သတင်းများ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက် (MAPCO)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး
Read More...
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမိတက် (MAPCO)(မက်ပ်ကို) မှ တာဝန်ရှိသူများမှ မြောင်းမြစပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ၏ ဓာတ်အားထုတ်လွှတ်ပေးနိုင်မည့် အခြေအနေများ၊ တိုင်းဒေသကြီးအတွင်း ဖွဲနုဆီစက်ရုံတည်ဆောက်ရေးကိစ္စရပ်များနှင့် မြို့နယ်အလိုက် ဆန်စပါးအထူးပြုကုမ္ပဏီများဖွဲ့စည်း တည်ထောင်မည့်ကိစ္စရပ်များအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ရှင်းလင်းတင်ပြသည့်အစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင် ကုမ္ပဏီလီမိတက်(MAPCO)(မက်ပ်ကို)၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းအောင် က မြောင်းမြမြို့တွင် (၁.၈)မဂ္ဂါဝပ်ထွက်ရှိမည့် စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ (MAPCO)ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များ၊ မဟာဓါတ်အားလိုင်းနှင့် ချိတ်ဆက်ဆောင်ရွက်မှုအခြေအနေများ၊ ဓါတ်အားခနှုန်းထားများ၊ စပါးခွံ ကုန်ကြမ်း လိုအပ်ချက်များကိုလည်းကောင်း၊ ဆန်၊ စပါးကိစ္စရပ်များနှင့်ပတ်သက်၍ ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကိစ္စများ၊ ဆန်၊ စပါး သိုလှောင်မှတ်ပုံတင်လုပ်ငန်းများ၊ မြို့နယ်အလိုက် ဆန်စပါး အထူးပြုကုမ္ပဏီများ ဖွဲ့စည်းတည်ထောင်မည့်ကိစ္စရပ်များကိုလည်းကောင်း၊ ဖွဲနုဆီ စက်ရုံများ တည်ဆောက်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ နိုင်ငံတော်မှပံ့ပိုးဆောင်ရွက်ပေးမှုများ၊ တိုင်းဒေသကြီးတွင် ဖွဲနုဆီစက်ရုံများတည်ဆောက်လည်ပတ်မည့်အစီအစဉ်များ၊ ဆန်စက်များမှ ဖွဲနုကုန်ကြမ်းရရှိမည့် အခြေအနေများ၊ ဖွဲနုဆီစက်ရုံများမှ အခြားဆီထွက်သီးနှံများပါ လည်ပတ် ကြိတ်ခွဲနိုင်မည့် အခြေအနေများနှင့် တိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားကြီးများအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် တည်ထားပူဇော်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဖူးမြှော်ရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ မျိုးစေ့ထုတ်လုပ်ငန်းနှင့် သုတေသနလုပ်ငန်းများအား လေ့လာရေးခရီးစဉ် ပို့ဆောင်ပေးမည့် အစီအစဉ်များအား ရှင်းလင်း တင်ပြခဲ့ပါသည်။
အဆိုပါ ရှင်းလင်တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က " တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်ပြီး စပါးခွံတန်ချိန်များစွာထွက်ရှိပါကြောင်း၊ (၁.၈)မဂ္ဂါဝပ် စပါးခွံလောင်စာသုံး ဓာတ်အားထုတ်လုပ်ရေးစက်ရုံလည်ပတ်နိုင်ပါက တိုင်းဒေသကြီးအတွင်း မဟာဓာတ်အားလိုင်းစနစ်သို့ ချိတ်ဆက်ဆောင်ရွက်နိုင်မည့် ပထမဆုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ ဖြစ်လာမည်ဖြစ်ပါကြောင်း၊ စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများအတွက် စပါးခွံ ကုန်ကြမ်းလုံလောက်စွာရရှိရေးအတွက် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် စပါးခွံလောင်စာတောင့် စက်ရုံများလည်း လည်ပတ်လျက် ရှိပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဖွဲနုဆီစက်ရုံများတည်ဆောက်လည်ပတ် နိုင်ရေးအတွက် ဆွေးနွေးလျက်ရှိပါကြောင်း၊ ဖွဲနုဆီစက်ရုံများ အမြန်ဆုံး အကောင်အထည်ဖော် နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ပေး ရမည့် ကိစ္စရပ်များကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးမည်ဖြစ်ပြီး တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း" ဆွေးနွေးပြောကြားခဲ့ပါသည်။
Read More...
