သတင်းများ


(၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကန်ကြီးထောင့်မြို့၊ ကိုယ့်အား ကိုယ်ကိုး မြို့မဈေးသစ်ဖွင့်ပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကန်ကြီးထောင့်မြို့၊ ကိုယ့်အားကိုယ်ကိုး မြို့မဈေးသစ်ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိက မြို့မဈေးသစ် တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးတို့နှင့် ဈေးကော်မတီဥက္ကဋ္ဌတို့က ကန်ကြီးထောင့်မြို့၊ မြို့မဈေးသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးထံသို့ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ခေတ္တညွှန်ကြားရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့က ကန်ကြီးထောင့်မြို့၊ မြို့မဈေးသစ်ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဖွင့်လှစ်ပြီးသော မြို့မဈေးသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဈေးသူဈေးသားများနှင့်တွေ့ဆုံ၍ ရောင်းဝယ်မှုအခြေအနေများ၊ သယ်ယူပို့ဆောင်မှုအခြေအနေများရင်းရင်းနှီးနှီးဆွေးနွေးမေးမြန်းခဲ့ကြောင်းသိရသည်။ အဆိုပါဈေးတွင် အထည်တန်းဈေးရုံNo-A (၉'x၈') ၆၀ခန်း၊ ဟင်းရွက်တန်းဈေးရုံNo-B (၆'x၇') ၂၈ခန်း၊ ကုန်ခြောက်တန်းဈေးရုံNo-C (၆'x၇)၃၂ခန်း၊ မုန်းဈေးတန်းဈေးရုံNo-D (၅'x၇') ၁၆ခန်း၊ သားငါးတန်းဈေးရုံNo-E (၅'x၄') ၂၅ခန်း၊ အထွေထွေရောင်းကုန်တန်းဈေးရုံNo-F (၁၀'x၇.၅’)၁၆ခန်း၊ စုစုပေါင်း (၁၇၇)ခန်းပါဝင်ကြောင်းသိရသည်။


Read More...
10-Jan-2024
ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး အသိပေးဆွေးနွေးခြင်း အခမ်းအနားတက်ရောက်
ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး အသိပေးဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး၊ ကြက်ခြေနီစသည့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးတွင် လူဦးရေ(၆၄)သိန်းကျော် နေထိုင်လျက်ရှိကာ လူဦးရေအများဆုံး တိုင်းဒေသကြီးတွင် တစ်ခုပါအဝင်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးသည် မြစ်၊ချောင်း၊အင်း၊အိုင်များ ပေါများပြီး နေရာအချို့တွင် သွားရေးလာရေးခက်ခဲသည့်နေရာများလည်းရှိသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများအဆင်ပြေစေရေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တစ်ဖက်မှလည်း လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်၍ ကျေးလက်ကျန်းမာရေးဌာနများနှင့် ကျန်းမာရေးဝန်ထမ်းများကို ဖြည့်ဆည်းပေးကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များကိုလည်း ထောက်ပံ့ ငွေများပေးအပ်လျက်ရှိရာကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များရရှိစေရေး သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့ပြင် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ပြီးကိုယ်ဝန်ဆောင်စောင့်ရှောက်မှု လုပ်ငန်းများ၊ မိခင်နှင့် ကလေးကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ ၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများ အပြင် ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်း၊တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ မကူးစက်နိုင်သော ရောဂါများကာကွယ်ခြင်း၊ ရောဂါရှာဖွေခြင်း ၊ ကုသခြင်းနှင့် ညွှန်းပို့ခြင်းလုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုမြင့်မားစွာ ရရှိသည့်တိုင်းဒေသကြီး တစ်ခုဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်ရာမှာ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ရေးသည်လည်း အင်မတန်အရေးကြီး၍ ကျန်းမာရေးဦးစီးဌာနမှ သင်တန်းများဖွင့်လှစ်၍ ကျန်းမာရေးဝန်ထမ်းများဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသော်လည်း လိုအပ်ချက်များရှိနေပါသေးကြောင်းနှင့် တိုင်းဒေသကြီး၏ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေးနိုင် ဆွေးနွေးအကြံပြုပေးကြရန်တိုက်တွန်း ပြောကြားလိုပါကြောင်း” အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စိတ်ကျန်းမာရေးနှင့် သွားနှင့်ခံတွင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ ကလေးငယ်များအတွက် အသက်အရွယ်အပိုင်းခြားအလိုက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး လုပ်ငန်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် သတိပြုလိုက်နာရမည့် အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။


