သတင်းများ


မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား စည်ကားသိုက်မြိုက်စွာကျင်းပ
မြန်မာနိုင်ငံ၏ ထင်ရှားသောဘုရားပွဲတော်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး တပေါင်းလဆန်း ( ၁ )ရက်နေ့မှ လပြည့်နေ့အထိ(မတ်လ ၁၀ရက်နေ့မှ မတ်လ၂၄ ရက်နေ့အထိ) ၁၅ ရက်ကြာ ကျင်းပသွားမည့် ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုရှိ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနား၊ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်း၊ ဘက်စုံပြုပြင်မွမ်းမံခြင်းနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး၏ တောင်ခြေရှိ မင်္ဂလာမုခ်ဦးတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ နယ်မြေခံရေတပ်စခန်း ခေတ္တဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်ဘုရားဖူးများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲမင်္ဂလာအခမ်းအနားအစီအစဉ် ပထမပိုင်းအရ မင်္ဂလာဘိသေကပညာရှင်က ဗုဒ္ဓါဘိသေကမင်္ဂလာ ဩဘာစာတမ်းအား ဖတ်ကြားပြီးနောက် မင်္ဂလာအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မင်္ဂလာမုခ်ဦးအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြပြီးနောက် ဒေဝါဝင်း၊ ရာဇာဝင်းအဖွဲ့များလိုက်ပါလျက် စေတီတော်မြတ်ကြီးအား လက်ျာရစ် လှည့်လည်ပူဇော်ခဲ့ပြီး သစ်သီးဆွမ်း၊ ဆီးမီး၊ ရေချမ်း၊ ပန်းများကပ်လှူပူဇော်ခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး ရင်ပြင်တော်တိုးချဲ့ခြင်းတည်ဆောက်ခြင်းနှင့်ဘက်စုံပြုပြင်မွမ်းမံခြင်း မင်္ဂလာကမ္ဗည်းမော်ကွန်းကျောက်စာတော်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်ထေရ်မြတ်ကြီးအမှူးပြုသော ဆရာတော်အရှင်သူမြတ်များက မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်တွင် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာဆင်ယင်ကျင်းပတော်မူခဲ့ကြသည်။ ဆက်လက်၍ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနား၊ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်း၊ ဘက်စုံပြုပြင်မွမ်းမံခြင်းနှင့် ရေစက်ချမင်္လာအခမ်းအနား ဒုတိယပိုင်းကို စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ မဟာမင်္ဂလာမဏ္ဍပ်တွင် ပြုလုပ်ခဲ့ရာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ မင်္ဂလာအခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်ထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီးနောက် သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များအား ဆက်လက်နာယူကြည်ညိုကြကာ တာဝန်ရှိသူအသီးသီးကဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဆရာတော်ကြီးများအား သာသနာရေးဆိုင်ရာများအား လျှောက်ထားပြီးနောက် မင်္ဂလာဘိသေကပညာရှင်က မင်္ဂလာဩဘာစာတမ်းအားဖတ်ကြားခဲ့သည်။ ထို့နောက် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်း၊ ဘက်စုံပြုပြင်မွမ်းမံခြင်းတို့တွင် မတည်လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား စီးပွား‌ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး၏ အနီးကပ်ကြီးကြပ် ဩဝါဒါစရိယ၊ ငပုတောမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မြတ်မော်တင်ကျောင်းတိုက် ပဓာနနာယက ဆရာတော် (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသုဇာတမဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကာ ဝန်ကြီးချုပ်နှင့် ဇနီးတို့က ရတနာရွှေမိုးငွေမိုးရွာသွန်းဖြိုးခဲ့ပြီးနောက် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းများဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြတ်မော်တင်တောင်ခြေသို့သွားရောက်ခဲ့ပြီး ရှင်ဥပဂုတ္တမထေရ်မြတ်အားပင့်ဆောင်၍ ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူခဲ့ကြပြီး ရှင်ဥပဂုတ္တဖောင်တော်အား ရေမျှောပူဇော်ခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြတ်မော်တင်တောင်တော်အနီးရှိ နတ်တောင်စေတီတော်အားဖူးမြှော်ကြည်ညို၍ နတ်တောင်ကျောင်းတိုက်ဆရာတော်အား သာသနာရေးဆိုင်ရာများလျှောက်ထားတင်ပြခဲ့ပြီး လှူဖွယ်ဝတ္ထုများဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့ခြင်းနှင့်ဘက်စုံပြုပြင်မွမ်းမံခြင်း ပန္နတင်မင်္ဂလာအခမ်းအနားအား ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး အောက်ရင်ပြင်တော်(၃၆ဝ ပေ × ၃၆ဝ ပေ)အကျယ် တည်ဆောက်ခြင်းနှင့် စကျင်ကျောက်ပြားခင်းခြင်း၊ အပေါ်ရင်ပြင်တော်အား ပြုပြင်တည်ဆောက်ခြင်း၊ မဟာရံတံတိုင်းနှင့် စိန်တောင်များကာရံခြင်းအပေါ်ရင်ပြင်တော်သို့ အတက်/အဆင်း လှေကား(၄)စင်းတည်ဆောက်ခြင်း တံခွန်တိုင်ပြုပြင်ခြင်း၊ နဂါးလမ်းနှင့်ဆင်ဖြူတော်လမ်းလှေကားပြုပြင်ခြင်း၊ ရင်ပြင်အောက်ထပ်နားနေဆောင်များ တည်ဆောက်၍ ကြွေပြားခင်းခြင်းနှင့် ပွတ်လုံး လက်ရမ်းများ ပြုလုပ်ခြင်း၊ အနေကဇာဆောင်အားအာရုံခံ တန်ဆောင်း အဖြစ်ပြုပြင်ခြင်း၊ ဗောဓိညောင်ပင်နှင့် နေ့နံဂြိုလ်ထောင့်များပြုလုပ်ခြင်း၊ ရှင်ဥပဂုတ္တကျောင်းဆောင်တည်ဆောက်ခြင်းနှင့် သာသနိက အဆောက်အအုံများ ပြုပြင်ခြင်း၊ မြောက်ဘက်မုခ်ဦးလှေကားတည်ဆောက် ခြင်းနှင့် ရေကန်အားပြုပြင်ခြင်း၊လျှပ်စစ်မီးနှင့် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ယာဉ်ရပ်နားရန်နေရာများနှင့် စေတီတော်ကြီးအဝင်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများအား ၂၀၂၄ခုနှစ်၊ မတ်လ (၁၀)ရက်နေ့တွင်ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်းသိရှိရပြီး ဘုရားပွဲမစတင်မီကာလများတွင်ပင် ဘုရားဖူးလာရဟန်းသံဃာများ၊ ဝတ်ရွတ်အဖွဲ့များ၊ ရပ်နီး၊ရပ်ဝေးမှ ဘုရာဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်းသိရသည်။


Read More...
