သတင်းများ


အသက်(၉)နှစ်ပြည့်ပြီး မှ (၁၂)နှစ်ပြည့်သူ မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
အသက်(၉)နှစ်ပြည့်ပြီး မှ (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဌာနများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးပညာရေးမှူးနှင့်တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ကြသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀၂၀)ခုနှစ် စာရင်းများအရ ကမ္ဘာတစ်ဝန်းလုံးတွင် သားအိမ်ခေါင်း ကင်ဆာရောဂါဖြစ်ပွားသူ အမျိုးသမီးလူနာအသစ် ၆သိန်းကျော်ရှိပြီး သားအိမ်ခေါင်းကင်ဆာ ရောဂါကြောင့် နှစ်စဉ်အမျိုးသမီး ၃သိန်းကျော်သေဆုံးလျက်ရှိပါကြောင်း၊ နှစ်စဉ်သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားမှုနှုန်းမှာ အမျိုးသမီးဦးရေ တစ်သိန်းတွင် (၁၃.၃)ဦးရှိကြောင်းနှင့် သေဆုံးမှုနှုန်းမှာ (၆.၉)ရှိပါကြောင်း၊ (၂၀၂၃)ခုနှစ်၊ မတ်လတွင် WHOထုတ်ပြန်ထားသော အချက်အလက်များအရ မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာအဖြစ်များဆုံး အသက်အုပ်စုမှာ အသက်(၁၅)နှစ်မှ အသက် (၄၄)နှစ်ဖြစ်ပြီး အမျိုးသမီးလူဦးရေ တစ်သိန်းတွင် (၂၅.၃)ဦးဖြစ်ပွားသည်ဟုသိရပါကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသမီးများတွင် စတုတ္ထမြောက်အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်သော အမျိုးသမီးများ၌ ဒုတိယမြောက် အဖြစ်အများဆုံး ကင်ဆာဖြစ်ပါကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါအားလုံး အနက် (၇၀)ရာခိုင် နှုန်းသည် HPV ပိုး အမျိုးအစား (၂) မျိုးဖြစ်သည့် အမျိုးအစား(၁၆)နှင့်(၁၈) ကူးစက်ခံရခြင်းကြောင့် ဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးသည် အဆိုပါပိုးအမျိုးအစား (၂)မျိုး ကူးစက်ခံရခြင်းမှ (၉၅)ရာခိုင်နှုန်းအထိ ကာကွယ် ပေးနိုင်ပါကြောင်း၊  ထို့ကြောင့်သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ် ဆေးကို မိန်းကလေးငယ်များအား ဆောလျင်စွာထိုးနှံခြင်းက သားအိမ်ခေါင်းကင်ဆာ ရောဂါကို အစောဆုံးကာကွယ်မှုရရှိနိုင်မယ့် အခွင့်အလမ်း တစ်ခုဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အသက်၉နှစ်ပြည့်ပြီး မှ ၁၂နှစ်ပြည့်သူ မိန်းကလေးငယ်များကို သားအိမ်ခေါင်းကင်ဆာစောဂါကာကွယ်ဆေးထိုးနှံပေးရာမှာ ကျောင်းအခြေပြုနှင့်ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့်ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့်အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား ယခုလ(၁၈)ရက်နေ့မှစတင်၍ ကာကွယ်ဆေးထိုးဖွဲ့ (၁,၄၃၅)ဖွဲ့ဖြင့် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမှာ ဖြစ်သည့်အတွက် ကာကွယ်ဆေးများကို အလေအလွင့်မရှိ စေရန်လမ်းညွှန်ချက်များနှင့်အညီ အသုံးပြုဆောင်ရွက်ကြဖို့လည်း မှာကြားလိုပါကြောင်း၊  ကမ္ဘာပေါ်တွင်သာမက မြန်မာနိုင်ငံမှာတွင်ရှိသည့် အမျိုးသမီးများမှာ ဖြစ်ပွားမှုနှုန်းမြင့်မာနေသည့် သားအိမ်ခေါင်းကင်ဆာ ရောဂါကို ပဏာမအဆင့်ကာကွယ်ခြင်း ဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ကို ရည်မှန်းအမျိုးသမီးငယ်များအား ထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်ရာမှာ လွှမ်းခြုံမှုမြင့်မားစွာ ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများအားလုံးက ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် အသက်၉နှစ်ပြည့်ပြီး ၁၂နှစ်မပြည့်သေးသော မိန်းကလေးငယ်များအား ကာကွယ်ဆေးအပြည့်အဝထိုးနှံပေးနိုင်ရေး သက်ဆိုင်ရာဌာနများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း ဆောင်ရွက်ကြရန်နှင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့်လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း” အမှာစကားပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက  သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုအခြေအနေ၊ မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး စတင်ထိုးနှံမှုနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအခြေအနေ၊ (HPV)ပိုး ကူးစက်ပျံ့နှံ့ခြင်းနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ခြင်းနှင့်ကုသခြင်း၊ ဆေးထိုးရန်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


Read More...
