သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် နည်းပညာတက္ကသိုလ် (ပုသိမ်)၌ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီနှင့် နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသော“လူငယ်စကားဝိုင်း”သို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ် (ပုသိမ်)၌ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသော“လူငယ်စကားဝိုင်း”သို့တက်ရောက်၍ “ယနေ့လူငယ်၊ နောင်ဝယ် လူကြီး ဟူသည့် စကားအတိုင်း နောင်ခေတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့် လူငယ်များကို ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်ရန်အတွက် လူငယ်ကဏ္ဍကိုမြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးညီလာခံမှ ပေါ်ထွက်လာသည့် ရလဒ်များအရ တိုင်းဒေသကြီးအတွက်အကျိုးပြုနိုင်မည့် ဒေသသုတေသန စာတမ်းအလုပ်ရုံဆွေးနွေးပွဲကို ပုသိမ်တက္ကသိုလ်၌ တိုင်းဒေသကြီးအတွင်းရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများနှင့် စုပေါင်း၍ တိုင်းဒေသကြီး၏ စီးပွားရေး အဓိကမောင်းနှင်အားဖြစ်သည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းလိုအပ်ချက်များအပေါ် တက္ကသိုလ်များ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များမှ ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ ဆွေးနွေးပြုလုပ်ခဲ့ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်ကြိုးစားဆောင်ရွက်ကြသည့် လူငယ်များဖြစ်ကြပါစေကြောင်းနှင့် ယနေ့ ပြုလုပ်သည့် လူငယ်စကားဝိုင်းမှသည် နောင်အနာဂတ်အတွက် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်း ထမ်းဆောင်မည့် လူငယ်လူရွယ်များပေါ်ထွက်ပါစေကြောင်း”အမှာစကားများ ပြောကြားသည်။ ဆက်လက်၍ နည်းပညာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယပါမောက္ခချုပ်က စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စကားဝိုင်းဆွေးနွေးပွဲ ကိုပြုလုပ်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် နည်းပညာတက္ကသိုလ်(ပုသိမ်) ဒေါ်မြသက်နွယ်၊ တွဲဖက် ပါမောက္ခ(မြန်မာစာဌာန)က ဦးဆောင်ဆွေးနွေးခဲ့ပြီး တတိယနှစ်(Civil)ကျောင်းသား မောင်ဇင်လင်းကိုကိုက “လူငယ်နှင့်အားကစား”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယနှစ်(EP) ကျောင်းသား မောင်လွင်ဖုန်းမြတ်က “လူငယ်နှင့်နည်းပညာ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပထမနှစ် (Mechanical)ကျောင်းသား မောင်သန့်ဇော်လင်းက “လူငယ်နှင့်ယဉ်ကျေးမှု”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စတုတ္ထနှစ်(Mechanical)ကျောင်းသူ မဝါဝါမင်းသူက “လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက် လာကြသူများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးမှုများအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စကားဝိုင်းဆွေးနွေးပွဲနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးခဲ့ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သော မြန်မာစာဌာန၊ တွဲဖက်ပါမောက္ခ နှင့်ကျောင်းသား၊ ကျောင်းသူများအတွက် အမှတ်တရလက်ဆောင်များနှင့် နည်းပညာတက္ကသိုလ် (ပုသိမ်)သို့ အားကစားပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် နည်းပညာတက္ကသိုလ် (ပုသိမ်) ဒုတိယပါမောက္ခချုပ်တို့က လက်ခံရယူခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပဉ္စမနှစ်(Mechanical) ကျောင်းသားများမှ လက်တွန်းကောက်စိုက်စက် စမ်းသပ်တည်ဆောက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး အောင်မြင်အောင် ဆောင်ရွက်စေရေး မှာကြားခဲ့ကြောင်းသိရသည်။


Read More...