Read More...
10-Jan-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ကျင်းပသည့် ဥပ္ပါတသန္တိပါဠိတော်ပူဇော်ပွဲဒသမနေ့(အောင်ပွဲ) မဟာမင်္ဂလာ အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဥပ္ပါတသန္တိပါဠိတော်ပူဇော်ပွဲ ဒသမနေ့(အောင်ပွဲ) မဟာမင်္ဂလာ အခမ်းအနားကိုပုသိမ်မြို့ သာသနာ့ဗိမာန်တော်ကြီး၌ ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဇောတိဿရ MA.Ph.D (India)အရှင်သူမြတ်က ဘုရားပင့်ခြင်း၊ နတ်ဖိတ်ခြင်း၊ ဥပ္ပါတသန္တိပါဠိတော်ပူဇော်ခြင်း၊ ပဋ္ဌာန်းပစ္စယုဒ္ဒေသပူဇော်ခြင်း၊ အရပ်(၁၀)မျက်နှာ မေတ္တာပို့ခြင်း၊ အမျှပေးဝေခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်ကြီးများနှင့် ဘာဏက ဆရာတော်များအား အရုဏ်ဆွမ်းများဆက်ကပ်ခဲ့ကြသည်။ ဆက်လက်၍ ဥပ္ပါတသန္တိပါဠိတော်ပူဇော်ပွဲ ဒသမနေ့ (အောင်ပွဲ) မဟာမင်္ဂလာ အခမ်းအနားကျင်းပရာ ဆရာတော် သံဃာတော်များနှင့် အခမ်းအနားတက်ရောက်လာကြသူများက “နမောတဿ” (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ အရှင်ဉာဏောဘာသက ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာတော်ဖြင့် သဗ္ဗညုတဘုရားရှင်ကိုပင့်ဆောင်ပူဇော်ခဲ့သည်။ ယင်းနောက် နိုင်ငံတော် ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး တိုင်းဒေသကြီးသာသနာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူးက ပင့်ဖိတ်ထားသော နတ်၊ ဗြဟ္မာတို့အား ပြန်လည်ပို့ဆောင်၍ အခမ်းအနားအား "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။


Read More...
10-Jan-2024
ကုသိုလ်ယူပါဝင်လှူဒါန်းနိုင်ပါရန်နှိုးဆော်ခြင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်မဟာမကုဋရံသီဆံတော်ရှင်မြတ်မော်တင် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်းအား စေတနာရှင်အများပြည်သူများ၏ စုပေါင်းထည့်ဝင်လှူဒါန်းမှုဖြင့် ဆောင်ရွက်လျက်ရှိရာ ပါဝင်ကုသိုလ်ယူလှူဒါန်းလိုသူများအနေဖြင့် အထက်ပစ္စယံ မဟာရံတံတိုင်း(၁၀)ပေ(၁)ခန်းလျှင် (၁၆)သိန်းကျပ်ဖြင့်လည်းကောင်း၊အောက်ပစ္စယံ နားနေဆောင်များလက်ရန်း(၉)ပေ(၁)ခန်းလျှင် (၁၁)သိန်းကျပ်နှူန်းဖြင့်လည်းကောင်း၊အောက်ပစ္စယံနားနေဆောင်ကြမ်းခင်းကြွေပြားခင်းခြင်းလုပ်ငန်းအတွက် ကြွေပြား (၁)ချပ်လျှင် ( ၄၀၀၀/-)ကျပ်နှူန်းဖြင့်လည်းကောင်း၊ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်းများအတွက် သဒ္ဒါတတ်အားနည်းများမဆို ပါဝင်လှူဒါန်းလိုလျှင် လည်းကောင်း ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါသည်။ ဦးတင်အေး (စီးပွားရေးရာဝန်ကြီး) ၀၉-၈၈၂၃၂၃၇၃၇ ဦးသန်းဇော်ဟန် (ဒုတိယညွှန်ကြားရေးမှူး) ၀၉-၅၂၇၅၄၇၉