08-Sep-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၃ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာ တန်ဆောင်ခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၃ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကိုကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။ ဦးစွာ အခမ်းအနားကို ပုသိမ်မြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ဒို့အင် ဒို့အား” သီချင်းဖြင့်ဂုဏ်ပြုသီဆိုဖွင့်လှစ်ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ကမ္ဘာ့နိုင်ငံအများစုက နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလ (၈)ရက်နေ့ကို နိုင်ငံတကာစာတတ်မြောက်ရေးနေ့အဖြစ် ကျင်းပလာသည်မှာ ၂၀၂၃ခုနှစ်၊ ယခုလ(၈)ရက်နေ့တွင် သက်တမ်း(၅၇)နှစ်ရှိပြီဖြစ်ပါကြောင်း၊ စာမတတ်သူဦးရေ များပြား နေခြင်းသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသည့်စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည် ကိုတွေ့ရှိရပါကြောင်း၊  စာတတ်မြောက်ခြင်းဖြင့် ဆင်းရဲမှုကို လျော့နည်းကျဆင်းစေရန် အထောက်အကူပြုသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံသားတိုင်း စာတတ်မြောက်မှသာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အောင်မြင်စွာဆောင်ရွက်သွားနိုင်မှာဖြစ်ပါကြောင်း၊ နိုင်ငံတိုင်းတွင် စာပေသည်လွန်စွာအရေးကြီးသည့်ကဏ္ဍတွင်ပါဝင်နေပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှုကိုတိုင်းတာရာတွင် ပညာရည်မြင့်မားခြင်းသည်လည်း အဓိကအချက် တစ်ချက်ပင်ဖြစ်ပါကြောင်း၊ လူတိုင်းတွင် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ၊ ကိုယ်စီရှိရမည်ဖြစ်ပေရာ စာပေမတတ်ခြင်းသည် ဗလငါးတန်အားလုံးကို ဆုံးရှုံးသည်နှင့် တူပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရေးကြိုးပမ်းဆောင်ရွက်ခြင်းသည် စာမတတ်သူပပျောက်ရေးကို ဦးတည်နေခြင်းဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေမြဲမှ အရွယ်လွန်သက်ကြီး စာမတတ်သူများ ပပျောက်သွားမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့်လည်း ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရေး၊ ရာနှုန်းပြည့်အတန်းစဉ်ကူးပြောင်းစေရေးနှင့် ပညာသင်ကြားမှု အခွင့်အရေးများ ထိခိုက်နစ်နာမှုမရှိစေရေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့်  ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “ တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့ အစည်း ကမ္ဘာကြီးသို့ ကူးပြောင်းဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့” ဟူသောဆောင်ပုဒ်နှင့်အညီ တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်နိုင်ရန်လူသားအားလုံး စာတတ်မြောက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြပါစို့လို့ဟု” တိုက်တွန်းအမှာစကားများ ပြောကြား သည်။ ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးက ၂၀၂၃ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့  ယူနက်စကို ညွှန်ကြားရေးချုပ်ကပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားပြီးနောက် စာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်မှု ဗီဒီယိုအားပြသည်။  ထို့နောက် ပုသိမ်မြို့ အမှတ်(၂၀)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ထာဝရမီးအိမ်ရှင်”သီချင်းဖြင့်လည်းကောင်း၊  ပုသိမ်မြို့ အမှတ်(၁၀)အခြေခံပညာမူလတန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက“စာ စာ စာ” သီချင်းဖြင့်လည်းကောင်း တေးသရုပ်ဖော်ဖျော်ဖြေတင်ဆက်ခဲ့ပြီး ပုသိမ်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ”စာတတ်မြောက်ရေး ဝိုင်းကူပေး” သီချင်းဖြင့် သီဆိုဂုဏ်ပြုနှုတ်ဆက်၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည် တော်များသည် ၂၀၂၃ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေး လှုပ်ရှားဆောင်ရွက်မှု ပြခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။


Read More...
