သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်ကျေးရွာတွင် နွေစပါးစံကွက်ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်ကျေးရွာရှိ တောင်သူ ဦးထွန်းသွင်၏ တစ်နှစ်သုံးသီးစိုက် စိုက်ဧက(၂၀)တွင် တတိယသီးနှံ GW-11 နွေစပါးစံကွက် ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူများနှင့်ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ကာ သုံးသီးစိုက်ဧကများ ပိုမိုတိုးချဲ့စိုက်ပျိုးရေး၊ ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးရေး၊ စိုက်ပျိုးရေရရှိရေး၊ တောင်သူများ၏ လိုအပ်ချက်များနှင့် နည်းပညာများကူညီပံ့ပိုးဆောင်ရွက်ပေးရေး၊ သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး စနစ်ကျစံပြလယ်ယာစနစ် ဖော်ထုတ်နိုင်ရေး တောင်သူများ၊ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ပြီး GW-11 စပါး နွေစပါးစံကွက်ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးခဲ့သည်။ တောင်သူ ဦးထွန်းသွင်၏ တစ်နှစ်သုံးသီးစိုက် စိုက်ဧက(၂၀)တွင် တတိယသီးနှံ GW-11 စပါး နွေစပါးစံကွက်ရိတ်သိမ်းရာတွင် တစ်ဧကအထွက်နှုန်းမှာ စပါးအခြောက် (၁၀၈.၁)တင်း ထွက်ရှိခဲ့သည်။


Read More...
21-May-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်၊ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
၂၀၂၄ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၈)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို (၂၀.၅.၂၀၂၄)ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ ဘောလုံးအားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ ခရိုင်တစ်ခုနှင့်တစ်ခု အပြန်အလှန်ပူးပေါင်း ဆောင်ရွက်လာနိုင်စေရေးအစရှိသည့် ရည်ရွယ်ချက်များအပြင် ဧရာဝတီ တိုင်းဒေသကြီးကိုယ်စားပြု ထူးချွန်ထက်မြက်သည့် ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးကို ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ အားကစားဆိုသည်မှာ “ခွန်အားနှင့်ဉာဏ်ရည်ကို အသုံးချပြီးလှုပ်ရှားယှဉ်ပြိုင်မှု”ဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည့်အတွက် ယှဉ်ပြိုင်မှုပြင်းထန်လာသည့်အခါ ကစားသမားများအနေဖြင့် သတ်မှတ်ထားသည့် ဥပဒေများကို လိုက်နာရမည်ဖြစ်ပြီး စည်းကမ်းသေဝပ်မှု၊ တရားသောယှဉ်ပြိုင် အနိုင်ရရှိမှုကို ကျင့်သုံးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဖြူစင်မှုကိုပြသ၍ ကြံရည်ဖန်ရည်ကို အားကိုးပြုရမည်ဖြစ်ပြီး ဉာဏ်စွမ်းအားကောင်းမွန်မှု၊ မိမိအသင်းသားများနှင့် ညီညွတ်စွာဆက်ဆံပေါင်းသင်းမှုစသည့် ကာယ၊ ဉာဏ၊ စာရိတ္တ စွမ်းရည်များပါ ဘက်စုံထောင့်စုံ အတွဲညီစွာ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်အတွင်း၌လည်း ပြိုင်ဘက်အသင်းကို သည်းခံမှု၊ စိတ်ရှည်မှု၊ နားလည်မှုရှိပြီး ပြိုင်ပွဲပြီးစီးသည်အထိ ယှဉ်ပြိုင်ရဲသည့် ကြံ့ခိုင်သောစိတ်ဓာတ်ရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲကို ကြီးကြပ်ဆောင်ရွက်ကြမည့် ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှုကင်းစွာဖြင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ ပြိုင်ပွဲဥပဒေများအတိုင်း တိတိကျကျ ဆုံးဖြတ်ကြီးကြပ်ပေးကြရန်ကိုလည်း မှာကြားလိုပါကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် မိမိတို့၏ခရိုင်၊ မိမိတို့တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း” တိုက်တွန်းအမှာစကားပြောကြားပြီး ၂၀၂၄ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်၊ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကိုဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြ ပြီးနောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့အား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဖွင့်ပွဲစဉ်အဖြစ် ပုသိမ်ခရိုင်အသင်းနှင့် ကျုံပျော်ခရိုင်အသင်းတို့၏ အကြိတ်အနယ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါပွဲစဉ်တွင် ပုသိမ်ခရိုင်အသင်းက ကျုံပျော်ခရိုင်အသင်းအား လေးဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်၊ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယခုလ(၂၀)ရက်နေ့မှ (၂၉)ရက်နေ့အထိ ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်သည်။


