥပဒေပညာအထူးပြု ဒုတိယနှစ်ကျောင်းသား မောင်ဇင်လင်းထူးက လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာစာအထူးပြု ဒုတိယနှစ်ကျောင်းသား မောင်မိုးယံထက်က လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေး ခဲ့ကြရာ တက်ရောက်လာကြသူများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးမှုများအပေါ် အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စကားဝိုင်းဆွေးနွေးပွဲနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သော သမိုင်းဌာန၊ ပါမောက္ခ နှင့်ကျောင်းသား၊ ကျောင်းသူများအတွက် အမှတ်တရလက်ဆောင်များအားလည်းကောင်း၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ ပုသိမ်တက္ကသိုလ်သို့ အားကစားပစ္စည်းများ အားလည်းကောင်း လှူဒါန်းပေးအပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်တို့က လက်ခံရယူခဲ့သည်။
ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ပြုလုပ်သည့် လူငယ်စကားဝိုင်းသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပုသိမ်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
Read More...
24-Aug-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် အနောက်တောင်တိုင်းစစ်ဌာချုပ်တွင်ပြုလုပ်သည့် ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင် ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံလွှဲပြောင်းအပ်နှံခြင်းနှင့် နယ်မြေရှင်းလင်းစဉ် လက်နက်ခဲယမ်းများ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားသို့တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ ပြုလုပ်သည့် ဥပေဒေဘောင်အတွင်းပြန်လည်ဝင် ရောက်ခဲ့သည့်ပြစ်မှုကျူးလွန်ခြင်းမရှိသော PDFသင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်း အပ်နှံခြင်းနှင့် နယ်မြေရှင်းလင်းစဉ် လက်နက်ခဲယမ်းများဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အလင်းဝင်ရောက်လာသူ များနှင့် မိဘအုပ်ထိန်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ “ တပ်မတော်က နိုင်ငံတော် တာဝန်ကို လွှဲပြောင်းရယူခဲ့သည့် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း NLD ပါတီဝင်များ၊ ၎င်းပါတီကို ထောက်ခံသူအစွန်းရောက်များ၊ မတရား အသင်းနှင့် အကြမ်းဖက်များဖြစ်သည့် CRPH နှင့်NUG၊ CDM လှုံ့ဆော်မှုနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးကိုမလိုလားသည့်ပြည်တွင်း၊ ပြည်ပမှ လူပုဂ္ဂိုလ်အဖွဲ့အစည်း များ၏ သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှု၊ ဖြားယောင်းသွေးဆောင်မှုတို့ကြောင့်အချို့သော ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများသည် ဆူပူဆန္ဒပြမှုများ၊ အကြမ်းဖက်လုပ်ငန်းများမှာ ပါဝင်လာခဲ့သည့်အတွက် ဖမ်းဆီးခံရမည်ကို စိုးရိမ်ထိတ်လန့် စိတ်များဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းရှိရာ နေရာဒေသများနှင့် ပြည်ပနိုင်ငံများ ကို တိမ်းရှောင်သွားခဲ့ကြပါကြောင်း၊ မတရားအသင်းများ၊ အကြမ်းဖက်အုပ်စုအဖွဲ့အစည်းများ ဖြစ်သည့် CRPH၊ NUG၊ ၎င်းတို့နှင့်ဆက်စပ်နေသည့် လူပုဂ္ဂိုလ်အချို့၏ အာဏာရှင်ဆန်သည့် ထုတ်ပြန်ချက်များ ပြောကြားချက်များအပေါ်မှာလည်း ထပ်မံစိုးရိမ်လျက်ရှိပြီး ရောက်ရှိနေသည့် နေရာဒေသများမှာလည်း လုံခြုံရေးအာမခံချက်မရှိ၊ လူမှုစီးပွားရေးအဆင်မပြေမှု အခက်အခဲ များစွာရင်ဆိုင်နေရပြီး မိမိနေထိုင်ရာနေရပ်ဒေသ အသီးသီးကိုပြန်လာလိုသည့်ဆန္ဒများ ဖြစ်ပေါ် လျက်ရှိကြောင်းသိရှိရပါကြောင်း၊ နေရပ်ဒေသအသီးသီးမှ စွန့်ခွာတိမ်းရှောင်နေရသူများသည် လည်း မိမိတို့နိုင်ငံသားများဖြစ်သောကြောင့် ၎င်းတို့ဒေသအသီးသီးသို့ ပြန်လည်ဝင်ရောက်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လက်ရှိအချိန် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDFအပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် သတ်မှတ်ထား သော စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လိုပါက နွေးထွေးစွာကြိုဆိုလက်ခံလျက်ရှိပါကြောင်း၊ မိဘအုပ်ထိန်းသူများ၊ မိသားစုများထံ ပြန်လည် လွှဲပြောင်းပေးအပ်ပြီး နိုင်ငံအပေါ်အကျိုးပြုသူများဖြစ်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပါ ကြောင်း”အမှာစကားပြောကြားသည်။
ထို့နောက် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးက အမှာစကားများဆက်လက်ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများနှင့် နယ်မြေရှင်းလင်းစဉ် လက်နက်ခဲယမ်းများဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ပြစ်မှုကျူးလွန်ခြင်းမရှိသော PDFသင်တန်းဆင်း အလင်းဝင်ရောက်လာသူများ၏ မိသားစုဝင်များ ကိုယ်စား ဖခင်တစ်ဦးကကျေးဇူးတင်ဝမ်းမြောက်စကားများ ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် လက်နက်ခဲယမ်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အလင်းဝင်ရောက် လာသူများ၊ မိဘအုပ်ထိန်းသူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လက်ဖက်ရည်ဖြင့်တည်ခင်းဧည့်ခံ ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၆) ရပ်ကွက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုသိမ်မြို့နယ်ဦးစီးမှူးရုံးမှ မြေပြင်လူဦးရေ စာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ e - ID ဆာဗာ အတွင်းရေးသွင်းဖြည့်သွင်းခြင်းနှင့် ပန်းခင်းစီမံချက်(၂)၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားဆောင်ရွက် ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြေပြင်လူဦးရေစာရင်းများပြည့်စုံမှန်ကန်စေရေး ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူများအားလုံးပူးပေါင်း ဆောင်ရွက်ပေးကြရန်၊ စာရင်းဇယားများ မှားယွင်းမှုမရှိစေရေး အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလ အတွင်း စာရင်းများပြည့်စုံမှန်ကန်စေရေး အင်တိုက်အားတိုက်ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ ကြောင်းသိရသည်။
Read More...
21-Aug-2023