Read More...
10-Jan-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် နည်းပညာတက္ကသိုလ်(ပုသိမ်)၌ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားအား တက်ရောက်အားပေး
နည်းပညာတက္ကသိုလ်(ပုသိမ်)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ်(ပုသိမ်) မြို့ပြအင်ဂျင်နီယာဌာန၊ အီလက်ထရောနစ်အင်ဂျင်နီယာဌာန ကျောင်းသူများ၏ တေးသီချင်းများဖြင့် ဖျော်ဖြေကပြမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “နည်းပညာတက္ကသိုလ်တွင် စတင်ပညာဆည်းပူးမည့် မောင်တို့မယ်တို့အား တက္ကသိုလ်ရှိ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခများကအပါအဝင် စီနီယာအစ်ကို၊ အစ်မများက နွေးထွေးစွာကြိုဆိုကြခြင်းဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြပြီး မိမိတို့ဝါသနာပါသည့်ဘာသာရပ်များအလိုက် အဆင့်မြင့်ပညာများကို ဆက်လက်လေ့လာသင်ယူကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်အသီးသီးတွင် ဒေသနှင့် နိုင်ငံအကျိုးရှိစေမည့် ဘာသာရပ်များကိုတိုးချဲ့သင်ကြားလျက်ရှိပြီး မောင်တို့မယ်တို့အနေဖြင့်လည်း အင်ဂျင်နီယာဘာသာရပ်များကို ပိုမိုလေ့လာဆည်းပူးခွင့် ရရှိမည်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်တွင် နည်းပညာကဏ္ဍသည် လွန်စွာအရေးပါလာပြီဖြစ်၍ အဆင့်မီ နည်းပညာရပ်များအား ကျောင်တော်ကြီးမှသင်ကြားပို့ချလျက်ရှိပြီး မောင်မယ်တို့၏ သင်ယူနိုင်မှု၊ လေ့လာနိုင်မှု ၊တီထွင်ဆန်းသစ်နိုင်မှု၊ အတွေးအခေါ် အယူအဆများနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက် သော နိုင်ငံတော်တည်ဆောက်ရေးအတွက် အားဖြည့်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်၍ စက်မှုနည်း ပညာဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်အတွက် မောင်တို့မယ်တို့၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါကြောင်း၊ ထို့ပြင် မောင်တို့မယ်တို့အနေဖြင့် အနေဖြင့်လည်း မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် အဆင့်မြင့်ပညာကဏ္ဍအတွက် တိုင်းဒေသကြီးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ရန်နှင့် အားကစားလှုပ်ရှားမှုများကိုလည်းဆောင်ရွက် ကြဖို့တိုက်တွန်းပြောကြားလိုပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် ကိုယ်ပိုင်းအတွေးအခေါ် ကိုယ်ပိုင်ဉာဏ်စွမ်းဖြင့် စဉ်းစားတွေးခေါ်၍ ခေတ်မီနည်းပညာရပ်များအားကြိုးစားလေ့လာသင်ယူကြပြီး တိုင်းဒေသကြီးနှင့်နိုင်ငံတော်အတွက်အားကိုးအားထားပြုနိုင်သည့် နိုင်ငံ့သား ကောင်း၊ သမီးမွန်များဖြစ်ကြပါစေကြောင်း” နှုတ်ခွန်းဆက်အမှာစကားများပြောကြားပြီး နည်းပညာတက္ကသိုလ်(ပုသိမ်)ဒုတိယပါမောက္ခချုပ်ထံသို့ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ နည်းပညာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ဆက်လက်ပြောကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန၊ စက်မှုအင်ဂျင်နီယာဌာန၊ သုတနည်းပညာအင်ဂျင်နီယာ ဌာနတို့မှ ကျောင်းသား၊ကျောင်းသူများ၏ တေးသရုပ်ဖော်အကများနှင့် ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


Read More...
09-Jan-2024