08-Sep-2023
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြန်အောင်မြို့ လွန်ဆေးမြိုင်ပန်းခြံအနီး ကမ်းပြိုမှုဖြစ်ပွားခဲ့သောနေရာအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြန်အောင်မြို့ လွန်ဆေးမြိုင်ပန်းခြံအနီး ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ အုပ်ချုပ် ရေးအဖွဲ့များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ အရေးပေါ်ကမ်းထိန်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ယနေ့ညနေပိုင်းတွင် အဆိုပါနေရာများအားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်  အစိုးရအဖွဲ့ဝင်ကြီးများသည် မြန်အောင်မြို့၊ အမှတ် (၁)ရပ်ကွက် လွန်ဆေးမြိုင်ပန်းခြံအနီး  တာမိုင်(၅/၂) မှ(၇/၀)အတွင်း  ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့သောနေရာတွင် တာတမံကာကွယ် ဆောင်ရွက်ထာနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးတို့မှ ကမ်းစားကမ်းပြိုခြင်းများအား Geotextile ဖြင့်ကာကွယ်ခြင်း၊ တုတ်ရိုက်၊ သဲအိတ်ဖြည့်ကာကွယ်ခြင်းနှင့် ကမ်းထိန်းလုပ်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့်အစီအမံများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အရေးပေါ်ယာယီကမ်းထိန်းလုပ်ငန်းများအမြန်ဆုံးဆောင်ရွက်ရန်၊ ရေရှည်ကာကွယ်ရေးလုပ်ငန်းများ ရေးဆွဲဆောင်ရွက်ရန်နှင့် ဒေသခံများထိခိုက်မှုမရှိစေရေးကြိုတင်ရွှေ့ပြောင်းခြင်းများဆောင်ရွက်ထားရှိရန်မှာကြားခဲ့သည်။ ထို့နောက် မြန်အောင်မြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ဧရာဝတီမြစ်ရေ တက်ရောက်မှု အခြေအနေများကြည့်ရှုစစ်ဆေးခဲ့ပြီး စိုးရိမ်ရေမှတ်၊ အန္တရာယ်ရေမှတ်ရောက်ရှိမှုအခြေအနေများ အမြဲမပြတ်စောင့်ကြည့်ထားရှိရန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မြန်အောင်မြို့၊ အမှတ်(၆)ရပ်ကွက်ရှိ သမိုင်းဝင်မြန်အောင်ဘုံသာ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ အလှူငွေများလှူဒါန်းခဲ့သည်။ ထို့နောက် ဧရာဝတီမြစ်ရေ တက်ရောက်မှုကြောင့် ဓမ္မာရုံတွင် ရွှေ့ပြောင်းထားရှိသည့် အမှတ်(၆)ရပ်ကွက်ရှိ အိမ်ခြေ (၂၁)အိမ်၊ အိမ်ထောင်စု(၂၁)စုရှိ ရေဘေးရှောင်ပြည်သူများနှင့်တွေ့ဆုံအားပေး၍ စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့ပြီး တာဝန်ရှိသူများအား နေထိုင်စားသောက်ရေးကိစ္စများစနစ်တကျစီစဉ်ပေးရန်နှင့်ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်းသိရသည်။


Read More...