28-Feb-2024

မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၍တည်ထား ကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်းဘုရားအဝင်ကွန်ကရစ်လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းပုခုံးသား မြေသားကပ်ခြင်းလုပ်ငန်းများစနစ်တကျဆောင်ရွက်ရန်၊ အရိပ်ရပင်များနှင့် အလှပန်းပင်များ စနစ်တကျစိုက်ပျိုးကြရန်မှာကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု အခြေခံပညာအလယ်တန်းကျောင်း(မော်တင်) တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade 5 နှစ်ဆုံးစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြတ်မော်တင်စေတီတော်မြတ်ကြီး ယာဥ်ရပ်နားကွင်းလုပ်ငန်း၊ မြောက်ဘက်မုခ် ရေကန် အောက်ခြေ ေကျာက်စီခြင်းလုပ်ငန်း၊ မြေထိန်းနံရံလုပ်ငန်း၊ မြောက်ဘက်မုခ် လှေကားလုပ်ငန်း၊ တံခွန်တိုင်လုပ်ငန်းဆောက်ရွက်ပြီးစီးမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း ကပ်လှူပူဇော်၍ ဖူးမြော်ကြည်ညိုခဲ့ပါသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတီတော်ကြီး၏ ရင်ပြင်တွင် နေပူခံကျောက်ပြားခင်းကျင်းနေမှုများ၊ စေတီတော်မြတ်ကြီးရင်ပြင် အောက်အနှုတ်(၁၂)level တွင် ကြွေပြားခင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ စေတီတော်ရင်ပြင်အောက်ဘက်ရှိ ကမ်းခြေဆင်းလမ်း ဆောင်ရွက်နေမှုနှင့် စေတီတော်မြတ်ကြီး အနေကဇာဆောင် ပြုပြင်မွမ်းမံမှုလုပ်ငန်းများအားကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် တာဝန်ရှိသူများမှ မြတ်မော်တင် ဆံတော်ရှင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့ခြင်း၊ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် တည်ဆောက်ရေး လုပ်ငန်းများအရည်အသွေးပြည့်မီအောင်ရွက်ရန်၊ မြန်မာမှုလက်ရာ လက်သားများ သေသပ်ကောင်းမွန်စေရန်နှင့် သာသနိကအဆောက်အဦများ ဥပဓိရုပ်ကောင်းမွန်အောင်ဆောင်ရွက်ရန်၊ စေတီတော်ကြီး၏ ပရဝဏ်အတွင်း စိမ်းလန်းစိုပြေအောင်ဆောင်ရွက်ရန်၊ ဘုရားအဝင်လမ်း လမ်းဘေးဝဲယာတွင် အရိပ်ရအပင်များ၊ အလှပန်းပင်များစိုက်ပျိုးရန်၊ ဘုရားအဝင် ကွန်ကရစ်လမ်းပုခုံးသားများအား မြေသားကပ်ဆောင်ရွက်ရန်၊ ဘုရားပွဲတော်ကာလတွင် လာရောက်ဖူးမြှော်သူများ များပြားသဖြင့် ယာဥ်ရပ်နားကွင်းများတွင် လျှပ်စစ်မီးလင်းအောင်ဆောင်ရွက်ပေးရန်၊ လုပ်ငန်းဆောင်ရွက်မှုများ သတ်မှတ်ကာလအတွင်းပြီးစီးစေရေး အင်အားပြည့်ဆောင်ရွက်ရန်၊ အနီးကပ်ကြီးကြပ် ဆောင်ရွက်သည့်အဖွဲ့မှ လုပ်ငန်းအားလုံးဘုရားပွဲတော်ကျင်းပရက်မတိုင်မီပြီးစီးရေးကြပ်မတ်ဆောင်ရွက်ရန်နှင့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများကြိုတင်ရှင်းလင်းဖယ်ရှားရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးနှင့်သန့်ရှင်းမှုရှိစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး တာဝန်ရှိသူများ၏ လိုအပ်ချက်တင်ပြမှုများအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။
Read More...