Read More...
21-May-2024
၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံပေးအပ်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်း အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမား များက တစ်ဦးချင်းမိတ်ဆက်ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး ပိုက်ကျော်ခြင်းအသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အနိုင်ရရှိရေး ပိုမိုကြိုးစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲအားကစားသမားများအား မြို့နယ်အလိုက်ပြိုင်ပွဲများ ကျင်းပပြုလုပ်၍ နေရာအလိုက်အကောင်းဆုံးအားကစားသမားများကို ရွေးချယ်ပြီး စခန်းသွင်းလေ့ကျင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင် အသင်းအုပ်ချုပ်သူ၊ နည်းပြ၊ ကစားသမားအနေဖြင့် တစ်ဖက်အသင်း၏ အားသာချက်၊ အားနည်းချက်များကို ရှာဖွေဖော်ထုတ်၍ အနိုင်ရရှိအောင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မိမိတို့အသင်း၏ အားနည်းချက် များကိုလည်း ပြုပြင်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိတို့အသင်း အောင်မြင်မှုရရှိစေရန်အတွက် နည်းပြ၊ အုပ်ချုပ်၊ အားကစားသမားများအားလုံးက အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားအောင် ကြိုးစားယှဉ်ပြိုင်ကြရန်နှင့် တိုင်းဒေသကြီးနှင့်နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားများဖြစ်ကြပါစေကြောင်း”အမှာစကား ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။


Read More...
19-May-2024
ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကို မေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စေတနာလုပ်အားပေးနည်းပြ ဆရာဆရာမများနှင့် စာသင်သားများ တက်ရောက်ကြသည်။ ဦးစွာ ဧရာဝတီတိုင်းဒေသကြီး၊ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများစာတတ်မြောက်ရေးလုပ်ငန်း တိုင်းဒေသကြီးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် တိုင်းရင်းသားပြည်သူများအနေဖြင့် စိတ်ပါဝင်စားစွာ လာရောက်သင်ကြားခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ စာသင်ဝိုင်း(၁၇၇၁)ဝိုင်းတွင်ရှိသည့် စာသင်သား (၂၅၀၁၆)ဦးအား ဆရာ၊ ဆရာမ နည်းပြ (၁၇၇၁)ဦး ၊ ကြီးကြပ်(၂၁၇)ဦးတို့က ရက်ပေါင်း (၄၀)ကြာ တစ်နေ့လျှင် ပျမ်းမျှ (၃)နာရီနှုန်းဖြင့် နာရီပေါင်း (၁၂၀)ကြာ သင်ကြားပို့ချပေးခဲ့ ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အခြေခံစာတတ်မြောက်ရေး လုပ်ငန်းတွင် စိတ်ရင်းစေတနာဖြင့် သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများ ကူညီဆောင်ရွက် ပေးသည့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားခဲ့သော အရေး၊ အဖတ်၊ အတွက်များကို ဆက်လက်လေ့လာဆည်းပူးကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်မှ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးတွင် ရှင်သန်ခိုင်မာနေသည့် စာကြည့်တိုက်ပေါင်း(၃၂၃)တိုက်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများမှ ပြည်သူများအနေဖြင့်လည်း စာကြည့်တိုက်ရှိ သုတ၊ ရသစာပေများကို လေ့လာဖတ်ရှုနိုင်မည် ဖြစ်ပါကြောင်း၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားခဲ့သည့်ပြည်သူများအနေဖြင့် မိမိတို့သင်ကြားခဲ့သည် စာပေများကို ဆက်လက်လေ့လာဆည်းပူးရင်းဖြင့် အောင်မြင်တိုးတက် သော ဘဝကိုတည်ဆောက်နိုင်ပါစေကြောင်း” ဂုဏ်ပြုအမှာစကားများပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စာတတ်မြောက်ရေးနှင့် ကျောင်းပြင်ပ ပညာရေးလုပ်ငန်း ဆောင်ရွက် ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်ရန်များကို ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်မှုမှတ်တမ်း ဗီဒီယိုပြသမှုများကို ကြည့်ရှု့အားပေးခဲ့သည်။ ယင်းနောက် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးစီးကော်မတီက တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးပညာရေးမှူးအား ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများစာတတ်မြောက်ရေး၏ ကဏ္ဍတစ်ခုဖြစ်သည့် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားပေးခဲ့သည့် စေတနာလုပ်အားပေးနည်းပြ၊ ကြီးကြပ်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေးအပ်ရာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီးပညာရေးမှူးနှင့် နည်းပြ၊ ကြီးကြပ် ဆရာ၊ ဆရာမများက လက်ခံရယူခဲ့သည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းတွင် စာတတ်မြောက်ရေး၏ ကဏ္ဍတစ်ခုဖြစ်သည့် အခြေခံစာတတ်မြေ ာက်ရေးလုပ်ငန်းတွင် သင်ကြားခဲ့သည့် စာသင်သားများအတွက် သင်ယူပြီးမြောက်ကြောင်း လက်မှတ်များကို ဆက်လက်ပေးအပ်ခဲ့ပါသည်။ထို့နောက် ငယ်စဉ်ကကျောင်းမနေခဲ့ဖူးသူ၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ စာမတတ်ခဲ့သူတစ်ဦးဖြစ်သည့် ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အမက-တံတားကြီးတန်း စာသင်ဝိုင်းမှ သတ်မှတ်နာရီ၊ သတ်မှတ်ရက်ပြည့်မီအောင်သင်ကြားခဲ့သဖြင့် စာတတ်မြောက်လာခဲ့သူ အသက်(၅၅)နှစ်အရွယ် စာသင်သား ဒေါ်စိန်သန်းက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် နည်းပြ၊ ကြီးကြပ်များ၊ စာသင်သားများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီးနောက် စာသင်သားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကာ ၂၀၂၄ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။