07-Sep-2023
ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး အလေးမအသင်းအား အောင်နိုင်ရေးအလံပေးအပ်
၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအလေးမအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီးအလေးမပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်  အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက် ပေးပြီး  ဧရာဝတီတိုင်းဒေသကြီးအလေးမ အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအတွက် အလေးမ အားကစားနည်းသည် အားထားရသည့် အားကစားတစ်ခု ဖြစ်ပြီး ပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့ပါကြောင်း၊ ယခင်နှစ်ထက် အောင်မြင်မှုများ ရရှိမည်ဟု မျှော်လင့်ပါကြောင်း၊ အားကစားသမားများအနေဖြင့် အားကစားတွင် ထူးချွန်သကဲ့သို့ ပညာရေး ဘက်တွင်လည်း မလစ်ဟင်းရအောင် ကြိုးစားဆောင်ရွက် ရမှာဖြစ်ပါကြောင်း၊ ထူးချွန်ထက်မြက် သည့် မျိုးဆက်သစ် အားကစားသမားများ ထပ်မံမွေးထုတ်ပေးနိုင်ရေးအတွက် လူငယ်နှင့် အားကစားကဏ္ဍ တိုးတက်လာစေရေးအတွက် ပညာရေးနှင့်အားကစားကို တွဲဖက်၍ဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ အောင်မြင်မှုရရှိသည့်အားကစားနည်း ဖြစ်သည့်အတွက် ကြိုးစားယှဉ်ပြိုင် သွားကြရန်မှာကြားလိုပါကြောင်း၊ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ကြစေ လိုကြောင်းနှင့် အောင်မြင်မှုများရရှိပါစေကြောင်း” အမှာစကားများ ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး အလေးမအသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။


Read More...
07-Sep-2023
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်)ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်)ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ကျင်းပရေး နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့်ပြိုင်ပွဲများကို ပြုလုပ်ပြီးစီးပြီဖြစ်၍ (တိုင်းဒေသကြီးအဆင့်) ကျင်းပရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဦးတည်ချက်(၄)ရပ်ဖြင့် အညီပြုလုပ်သွားရမှာဖြစ်ပါကြောင်း၊ (၂၃)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)ပြိုင်ပွဲတွင် တိုင်းဒေသကြီးအနေဖြင့် တတိယနေရာတွင် ရရှိခဲ့ပါကြောင်းနှင့် ယခင်နှစ်အားသာချက်များကို ဆက်လက်ထိန်းသိမ်း၍ အားနည်းချက်များကိုလည်း ပြုပြင်ဆောင်ရွက်သွားရန်လိုပါကြောင်း၊ ကော်မတီများအနေဖြင့်လည်း မိမိတို့တာဝန်ယူထားသည့် ကော်မတီများအလိုက် အသေးစိတ်တင်ပြဆွေးနွေးပေးကြစေလိုကြောင်း၊ ယခင်နှစ်(ဗဟိုအဆင့်)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သူများသည် တန်းတက်ပြိုင်ရမည်ဖြစ်ပါကြောင်း၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)ပြိုင်ပွဲတွင် ယခင်နှစ်ထက် အောင်မြင်မှုပိုမိုရရှိအောင် ကြိုးစားဆောင်ရွက်သွားရန်လိုပါကြောင်း”အမှာစကားများပြောကြားသည်။ ဆက်လက်၍ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူးက (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တိုင်းဒေသကြီးတွင် ကျင်းပနိုင်ရေးနှင့် ဗဟိုအဆင့်တွင်ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ကော်မတီဖွဲ့စည်းထားရှိမှု၊ ဗဟိုအဆင့်သို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အောင်နိုင်ရေးကော်မတီဖွဲ့စည်းထားရှိမှု၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆုရရှိမှုအခြေအနေများ၊ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲတွင် ခရိုင်အလိုက်ပြိုင်ပွဲဝင်ရောက်နိုင်မည့်အခြေအနေများအားလည်းကောင်း၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး(၁)က ပြိုင်ပွဲအစီအစဉ်နှင့် လစ်လပ်လျက်ရှိသော ပြိုင်ပွဲဝင်အဆင့်များအားလည်းကောင်း ရှင်းလင်းတင်ပြကြသည်။   ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသည့် ကော်မတီများနှင့်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် ဗဟိုအဆင့်ပြိုင်ပွဲတွင်လည်း ယခင်နှစ်ထက် အောင်မြင်မှုများရရှိအောင် ကြိုးစားဆောင်ရွက်ပေးကြရန် ဖြည့်စွက်ပြောကြားခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


Read More...
06-Sep-2023