13-Sep-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့၌ပြုလုပ်သည့် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့သူနာပြုသင်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက သူနာပြု-သားဖွားဒီပလိုမာပထမနှစ် (အငယ်တန်း) သူနာပြုသင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို  ပြုလုပ်ခဲ့ပြီး ပထမနှစ် (အငယ်တန်း) သင်တန်းသား၊ သူတန်းသူ(၄၆)ဦးအား ဂျူတီကုတ်နှင့်ဦးဆောင်းများ အပ်နှင်းခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ အခမ်းအနားကို သင်တန်းသားများက သူနာပြုသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“မိမိတို့တိုင်းဒေသကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု များပေးနိုင်ရန် သူနာပြုနှင့်သားဖွား ဒီပလိုမာသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိ ပါကြောင်း၊ ယခုကဲ့သို့ ဂျူတီကုတ်နှင့်ဦးဆောင်း အပ်နှင်းပွဲအခမ်းအနားများ ပြုလုပ်သည့် အခါတိုင်း လာရောက်ချီးမြှင့်အားပေး၍ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး တွေ့ဆုံအားပေးခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း သင်တန်းသားသင်တန်းသူများ နေထိုင် စားသောက်ရေး အဆင်ပြေစေရေး လိုအပ်သည်များထောက်ပံ့ပေးနိုင်ရေး ခရိုင်၊ မြို့နယ် များရှိ အုပ်ချုပ်ရေးအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ဆောင်ရွက်ပေးထားပါကြောင်း၊ လက်ရှိ သင်ကြားနည်း စနစ်သစ်ဖြစ်တဲ့ Adult Learning၊ Self Learning ၊ Active Learning စနစ်ဖြင့်သင်ကြားပေးလျက်ရှိရာ Active Participation ဖြစ်ရန် သင်ကြားပို့ချမှုများကို စနစ်တကျလေ့လာသင်ယူကြရန်မှာကြားလိုပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာသက်ရှည် ကြံ့ခိုင်ရေးအတွက် ပြည်သူ အားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်လျက် ရှိပါကြောင်း၊  သူနာပြုများလိုက်နာရမည့် ကျင့်ဝတ်များနှင့် သူနာပြုသစ္စာအဓိဋ္ဌာန်များကို မမေ့လျော့ပဲ လူနာများနှင့်အများပြည်သူများကို အကျိုးပြုနိုင်သည့် သူနာပြုများ ဖြစ်ပါ စေကြောင်း ” တိုက်တွန်းအမှာစကားများ ပြောကြားသည်။ ဆက်လက်၍  မြောင်းမြမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းအုပ်ကြီး၊ မြောင်းမြမြို့ ပြည်သူ့ဆေးရုံမှ သူနာပြုအုပ်တို့က သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းခဲ့ပြီးနောက် သင်တန်းသား၊ သင်တန်းသူများက သူနာပြုသစ္စာ အဓိဋ္ဌာန်များ ရွတ်ဆိုခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး သူနာပြုသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။


Read More...