27-Feb-2024

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကော်ဖီစိုက်တောင်သူများ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ညနေပိုင်းက ပုသိမ်-ငွေဆောင်ကားလမ်းဘေးရှိ သစ်တောဦးစီးဌာန၊ သလပ်ခွာ ကြိုးဝိုင်း၊ အကွက်အမှတ် (၂၄)၊ ၁/၂၀၂၄၊ ၂/၂၀၂၄ စီးပွားရေး(ပျဉ်းကတိုး)စိုက်ခင်း (၃၀၀)ဧက၊ ယာယီပျိုးဥယျာဉ်တွင် မြန်မာနိုင်ငံကော်ဖီအသင်းမှတာဝန်ရှိသူများ၊ ကော်ဖီ စိုက်ပျိုးသူလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၊ ကော်ဖီစိုက်တောင်သူများနှင့်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံခဲ့ရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကော်ဖီစိုက်ပျိုးရာတွင် ရည်မှန်းချက် ပြည့်မီအောင်စိုက်ပျိုးနိုင်ရေးဆောင်ရွက်နေမှုများ၊ ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများရေရှည် တိုးတက် စိုက်ပျိုးနိုင်ရန်အတွက် ပညာရှင်များ၊ လုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဖြစ်ထွန်းအောင်မြင်အောင်စိုက်ပျိုးနိုင်ရေး၊ ပျဉ်းကတိုးအစရှိသည့် နှစ်ရှည်ပင်များအတွင်း သီးညှပ်စိုက်ပျိုးနိုင်ရေး၊ ကော်ဖီစိုက်ပျိုးရာတွင် ပိုမိုဖြစ်ထွန်းနိုင်သည့် မြေအမျိုးအစား၊ ရာသီဥတု ကိုက်ညီမှုများအား ကော်ဖီပညာရှင်များနှင့် ကော်ဖီစိုက်ပျိုးသူလုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေး စေခြင်းဖြစ်ပါကြောင်းနှင့် မျိုးရွေးချယ်စိုက်ပျိုးရေးကိစ္စရပ်များကိုဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ ကော်ဖီအသင်းမှတာဝန်ရှိသူများ၊ ကော်ဖီစိုက်ပျိုးရေးပညာရှင်များ၊ ကော်ဖီစိုက်ပျိုးသူလုပ်ငန်း ရှင်များ၊ ဌာနဆိုင်ရာများနှင့် ကော်ဖီစိုက်တောင်သူများ၏ ကော်ဖီစိုက်ပျိုးနိုင်ရေး၊ မြေနေရာ ရွေးချယ်နိုင်ရေး၊ ကော်ဖီအထွက်နှုန်းနှင့် ဈေးကွက်ရရှိမှုအခြေအနေများအား ဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ပြီးသက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
Read More...
27-Feb-2024

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်အတွင်း မြေပဲရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေး
Read More...
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ ကျွန်းဒေါင့်ကျေးရွာရှိ တောင်သူဦးမြင့်ဇော်၏( မကွေး-၁၂)မျိုး မြေပဲ(၂၀) ဧက၌ မြေပဲရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး မြေပဲမျိုးကောင်းမျိုးသန့်များစိုက်ပျိုးမှု၊ တစ်ဧကအထွက်နှုန်းတိုးတက်မှုနှင့် ဈေးကွက်ရရှိမှု အခြေအနေများအား ဆွေးနွေးပြောကြားခဲ့ပြီး အထွက်တိုးမြေပဲမျိုးများအသုံးပြုစေရေး၊ ပိုမိုတိုးတက်စိုက်ပျိုးစေရေးမှာကြားခဲ့သည်။
ထို့နောက် ကျွန်းဒေါင့်ကျေးရွာအခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ဆရာ/မများနှင့်တွေ့ဆုံအားပေးစကားများပြောကြားခဲ့ပြီး စသင်ဆောင်များအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် “ဖူးရတနာ” မြေပဲခွဲစက်နှင့် မြေပဲဆီသန့်ကြိတ်စက်သို့ သွားရောက်၍ မြေပဲကြိတ်ခွဲနေမှုအဆင့်ဆင့်အားကြည့်ရှုခဲ့ပြီး သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ဆီများထုတ်လုပ်နိုင်ရေးမှာကြားခဲ့သည်။
ဆက်လက်၍ တောင်သူများနှင့် တွေ့ဆုံကာ သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေးဆောင်ရွက်နေမှုအခြေအနေများ၊ သီးထပ်စွမ်းအားတိုးတက်စေရေးဆောင်ရွက်နေမှုအ ခြေအနေများနှင့် ဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊နေကြာ စသည့် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနေမှုအခြေအနေများအား ဆွေးနွေးပြောကြားခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းမြစ်)မှ ဆောင်ရွက်လျက်ရှိသည့် ရေကြည်မြို့နယ်၊ နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်း (ဧက- ၁၀၀၀) ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်လျက်ရှိသည့် နွားရေတိုက်ကျေးရွာနှင့် ကညင်ငူကျေးရွာအနီး ပင်မမြောင်းမြေကြီးလုပ်ငန်း အလျား(၂၁၅၀)ပေ၊ မြေကြီကျင်း(၆၁၄၂ကျင်း) ဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဦးစီးမှုူး၏ နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်း (ဧက- ၁၀၀၀) ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့်ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များရှင်း လင်းတင်ပြချက်များအပေါ် အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးစေရေး မှာကြားခဲ့သည်။
Read More...
