သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အိမ်မဲမြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် အိမ်မဲမြို့နယ်၊ အမှတ်(၈)လမ်း၊ ချောင်းဝရပ်ကွက်တွင် ကျင်းပပြုလုပ်သည့် အိမ်မဲမြို့နယ် ကရင်တိုင်းရင်းသားရေးရာ စာပေနှင့်ယဉ်ကျေးမှုအသင်းရုံး (၁၈ပေ×၄၅ပေ)RC နှစ်ထပ် ဆိုင်းဘုတ်တင် ရုံးသစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသင်းရုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိမ်မဲမြို့နယ်၊ ရွှေပြည်တန်ခန်းမတွင် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ  အိမ်မဲမြို့နယ်တွင်လူဦးရေ ထက်ဝက်ကျော်မှာ ကရင်တိုင်းရင်းသားများဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် တည်ငြိမ်အေးချမ်းပြီး ရေခံမြေခံကောင်းမွန်သည့်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်ဆောက်ရာတွင် ပညာရေးနှင့် ရင်းနှီးမြှုပ်နှံရမှာဖြစ်၍ ကျောင်းနေအရွယ်ကလေးများအားလုံးကျောင်းတက်ရောက်စေရေး မိဘများက ဝိုင်းဝန်းဆောက်ရွက်ပေးကြရန်ဖြစ်ပါကြောင်း၊ ယခုကာလတွင် သွေးလွန်တုပ်ကွေးရောဂါများ ဖြစ်ပွားမှုအနည်းငယ်ရှိလာ၍ သွေးလွန်တုပ်ကွေးအပါအဝင် ကူးစက်ရောဂါများဖြစ်ပွားမှုမရှိစေရေးကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့် ဖုံး၊သွန်၊ လဲ၊ စစ်စသည့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကိုလည်းစနစ်တကျဆောင်ရွက်ကြရန်လိုပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေရန်၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဒေသခံ တိုင်းရင်းသားအားလုံးက ချစ်ကြည်ရင်းနှီးစွာ အတူတကွ  ပူးပေါင်းဆောင််ရွက်ပေးကြရန်ပြောကြားခဲ့သည်။ ထို့နောက် အိမ်မဲမြို့နယ် ကရင်တိုင်းရင်းသားရေးရာ စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ မှ ကျေးဇူးတင်ပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဒေသခံ ကရင်တိုင်းရင်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။


Read More...
10-Jul-2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်တက္ကသိုလ်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်နှင့် မြို့များအား“CLEAN CITY၊GREEN CITY" ဖြစ်စေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျှက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်ဝန်း၌ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ တက္ကသိုလ်ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူလူထုများနှင့် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့ဝင်များ၏ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ကာ တက္ကသိုလ်သန့်ရှင်းသာယာရေးနှင့် စိမ်းလန်းစိုပြေစေရေးအတွက် ခြုံနွယ်များရှင်းလင်းရန်၊  ပန်းအလှပင်များ၊ အရိပ်ရအပင်များစနစ်တကျ စိုက်ပျိုးရန်နှင့်ရေစီးရေလာကောင်းမွန်စေရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ပုသိမ်တက္ကသိုလ်စာကြည့်တိုက် ဆောက်လုပ်ပြီးစီးနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် အဝေးသင် ဒုတိယနှစ် ရူပဗဒ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုများကို ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။


Read More...
09-Jul-2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် Contract Farming စနစ်ဖြင့် အကျိုးတူနေကြာစိုက်ပျိုးခြင်း၊ စားသုံးဆီထုတ်လုပ်ခြင်းဆိုင်ရာဆွေးနွေးပွဲတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)၌ Contract Farming စနစ်ဖြင့် အကျိုးတူ နေကြာစိုက်ပျိုးခြင်း၊ စားသုံးဆီထုတ်လုပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲ အချိန်တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနများ၊ ဆီစက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “  မိုးနေကြာ(မျိုးစေ့ထုတ်) ဧက ၃၀၀၀  စိုက်ပျိုးပြီးဖြစ်ပါကြောင်း၊ စားသုံးဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုး၍ စားသုံးဆီထုတ်လုပ်နိုင်ရေး သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင်များနှင့် ယခုလို တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ နေကြာကြိတ်ခွဲရာတွင်  ထွက်ရှိသော နေကြာဖတ်သည် တိရစ္ဆာန်အစာအတွက် လွန်စွာအသုံးဝင်သော ကုန်ကြမ်းပစ္စည်းဖြစ်ပါကြောင်း၊ နေကြာဆီသည် လူများအတွက် အကျိုးပြုဓာတ်များ များစွာ ပါရှိကြောင်း၊ နေကြာကိုအောင်မြင်စွာစိုက်ပျိုးကြိတ်ခွဲနိုင်ပါက တိုင်းဒေသကြီးအတွက် ဆီဖူလုံမှုကိုများစွာ အထောက်အကူပြု အကျိုးသက်ရောက်မည် ဖြစ်ပါကြောင်း၊နေကြာဆီ ထုတ်လုပ်ခြင်းဖြင့် နိုင်ငံခြားသို့ နှစ်စဉ်ထွက်ရှိနေသည့် ငွေများလျော့ကျစေနိုင်မည် ဖြစ်ပါကြောင်း၊ နေကြာဆီထုတ်လုပ်နိုင်ရန်အတွက် ဆီနှင့်ပတ်သက်သည့် အတွေ့အကြုံရှိသောသူများနှင့် ယခုကဲ့သို့  တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆီထွက်သီးနှံ မျိုးကောင်းများရရှိစေရန်နှင့် တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လုပ်ငန်းရှင်များကလည်း တတ်နိုင်သမျှဝိုင်းဝန်း ကူညီစောင့်ရှောက်ပေးစေလိုကြောင်းနှင့် တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံစေရေးအတွက် ဝိုင်းဝန်းကြိုးစားကြစေလိုကြောင်း”အမှာစကားပြောကြားသည်။ ထို့နောက်ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့်  သက်ဆိုင်ရာဌာနများနှင့် ဆီစက် လုပ်ငန်းရှင်များက တစ်ဦးချင်းစီ ဆက်လက်ဆွေးနွေး တင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