13-Sep-2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းအတွင်းရှိ မြစ်ကမ်းထိန်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၁၁ရက်နေ့ ညနေပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများလိုက်ပါလျက် တိုင်းဒေသကြီးအတွင်းရှိ မြစ်ကမ်းထိန်းလုပ်ငန်းများအားလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ ရှေးဟောင်းသမိုင်းဝင် စတုမုခထူပါရုံစေတီတော်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းခွင်သို့ သွားရောက်ခဲ့ကာ စေတီတော်ကြီးဝင်းအတွင်းင ဝန်မြစ်ရေဝင်ရောက်မှုအခြေအနေများ၊ စေတီတော််ကြီးသို့ဦးတည်စီးဆင်းနေသည့်ငဝန်ရေလမ်းကြောင်းအခြေအနေများ၊ ကမ်းပြိုကာကွယ်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်လျက်ရန်လျာထားသည့်လုပ်ငန်းများအားတိုင်းဒေသကြီးဦးစီးမှူးကရှင်းလင်းတင်ပြရာ ရှေးဟောင်းသမိုင်းဝင်စေတီတော်များ၊သာသနိကအဆောက်အဦများပျက်စီးဆုံးရှုံးမှုမရှိစေရေး ထိမ်းသိမ်းဆောင်ရွက်ရန်၊ ငဝန်မြစ်ရေတိုက်စားမှုမှကာကွယ်ရန်ဆောင်ရွက်နေသည့်လုပ် ငန်းများအားသတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရန်နှင့်အချိန်မီပြီးစီးအောင်ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။ လေးမျက်နှာမြို့နယ်၏စိုးရိမ်ရေအမှတ်မှာ ပင်လယ်ရေမျက်နှာပြင်အထက် ၃၄.၀ ပေဖြစ်ပြီး ၁၁-၉-၂၀၂၃ ရက်နေ့ ရေအမှတ်မှာ ၃၄.၀၅ ပေသို့ရောက်ရှိလျက်ရှိကြောင်းသိရသည်။   ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငါးသိုင်းချောင်းမြို့၊ ငဝန်တာမိုင်(၄၅/၆) ရေကင်းစခန်းအမှတ်(၂)၌ ပြုလုပ်သည့် တာတမံများ၏ အရေးပေါ်အခြေအနေ ဖြစ်သော တာထိပ်ပေါ်ကျော်ခြင်း ၊ ရေပေါက်(ထူးပေါက်) ၊ တာအိ ၊ သဲဗွက်ထ တာကျွံခြင်းများ ဖြစ်ပေါ်လာပါက ကာကွယ်ရန်နည်းလမ်းများဖြစ်သော မြေသား သို့မဟုတ် သဲအိတ်ကန်သင်း ဆင့်ခြင်း ၊ မြေကတုတ် (ရေခွေ)တို့ဖြင့် အရေးပေါ်ကာကွယ် စောင့်ရှောက်ရမည့် နည်းလမ်းများဖြင့် မိုးရာသီရေဘေးအန္တရာယ်ကာကွယ်ရေးသရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင်ခြင်းကိုကြည့်ရှုအားပေးခဲ့ပြီး တာများကြံ့ခိုင်မှုရှိစေရန် နေ့၊ညမပြတ် စောင့်ကြည့်ရန်၊ အရေးပေါ်အခြေအနေအဆင့်သတ်မှတ်များအား ပြည်သူများသိရှိလိုက်ပါဆောင်ရွက်ရန်၊ ကူညီကယ်ဆယ်ရေးအဖွဲ့များအသင့်စုဖွဲ့ထားရှိရန်နှင့် ရေဘေးကာကွယ် ရေးသုံးပစ္စည်းများစုေဆာင်းထားရှိဆောင်ရွက်ရန် မှာကြားခဲ့သည်။ ငါးသိုင်းချောင်းမြို့၏ စိုးရိမ်ရေမှတ်မှာ ပင်လယ်ရေမျက်နှာပြင်အထက်၂၈ပေရှိပြီး ၁၁-၉-၂၀၂၃ ရက်နေ့ ရေအမှတ်မှာ ၂၈.၈၅ ပေသို့ရောက်ရှိလျက်ရှိကြောင်းသိရသည်။


Read More...