25-Feb-2024

တိုင်းဒေသကြီးဝန်ကြီးချုပ် ပြည်သူအခြေပြု ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေသွယ် ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်း ပြီးမြောက်ခြင်းအခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ပေါက်ဆိန်ပဲ့ကျေးရွာတွင် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၂)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ပြည်သူအခြေပြု ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေသွယ် ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်း ပြီးမြောက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမြင့်စိုး၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မှုမှတ်တမ်းဗီဒီယိုပြသမှုကို ကြည့်ရှုအားပေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့်ကျေးလက်ဒေသများအကြား၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအကြား ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေးတို့အတွက် မူဝါဒများ၊ ရည်မှန်းချက်များ၊မဟာဗျူဟာများ ရေးဆွဲချမှတ်ပြီး ဘက်စုံ၊ ကဏ္ဍစုံ ဖွံ့ဖြိုးရေးအစီအစဉ်များကိုမြန်ဆန်သွက်လက်စွာအကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျေးလက်ဦးစီးဌာန၏ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးလျက်ရှိရာတွင် “ကျေးလက်သောက်သုံးရေရရှိရေးလုပ်ငန်း” အဓိကလုပ်ငန်းတစ်ခုဖြစ်ပြီး နိုင်ငံတော်ဘတ်ဂျက်နှင့် ဆောင်ရွက်နေရုံသာမကနိုင်ငံတကာထောက်ပံ့ရန်ပုံငွေများဖြင့်လည်း ဆောင်ရွက်လျက်ရှိရာတွင် ယခုစီမံကိန်းဟာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ (၂၀၂၂)ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ရေသန့်စင်စနစ် ဆောင်ရွက်ခြင်း၊ ရေစက်ရုံနဲ့ ဂါလံ(၅,၀၀၀) ဆံ့ ရေစင်တည်ဆောက်ခြင်းအပြင် ရေအရည်အသွေးကို ထိန်းသိမ်းနိုင်ပြီး သန့်ရှင်းသည့် သောက်သုံးရေကို ဖြန့်နိုင်သည့် အိမ်သွယ်ရေတိုင်စနစ်ကိုလည်းအကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့တာဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ပေးခြင်းအားဖြင့် ကျေးရွာသူ/သားများအတွက် ကျန်းမာသန့်ရှင်းသော သောက်သုံးရေရရှိ လာစေပြီး ကျေးရွာသူ/သားများ၏ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့်ကျန်းမာရေးအတွက်များစွာ အကျိုးကျေးဇူးရရှိစေနိုင်သည့်အပြင် အိမ်သွယ်ရေကိုင်တပ်ဆင်ခြင်းအားဖြင့်လည်း ရေလေလွင့်ဆုံးရှုံးမှုနည်းပါးလာပြီး ကျေးရွာရှိ မိသားစုဝင်အားလုံး၏ထွက်ငွေကို တစ်ဖက်တစ်လမ်းမှ လျှော့ချပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ ယခု “ပြည်သူအခြေပြု ရေသန့်စင်စနစ်နှင့်အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်း"သည် ဧရာဝတီတိုင်းဒေသကြီးရဲ့ အောင်မြင်မှုအသီးအပွင့်များထဲကတစ်ခုဖြစ်ပြီး စီမံကိန်းအောင်မြင်ဖို့ရန်အတွက် ကျေးရွာလူထုအပါအဝင် သက်ဆိုင်ရာဦးစီးဌာနများ၊ အဖွဲ့အစည်းများမှပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုလိုစီမံကိန်းပြီးမြောက်ခြင်းအခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့၍လည်း များစွာဂုဏ်ယူမိပါကြောင်း၊ ဆက်လက်ပြီး စီမံကိန်းလုပ်ငန်းခွဲများအား ရေရှည်သုံးစွဲ လည်ပတ်နိုင်စေရန်အတွက် ပြုပြင်ထိန်းသိမ်းရေးအစီအစဉ်များ၊ ရန်ပုံငွေထားရှိရေးအစီအစဉ်များကို စနစ်တကျဆောင်ရွက်ထားရှိပြီး လိုအပ်သည့် အခက်အခဲများရှိပါကလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြကြရန်နှင့် တိုင်းအစိုးရအနေဖြင့်လည်းစီမံကိန်းမှဆောင်ရွက်ခဲ့သော ရေရရှိရေး စီမံကိန်း