10-Mar-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဟိုင်းကြီးကျွန်းမြို့၊ ခမောက်မော်ကျေးရွာဆိပ်ခံတံတားသစ်အား တက်ရောက်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ခမောက်မော်ကျေးရွာရှိ အိမ်ခြေ (၄၃၆) အိမ်ခြေမှ လူဦးရေ(၁၅၈‌၈)ဦးအား အကျိုးပြုမည့် ဆိပ်ခံတားသစ်ဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူမှုရေးရာဝန်ကြီး၊ ပုသိမ်ခရိုင်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ခမောက်မော်ကျေးရွာ ဆိပ်ခံရေဆင်းတံတားသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ ဆိပ်ခံရေဆင်းတံတားသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တံတားသစ်အားစနစ်တကျအသုံးပြုရန်နှင့် ရေရှည်တည်တံ့စေရေး ထိန်းသိမ်းဆောင်ရွက်ရန်မှာကြားခဲ့ပြီး အကအဖွဲ့များအားချီးမြှင့် ငွေများပေးအပ်ခဲ့သည်။ အဆိုပါတံတားသည် (၃၀ပေ× ၂၀ ပေ)နှင့် ချဉ်းကပ် (၈၀ပေ×၈ပေ) ဆောင်ရွက်ထားရှိပြီး ခရီးသည်တင်ရေယာဉ်များနှင့် ကမ်းနီးကမ်းဝေးငါးဖမ်းရေယာဉ် ကြီး/ငယ်များ လွယ်ကူစွာဝင်ထွက်ဆိုက်ကပ်နိုင်မှာဖြစ်ကြောင်းသိရသည်။


Read More...
09-Mar-2024
မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီ ရင်ပြင်တော်တိုးချဲ့ခြင်းအတွက် (ဒွါဒသမအကြိမ်) အလှူငွေပေးအပ်ပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာ အုပ်စုတွင် တည်ထားကိုးကွယ်တော်မူပြီး ဧရာဝတီတိုင်းဒေသကြီး၏ ထင်ရှားသောဘုရားစေတီများတွင် တစ်ဆူအပါအဝင်ဖြစ်သည့် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းအတွက် (ဒွါဒသမအကြိမ်) အလှူငွေပေးအပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့ ၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များတက်ရောက်ခဲ့ကြသည်။ အလှူငွေပေးအပ်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့ပြုလုပ်သည့် အခမ်းအနားသည် ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီ ရင်ပြင်တော်တိုးချဲ့ခြင်းအတွက် ဒွါဒသမအကြိမ်မြောက် အလှူငွေပေးအပ်ပွဲဖြစ်ပါကြောင်း၊ မြတ်မော်တင်စွန်းစေတီတော် မြတ်ကြီးအား နိုင်ငံတဝှမ်းမှ ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့စွာဖူးမြှော်နိုင်ရေးအတွက် ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရင်ပြင်တော်တိုးချဲ့ခြင်း၊ မဟာရံ တံတိုင်းများဆောက်လုပ်ခြင်းတို့အား ဘုရားပွဲအမီ ဆောင်ရွက်ပြီးစီးစေရေးရည်မှန်း ဆောင်ရွက် ခဲ့ပြီး လာမည့်ဘုရားပွဲတော်ဖွင့်ပွဲနှင့်အတူ ရင်ပြင်တော်တိုးချဲ့ခြင်း ရေစက်ချမင်္ဂလာ အခမ်းအနားအား တပါတည်းကျင်းပပြုလုပ်သွားမှာဖြစ်ပါကြောင်း၊ စေတီတော်မြတ်ကြီး၏ အဝင်လမ်းကွန်ကရစ်ခင်းခြင်း၊ မီးလင်းရေးနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက်လည်း ဆောင်ရွက်ထားရှိပါကြောင်းနှင့် အာရုံခံတန်ဆောင်းများကိုလည်း ဆက်လက်တည်ဆောက် သွားမည်ဖြစ်ပါကြောင်း၊ ရင်ပြင်တော်တိုးချဲ့ တည်ဆောက်ရာတွင် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များကုသိုလ်ယူ ပါဝင်လှူဒါန်းနိုင်ရေးနှင့် အလှူရှင်များ၏ လှူဒါန်းမှုအစုစုတို့ အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်း” ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အလှူရှင်များ ကြည်ညိုသဒ္ဒါပွားများနိုင်ရန် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စွန်းစေတီ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ တည်ဆောက်ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်မည့် အခြေအနေမှတ်တမ်းဗီဒီယိုအား ရှင်းလင်းပြသခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး မိသားစုကလှူဒါန်းသည့် အလှူငွေများ ကိုပေးအပ်ရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့များနှင့် အလှူရှင်များ၊ ကုမ္ပဏီအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။


Read More...