Read More...
08-Jul-2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် နည်းပညာတက္ကသိုလ်(ပုသိမ်) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်‌ရာများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ်(ပုသိမ်)သို့ သွားရောက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ပါသည်။ ရှေးဦးစွာ နည်းပညာတက္ကသိုလ်(ပုသိမ်) စက်မှုအင်ဂျင်နီယာဌာန၊ ကျောင်းသားကျောင်းသူများမှ မြကျွန်းညိုညို သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး  တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားရာ" လူငယ်မောင်မယ်များသည် အဆင့်မြင့်ပညာရပ်များလေ့လာသင်ယူပြီး နိုင်ငံ့အကျိုးအတွက်ထမ်းဆောင်ရန် ရည်ရွယ်ချက်များဖြင့် နည်းပညာတက္ကသိုလ်ကြီးသို့ရောက်ရှိလာကြခြင်းဖြစ်၍ လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ မောင်မယ်တို့၏ သင်ယူနိုင်မှု၊ လေ့လာနိုင်မှု ၊ တီထွင်ဆန်းသစ်နိုင်မှု၊ အတွေးအခေါ်အယူအဆများနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေး အားဖြည့်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ပညာခေတ်၊ နည်းပညာခေတ်ဖြစ်၍ ဆရာ၊ဆရာများ၏ သင်ကြားပို့ချမှုများကိုစနစ်တကျ မှတ်သားနာယူပြီး လက်တွေ့လေ့လာချက်များ၊ တီထွင်ဆန်းသစ်မှုများဖြင့် တိုင်းဒေသကြီး၊ နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သည့်သားကောင်း၊ သမီးကောင်းများ၊ပညာရှင်များဖြစ်အောင်ကြိုးစားကြရန်လိုပါကြောင်းပြောကြားခဲ့ပြီး နည်းပညာတက္ကသိုလ်(ပုသိမ်) ဒုတိယပါမောက္ခချုပ်မှ ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသား၊ကျောင်းသူများ၏ တေးသရုပ်ဖော်များ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြမှုများကိုကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ထောက်ပံ့ငွေများပေးအပ်ချီးမြှင့်ခဲ့ပါသည်။


Read More...
08-Jul-2022
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပုသိမ်တက္ကသိုလ် သန့်ရှင်းသာယာလှပေရေး၊ စိမ်းလန်းစိုပြေရေးဆောင်ရွက်နေမည့်နေရာများအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်တက္ကသိုလ်သို့ သွားရောက်၍ တက္ကသိုလ်သန့်ရှင်းသာယာလှပေရေး၊ စိမ်းလန်းစိုပြေရေးဆောင်ရွက်နေမည့်နေရာများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အစည်းအဝေးခန်းမတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ မော်ကွန်းထိန်း၊ အဆောင်မှူးများနှင့်တွေ့ဆုံခဲ့ရာ ပါမောက္ခချုပ်မှ ဘာသာရပ်အလိုက်အားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်မှုအခြေအနေများ၊ တက္ကသိုလ်သန့်ရှင်းသာယာရေးနှင့် စိမ်းလန်းစိုပြေရေး ဆောင်ရွက်မည့်အစီအစဉ်များကိုရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသသကြီးဝန်ကြီးချုပ်မှ  မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း တက္ကသိုလ်၏ အခမ်းအနားများ၊ စာတမ်းဖတ်ပွဲများ၊ ပြပွဲပြိုင်ပွဲများကို တက်ရောက်အားပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတိုးတက်အောင်မြင်စေရေး စနစ်တကျဆောင်ရွက်ရာတွင် တက္ကသိုလ်၊ ကောလိပ် သိပ္ပံများမှ ခေတ်မီဆန်းသစ်သောလေ့လာတွေ့ရှိချက်များကိုလည်း လက်တွေ့လုပ်ငန်းခွင်တွင်အကျိုးရှိစွာအသုံးချရန်လိုအပ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ၏ ဝါသနာအလိုက် အားကစားနှင့်အနုပညာကိုလည်း စနစ်တကျလေ့ကျင့်သင်ကြားပေးပြီး တိုင်းဒေသကြီးဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများ၊ အနုပညာသမားများဖြစ်စေရေး ပြုစုပျိုးထောင်ပေးစေလိုပါကြောင်း၊ တက္ကသိုလ် သန့်ရှင်းသာယာရေးနှင့်စိမ်းလန်းစိုပြေစေရေးဆောင်ရွက်ရာတွင် ပန်းအလှပင်များ၊ အရိပ်ရအပင်များ ထည့်သွင်းစိုက်ပျိုးရန်နှင့် ရှေရှည်စီမံချက်များရေးဆွဲ၍စနစ်တကျ ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများလည်းဆောင်ရွက်ရန်လိုပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအနေဖြင့်လည်း လိုအပ်သည်များကို ဝိုင်းဝန်းဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများမှ တက္ကသိုလ်ကျောင်းအပ်နှံတက်ရောက်မှုများ၊ သန့်ရှင်းသာယာလှပရေးဆောင်ရွက်မည့် အခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ပါသည်။


Read More...
07-Jul-2022