12-Sep-2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းအတွင်းရှိ မြစ်ကမ်းထိန်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ မြစ်ကမ်းထိန်းလုပ်ငန်းများအားလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညောင်တုန်းမြို့၊အမှတ်(၂)ရပ်ကွက်၊ (၂၃)လမ်းရှိ ကမ်းနားသို့ သွားရောက်၍ ပန်းလှိုင်မြစ်ရေ စိုးရိမ်ရေမှတ်ရောက်ရှိမှု ကြည့်ရှုစစ်ဆေးခဲ့ပြီး အန္တရာယ်ရေမှတ် ရောက်ရှိနိုင်မှုအခြေအနေများမေးမြန်းခဲ့ပြီး  မြစ်ရေ တက်ရောက်မှုအားနေ့ညမပြတ်စောင့်ကြည့်သတင်းပို့ရန်၊ စိုးရိမ်ရေမှတ်၊ အန္တရာယ်ရေမှတ်များသ်ို့ရောက်ရှိလာပါက အချိန်နှင့်တစ်ပြေးညီသတင်းပေို့တင်ပြရန်နှင့် ပြည်သူများထိခိုက်မရှိစေရေးအတွက် ဘေးလွတ်ရာနေရာများသို့ကြိုတင်ပြောင်းရွှေ့ပေးနိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိရန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့၊အမှတ်(၃)ရပ်ကွက်တွင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန၊ဒေသ(၂)မှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် (၁၄)လမ်းနှင့်(၁၆)လမ်းကြား မြစ်ကမ်းပါးနိမ့်ကျရေးကာကွယ်ရေးလုပ်ငန်း အလျား (၈၀၀)ပေ တည်ဆောက်ရေး လုပ်ငန်းခွင်အားကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် အချိန်မီပြီးစေရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေးနှင့် ရေရှည်တည်တံ့စေရေး အလေးထားလိုက်နာဆောင်ရွက်ရန် မှာကြားခဲ့သည်။  ထို့နောက်ဗိုလ်မြတ်ထွန်းတံတားနှင့်ညောင်တုန်းတံတားသို့ သွားရောက်၍ ဗိုလ်မြတ်ထွန်းတံတားရေလမ်းကြောင်းပြုပြင်ထိန်းထိန်းရေးဆောင်ရွက်မှုအခြေအနေနှင့်ညောင်တုန်းတံတားအဝင်ရေလမ်းဖြောင့်တန်းစေရေးအတွက်ဆောင်ရွက်မည့်အစီအမံများအားတိုင်းဒေသကြီးဦးစီးမှူးကရှင်းလင်းတင်ပြရာ မြစ်ကူးတံတားကြီးများအားမြစ်ရေတိုက်စားမှုမှကာကွယ်ရန်နှင့်တံတားကြီးများရေရှည်တည်တံ့စေရန်အတွက် တံတားအဝင်ရေလမ်းကြောင်းတည်ငြိမ်မှုရှိစေရေးစဉ်ဆက်မပြတ်စိစစ်ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဓနုဖြူမြို့၊ အမှတ်(၄)ရပ်ကွက် ဧရာဝတီဆိပ်သို့သွားရောက်၍ ဧရာဝတီမြစ်ရေမြင့်တက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မြစ်ရေမြင့်တက်မှုအခြေအနေများ စဉ်ဆက်မပြက်စောင့်ကြည့်သတင်းပို့ရန်၊ ကလေးငယ်များမြစ်ကမ်းအနီးအနားများတွင် ​ေဆာ့ကစားခြင်းမရှိေစရန်မှာကြားခဲ့သည်။  ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဓနုဖြူမြို့နယ်၊ မရမ်းချောင်းကျေးရွာရှိ မရမ်းချောင်းရေကင်းစခန်း တာမိုင်(၄၆/၄)သို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာများကြံ့ခိုင်မှုရှိစေရန် နေ့၊ညမပြတ် စောင့်ကြည့်ရန်၊ အရေးပေါ်အခြေအနေအဆင့်သတ်မှတ်များအား ပြည်သူများသိရှိလိုက်ပါဆောင်ရွက်ရန်၊ ကူညီကယ်ဆယ်ရေးအဖွဲ့များအသင့်စုဖွဲ့ထားရှိရန်နှင့် ရေဘေးကာကွယ် ရေးသုံးပစ္စည်းများစုေဆာင်းထားရှိဆောင်ရွက်ရန် မှာကြားခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဇလွန်မြို့ရှိ ဧရာဝတီ - ဟင်္သာတတာ တာမိုင် (၂၅ /၂ )ဆန်တန်းရေကင်းစခန်း အမှတ် (၃)သို့သွားရောက်စစ်ဆေးခဲ့ရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ‌ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့် ရေဘေးကာကွယ်ရေး တာတမံများ၏ အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှု အစီအစဥ်များအား ရှင်းလင်းတင်ပြခဲ့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တာတမံများ၏ အရေးပေါ်အခြေအနေ ဖြစ်သော တာထိပ်ပေါ်ကျော်ခြင်း ၊ ရေပေါက်(ထူးပေါက်) ၊ တာအိ ၊ သဲဗွက်ထ တာကျွံခြင်းများ ဖြစ်ပေါ်လာပါက ကာကွယ်ရန်နည်းလမ်းများဖြစ်သော မြေသား သို့မဟုတ် သဲအိတ်ကန်သင်း ဆင့်ခြင်း ၊ မြေကတုတ် (ရေခွေ)တို့ဖြင့် အရေးပေါ်ကာကွယ် စောင့်ရှောက်ရမည့် နည်းလမ်းများဖြင့် မိုးရာသီရေဘေးအန္တရာယ်ကာကွယ်ရေးသရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင်ခြင်းကိုကြည့်ရှုအားပေးခဲ့သည်။  အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာအနီးရှိ စွန့်ပစ်တာရေကျော်နေမှုအခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာန တိုင်းဦးစီးမှူး၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး၊ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူးတို့မှ ဧရာဝတီမြစ်ရေတက်ရောက်မှု၊ မြစ်ရေတိုက်စားမှုကြောင့်နှစ်အလိုက် ကမ်းပါးပြောင်းလဲလာမှု၊ မြစ်ရေတိုက်စားမှုမှ ကာကွယ်ရန် မြစ်ဖြတ်တူးမြောင်းဆောင်ရွက်ခြင်း၊ ၃ တန်းလွှာအုန်းတိုင် ကျောက်ဖြည့်ရေကာများဆောက်လုပ်ခြင်း၊  ရေလွှဲရေကာကမ်းရင်းထိန်းကျောက်ဖြည့်မျောကရစ်ဆောက်လုပ်ခြင်း၊ ရေပေါက်ပိတ်ဆောင်ရွက်ခြင်းများဆောင်ရွက်နိုင် ရေး တင်ပြဆောင်ရွက်ထားရှိမှုအခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အရေးပေါ်ယာယီကမ်းထိန်းလုပ်ငန်းများအမြန်ဆုံးဆောင်ရွက်ရန်၊ ရေရှည်ကာကွယ်ရေးလုပ်ငန်းများ ရေးဆွဲဆောင်ရွက်ရန်နှင့် ဒေသခံများထိခိုက်မှုမရှိစေရေးကြိုတင်ရွှေ့ပြောင်းခြင်းများဆောင်ရွက်ထားရှိရန်မှာကြားခဲ့သည်။ ထို့နောက် ဖောင်ဆိပ်ကျေးရွာ၊ ဖောင်ဆိပ်ကျောင်းတိုက်၌ ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေဘေးေရှာင်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ “ဧရာဝတီမြစ်ရေ မြင့်တက်၍ စိုးရိမ်ရေမှတ်ကျော်လွန်မှုကြောင့် မြစ်ကမ်းဘေးရှိနေအိမ်များ ရေလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းစေခဲ့ပါကြောင်း၊ မြစ်ကြောင်းပြောင်းလဲမှုကြောင့် ရေကြီးခြင်းများကိုခံစားရခဲ့ရ ေသာ်လည်း မြစ်ကမ်းဘေးနေထိုင်သည့် ပြည်သူများအား ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းများ၊ ရေလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းခဲ့မှုများကြောင့်   ကြီးကြီးမားမား ဆုံးရှုံးခြင်းမရှိခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် ရရှိသည့်ရန်ပုံငွေအပေါ်မူတည်၍ မြစ်ကမ်းထိန်းလုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လတ်တလောမြစ် ရေဝင်ရောက်သည့်သည့်အခက်အခဲကြောင့် ရွှေ့ပြောင်းနေရသူများအနေဖြင့် နေ့စဉ်စားရေး သောက်ရေးအဆင်ပြေစေရန် ရိက္ခာများထောက်ပံ့ခြင်းနှင့် အားပေးစကားများလာရောက် ပြောကြားခြင်းဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များကျရောက်ပါကလည်း ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် မိမိတို့ပါ ပူးပေါင်း၍ ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးသွားမည် ဖြစ်ပါကြောင်း” အားပေးစကားများပြောကြား၍ ပြည်သူများထံသို့ ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ရေသန့်နှင့် ခေါက်ဆွဲခြောက်ထုပ်များပေးအပ်ခဲ့သည်။


Read More...