08-Mar-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားတက်ရောက်
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကို ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့ ၂၀၂၄ ခုနှစ်၊ မတ်လ(၈)ရက် နေ့သည် ကမ္ဘာ့နိုင်ငံအသီးသီး၌နေထိုင်ကြသည့် အမျိုးသမီးများအားလုံးအတွက် ထူးခြား လေးနက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့နေ့ထူးနေ့မြတ် ဖြစ်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် မြန်မာအမျိုးသမီးများအားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း၊ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်မျှရှိသည့် အမျိုးသမီး များသည် ကမ္ဘာ့နိုင်ငံများ၏ အဓိကကျသည့် အင်အားစုကြီးဖြစ်ပြီး အမျိုးသမီးများ၏ အခွင့်အရေးများနှင့် စွမ်းဆောင်နိုင်မှုများကို ပိုမိုမာရုံစိုက်လာစေရန်နှင့် အလေးထားအကောင် အထည်ဖော် ဆောက်ရွက်နိုင်စေရန်ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာနှင့်အဝှမ်းကျင်းပကြပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးကလည်း နှစ်စဉ် ဆောင်ပုဒ်များကို ချမှတ်ပေးလျက်ရှိပါကြောင်းနှင့် ယခု ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဆောင်ပုဒ်မှာ “ အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီး များတွင်မြှုပ်နှံပေး ” “Invest in Women : Accelerate Progress ” ဖြစ်ပါကြောင်း၊ ဆောင်ပုဒ်၏ ဆိုလိုချက်အရ နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများ၌ အင်အားအပြည့် ပါဝင်နိုင်ရေးအတွက် အမျိုးသမီးများသည် စွမ်းဆောင်ရည်မြင့်မားရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် ဒေသဆိုင်ရာကော်မတီ အဆင့်ဆင့်ဖွဲ့စည်းပြီး အမျိုးသမီးများ အထူးသဖြင့် အမျိုးသမီးငယ်ရွယ်များ၏ လူမှုစီးပွားဘဝအခြေအနေ မြင့်မား ရေးတွင် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကဏ္ဍစုံ၌ အမျိုးသမီးများနှင့် အမျိုးသားများ တန်းတူပါဝင်ခွင့် ရရှိရေးအတွက် အမျိုးသမီးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင် ကဏ္ဍပေါင်းစုံပါဝင်သည့် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ ပါကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော် ကို ကိုယ်စားပြုသည့်အမျိုးသမီးများသည် ဒီမိုကရေစီနှင့်ဖယ်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတွင် အရေးပါသည့် အင်အားစုတစ်ရပ်ဖြစ်ပြီး နိုင်ငံအတွက် အလွန်အဖိုးတန်သည့် လူသားအရင်းအမြစ်များဖြစ်သည့်အတွက် အမျိုးသမီးများဘဝ မြင့်မား လာစေရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း” အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၊ အထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့သည့်သဝဏ်လွှာအား Video Clipနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပေးပို့သည့်၂၀၂၄ခုနှစ်၊ အပြည်ပြည် ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေး Video Clip ပြသမှုတို့ကို ကြည့်ရှု အားပေးခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ခန်းမအတွင်း ခင်းကျင်းပြသထားရှိသည့် အမျိုးသမီးများ၏ လက်မှုထုတ်ကုန်ပစ္စည်းများနှင့် ဒေသထွက်ကုန်ပစ္စည်းများအား လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိသုခခန်းမနှင့် တကုန်းကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ ပါရမီခန်းမတို့တွင်ပြုလုပ်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက်(ဒုတိယအသုတ်) ငွေကြေးထောက်ပံ့ခြင်း အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် ကလေးငယ်များအနေဖြင့် အာဟာရပြည့်ဝစွာရရှိနိုင်စေရေး နိုင်ငံတော်မှ ရန်ပုံငွေများ ခွဲဝေချထားပေးကာ ထောက်ပံ့ပေးခြင်းဖြစ်ပြီး မိမိတို့ကိုယ်တိုင်လာရောက် ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ ရရှိသည့်ထောက်ပံ့ငွေများကို မိခင်ရောကလေးပါ အာဟာရပြည့်ဝစွာ စားသုံး ရာတွင် အကျိုးရှိစွာသုံးစွဲကြစေလိုကြောင်း”အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ဇနီးများက ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေများနှင့် ကြက်ဥများအား လက်ရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။


Read More...