လုပ်ငန်းခွဲများ ရေရှည်တည်တံ့လည်ပတ်ထိန်းသိမ်းရေး ဆောင်ရွက်ချက်များတွင် လိုအပ်သလို ထိရောက်အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးရွာသူ/သားများအပါအဝင် သက်ဆိုင်သူအားလုံးမှလည်း ရေပေးရေးနှင့်ကျန်းမာ သန့်ရှင်းရေးဆိုင်ရာကဏ္ဍမှာ ရေရှည်တည်တံ့သည့် ရေအသုံးချမှုဖြစ်စေရေးအတွက် ထဲထဲဝင်ဝင်ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း” အဖွင့်အမှာစကားများ ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးသံမှူးက “ရပ်ရွာရေသန့်စင်စနစ်နှင့်ရေပေးရေးကွန်ရက်တည်ဆောက်ရေး”စီမံကိန်းပြီးမြောက်ခြင်း အခမ်းအနားကို တက်ရောက်ရသည့်အတွက် အလွန်ဝမ်းမြောက်ပါကြောင်း၊ မဲခေါင်-လန်ချန်းပူးေပါင်းဆောင်ရွက်မှု အကျိုးရလဒ်ကို ကျေးရွာနေပြည်သူများ ခံစားခွင့်ရသည့်အတွက် မိမိအနေဖြင့်အလွန်ဝမ်းသာမိပါကြောင်းနှင့် သံရုံးကိုကိုယ်စားပြုပြီး ယခုစီမံကိန်းပြီးစီးခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် စီမံကိန်းအတွက်ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် တရုတ်-မြန်မာနှစ်နိုင်ငံမှ ရင်းနှီးဖော်ရွေသည့် ပုဂ္ဂိုလ်များအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း” အမှာစကားပြောကြားခဲ့သည်။
ထို့နောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက“ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့. ပြည်ထောင်စုရန်ပုံငွေ၊သက်ဆိုင်ရာပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ ရန်ပုံငွေများဖြင့်သာမကပဲ နိုင်ငံတကာအလှူရှင်များ၊ မိတ်ဖက်နိုင်ငံများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီ၊ အထောက်အပံ့များကို ရယူ၍လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြစ်ဝကျွန်းပေါ်ဒေသကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းဒီဇိုင်းနှင့် အဆိုပြုလွှာရေးဆွဲပြုစုပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့်တင်ပြခဲ့ရာတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၂)ဖြင့် ဆောင်ရွက်ခွင့်ရရှိခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပြည်သူအခြေပြု ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်း” ကို ဧရာဝတီတိုင်းဒေသကြီး၊ကျောင်းကုန်းမြို့နယ်၊ ပေါက်ဆိန်ပဲ့ကျေးရွာ၊ မြောင်းမြမြို့နယ်၊ ချောင်းလေးကျေးရွာနှင့် ဒေးဒရဲမြို့နယ် ဘုရားချောင်းကျေးရွာတို့မှာအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ(၄၀၀)ကျော်စုစုပေါင်းလူဦးရေ (၁၅၇၀) ဦးကို အကျိုးပြုစေမည်ဖြစ်ပါကြောင်း” ဆက်လက်ပြောကြားပြီးနောက် စီမံကိန်းဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒေသခံကျေးရွာကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားများ ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းပြီးမြောက်အောင်မြင်ခြင်းအထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ စီမံကိန်းအောင်မြင်ခြင်းပြီးမြောက်ခြင်း အထိမ်းအမှတ် ကမ္ဗည်းကြေးပြားအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ သံမှူးနှင့် ဒုတိယဝန်ကြီးတို့ကစက်ခလုပ်နှိပ် ဖွင့်လှစ်ပေး၍ အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများနှင့် ရေသုံးစွဲနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့သည် ဝေဠုဝန်ကျောင်းတိုက်ဆရာတော်အား ဖူးမြော်၍ ဘာသာရေးဆိုင်ရာများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ တင်ပြလျှောက်ထားခဲ့ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့ကြသည်။
Read More...
25-Feb-2024