11-Sep-2023
ပုသိမ်မြို့၌ စိုက်ပျိုးမွေးမြူ ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကုန်ဈေးနှုန်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ၊ တိုင်းဒေသကြီးအတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆီကုန်သည်များနှင့်တွေ့ဆုံ
စိုက်ပျိုးမွေးမြူ ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကုန်ဈေးနှုန်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၀ ရက်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် ပညာရေးတွင်တိုးတက်မြင့်မားသည့်တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ ကျောင်းသားကျောင်းသူများ ပညာသင်ယူမှုအခွင့်အရေးများ မဆုံးရှုံးစေရန်အတွက် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေးနှင့် အတန်းစဉ်ကူးပြောင်းနိုင် ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက်လည်း ဆရာ၊ ဆရာမများ၊ မိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံစားသောက်ကုန်များနှင့်ပတ်သက်၍ ဆန်ဈေးနှုန်းများကြီးမြင့်မှုမရှိစေရေးအတွက်လည်း တာဝန်ရှိသူများက ထိန်းကျောင်းကြပ်မတ်ရန်နှင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးနိုင်ရေး ေဆာင်ရွက်လျက်ရှိပါကြောင်း၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းတိုးတက်ထွက်ရှိစေရေးအတွက်  မျိုး၊မြေ၊ရေ၊ နည်းစသည့် နည်းလမ်း(၄)သွယ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအား စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး၊ ၂၀၂၄ မိုးစပါး ရေတော်မိုးတော်စိုက်ဧကအားလုံး ပိုက်ဆံလျှော် ထည့်သွင်းစိုက်ပျိုးနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် ထည့်သွင်းစိုက်ပျိုးဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ စားသုံးဆီ ဖူလုံစေရေးအတွက် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးရန်နှင့် အောင်မြင်အောင်ဆောင်ရွက်ရန်လိုပါကြောင်း၊ စားသုံးဆီများဖြန့်ဝေပေးရာတွင် ကော်မတီများအ နေဖြင့် စာရင်းဇယားများတိကျမှန်ကန်စေရေး၊ ဖြန့်ဖြူးမှုများစနစ်တကျရှိစေရေးဆောင်ရွက်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အသက်၉နှစ်ပြည့်ပြီး ၁၂နှစ်မပြည့်သေးသော မိန်းကလေးငယ်များကို သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးအား ကျောင်းအခြေပြုနှင့်ရပ်ရွာအခြေပြုထိုးနှံပေးမည်ဖြစ်ရာ ေဆးထိုးအင်အားစာရင်းများမှန်ကန် စေရေး၊ ကာကွယ်ဆေးများကို အလေအလွင့်မရှိ စေ ရေး၊ လမ်းညွှန်ချက်များနှင့်အညီ အသုံးပြုဆောင်ရွက်ကြဖို့လည်း အုပ်ချုပ်ရေးအဖွဲ့များက ကူညီဆောင်ရွက်ပေးကြရန်နှင့် စိုက်ပျိုးမွေးမြူ ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကုန်ဈေးနှုန်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ အောင်မြင်အောင်ဆောင်ရွက်နိုင်စေရေးတက်ရောက်လာကြသူများက အကြံပြုဆွေးနွေးပေးရန် ”အမှာစကားများပြောကြားသည်။ ဆက်လက်၍ အစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီးက အိမ်ထောင်စုလူဦးရေစာရင်းကောက်ယူခြင်းဆိုင်ရာကိစ္စရက်များအားလည်းကောင်း၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးမှ လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure SOP) ရေးဆွဲရေးဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက  တိုင်းဒေသကြီးအတွင်းရှိ အသက်၉နှစ်ပြည့်ပြီး ၁၂နှစ်မပြည့်သေးသော မိန်းကလေးငယ်များကို သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံပေးမည့်အစီအစဉ်များအားလည်းကောင်း၊ တိုင်းဒေသကြီး ပညာရေးမှူးမှ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေး၊ အတန်းစဉ်ကူးပြောင်းမှု ရာနှုန်းပြည့်ဖြစ်စေရေးနှင့် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက်ဆောင်ရွက်မည့်အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှူးမှတိုင်းဒေသကြီး  ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားသုံးဆီဖြန့်ဖြူးပေးနိုင်မည့်အခြေအနေများအားလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ သက်ဆိုင်ရာခရိုင်အလိုက် ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညနေပိုင်းတွင် ဧရာရွှေဝါခန်းမ၌ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆီကုန်သည်များနှင့် တွေ့ဆုံပွဲအခမ်းအနားတက်ရောက်၍ မိမိတို့တိုင်းဒေသကြီးသည် နိုင်ငံ၏ စပါးကျီဖြစ်ပြီး ပိုလျှံသည့်ဆန်များကို ပြည်တွင်း၊ ပြည်ပသို့ တင်ပို့လျက်ရှိပါကြောင်း၊ ဆန်စက်ပေါင်း ၂၅၀၀ကျော်ရှိ၍ စပါးခွံလောင်စာအသုံးပြုgasifier စနစ်ဖြင့် လည်ပတ်ကြိတ်ခွဲသည့် ဆန်စက်များအနက် ၄၅၂ လုံး လည်ပတ်လျက်ရှိပါကြောင်း၊  ထို့အပြင် စပါးခွံမှလျှပ်စစ်ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိသဖြင့် စပါးခွံလုံလောက်စွာရှိရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့်စပါးများအား ဆန်စက်များမှ ကြိတ်ခွဲနိုင်ပါက အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ကာ စပါးခွံဖြင့် Gasifier အသုံးပြုလျှပ်စစ်ထုတ်ခြင်း၊ ဆန်ကွဲ၊ ဖွဲနုစသည်တို့မှလည်း တိရစ္ဆာန်အစာထုတ်လုပ်နိုင်မည်ဖြစ်၍ တိရစ္ဆာန်အစာဈေးကြီးမြင့်မှုကိုလည်းသက်သာစေမှာဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုး ရေးလုပ်ငန်းများအတွက် သွင်းအားစုများထောက်ပံ့ပေးလျက်ရှိရာ ဆန်စက်လုပ်ငန်းရှင်များ၊ ကုန်သည်များအနေဖြင့် Contract Farming စနစ်ဖြင့် အကျိုးပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဆန်ဈေးကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းသက်သာစွာရောင်းချပေးနိုင်ရေးဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီး စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ပေးကြရန်ပြောကြားခဲ့သည်။ ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဝယ်ယူကြိတ်ခွဲသူအစုအဖွဲ့များ၊ သွင်းအားစုတင်သွင်းသူအစုအဖွဲ့များနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်မည့်အခြေအနေများအားလည်းကောင်း၊ စီးပွားရေးရာဝန်ကြီးမှ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


Read More...
10-Sep-2023