08-Mar-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့နယ်၊ မကျီးဇင်ကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12 စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုသိမ်မြို့နယ်၊ မကျီးဇင်ကျေးရွာရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆွေးနွေးခဲ့ကြကာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12 စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မကျီးဇင်ကျေးရွာ တိုက်နယ်ဆေးရုံသို့ရောက်ရှိ၍ ဆေးရုံတက်ရောက်ကုသနေသည့် လူနာများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေး စကားများပြောကြားခဲ့ပြီး ဆေးဝါးများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် မကျီးဇင်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းသို့ သွားရောက်၍ Grade-12 စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ များနှင့်တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မကျီးဇင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ စေတနာဆောင်၌ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်အတွက် ကွင်းဆင်းလာရောက် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေး၊ ဖွံဖြိုးတိုးတက်ရေးအတွက် တပ်မတော်၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ များနှင့် ပြည်သူများက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လာရောက်ဆောက်ရွက်ရင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးခြင်းဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား ပွင့်ပွင့်လင်းလင်း ဆွေးနွေးအကြံပြုပေးကြစေလိုကြောင်း” ဆွေးနွေးပြောကြားခဲ့ပြီး တိုင်းမှူးက နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူအားလုံးပူးပေါင်းပါဝင်နိုင်ရေး ကိစ္စရပ်များကို ဆက်လက်ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ပညာရေး၊ ကျန်းမာရေးဌာနများမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ၏ အထွေထွေဆွေးနွေး တင်ပြချက်ချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးက ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကာ ပညာ့အလင်းကျောင်းစာကြည့်တိုက်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘောမိကျေးရွာသို့ရောက်ရှိ၍ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၄)၊ တံတားအထူးအဖွဲ့(၁၅)မှ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်သည့် တံတားအရှည် (၁၃၅၀)ပေ၊ တံတားအမျိုးအစား အုတ်မြစ် - Bored Pile ၊ အောက်ထည် - R.C Concrete၊ အပေါ်ထည် - PC Girder & R.C Slab ၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ ရေလမ်းကင်းလွတ်အကျယ် ၇၅ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၂၀ ပေ ရှိ ငရုတ်ကောင်း-ငွေဆောင်-ချောင်းသာ-ရွှေသောင်ယံ-မကျီးဇင်-ကျောက်ချွန်-ဂွလမ်း ပေါ်တွင် ဘောမိချောင်းတံတားတည်ဆောက်ခြင်း စီမံကိန်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။ ဆက်လက်၍ စီမံကိန်းရှင်းလင်းဆောင်တွင် တံတားအထူးအဖွဲ့(၁၅)မှ တာဝန်ရှိသူ တစ်ဦးက စီမံကိန်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေရရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စီမံကိန်းလုပ်ငန်းများ အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီစီးစေရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကျီးဇင်ကျေးရွာသို့ရောက်ရှိ၍ မကျီးဇင်ကျေးရွာ၊ သာသနာသုခကာရီကျောင်းတိုက် ဆရာတော်နှင့် ပေါက်တူးကွင်းကျေးရွာ ပညာတံခွန်ကျောင်းတိုက်ဆရာတော်တို့အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားခဲ့ပြီး လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။


Read More...
07-Mar-2024