Read More...
19-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်သည့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“၂ဝ၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်ရှိ ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း LEGAL ADVOCACY CENTER (LAC) ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲက ဥပဒေအသိပညာပြန့်ပွားရေး လုပ်ငန်းများကို တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် ပြည်သူများကိုလည်း ဥပဒေ အသိပညာပေးခြင်းကို တိုးမြှင့်ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ ဥပဒေအသိပညာ ပြန့်ပွားစေရေးကို ဆောင်ရွက်ပေးခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ဖော်ဆောင်ရေးကို တစ်ဖက်တစ်လမ်းက ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့်အပြင် အဂတိလိုက်စားမှုကင်းသော နိုင်ငံတစ်ခုဖြစ်လာနိုင်သည့် အကျိုးကျေးဇူးရရှိမှာ ဖြစ်ကြောင်း၊ ဥပဒေ အသိပညာပြန့်ပွားရေးလုပ်ငန်းစဉ်များကို ယခုထက် ပိုမိုအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားချက်အရ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီးဥပဒေချုပ်ရုံးက ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်းနှင့် ယခုသင်တန်းတက်ရောက်မည့် ဆရာ၊ ဆရာမများအနေဖြင့် သင်တန်းတွင်ပို့ချသည့် ဥပဒေဘာသာရပ်ကို လေ့လာမှတ်သားပြီး မိမိတို့၏ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားလူငယ်များအား ထပ်ဆင့်ဆွေးနွေးပေးသွားရန်” တိုက်တွန်းအမှာစကားပြောကြားပြီး သင်တန်းအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု ဗီဒီယိုပြသမှုအားကြည့်ရှုအားပေးခဲ့ပြီးနောက် စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့သည်။ အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ကို (၁၈.၅.၂၀၂၄) ရက်နေ့မှ (၁၉.၅.၂၀၂၄)ရက်နေ့ထိ သင်တန်းချိန်(၈)ချိန်၊ (၂၅.၅.၂၀၂၄)ရက်နေ့မှ (၂၆.၅.၂၀၂၄) ရက်နေ့ထိ သင်တန်းချိန်(၈)ချိန် စုစုပေါင်းသင်တန်းချိန်(၁၆)ချိန် သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား ဆရာ၊ ဆရာမ (၅၀) ဦးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ ရာဇသတ်ကြီး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ၊ အများနှင့်သက်ဆိုင်သောပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ နိုင်ငံဝန်ထမ်းဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ လောင်းကစားဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေ၊ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ စီးပွားရေးစာချုပ် စာတမ်းအကြောင်း သိကောင်းစရာများနှင့်စပ်လျဉ်း၍ ဥပဒေအရာရှိ (၉)ဦးက သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပါသည်။


Read More...
18-May-2024