သတင်းများ
ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် နွေရာသီကင်းထောက်လူငယ် သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့်နွေရာသီကင်းထောက်လူငယ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ရတနာတန်ဆောင်ခမ်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ကင်းထောက်လူငယ်များ တက်ရောက်ခဲ့ကြသည်။
Read More...
23-Apr-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ခုနှစ်၊လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံ
Read More...
ဧရာဝတီတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံပွဲကို ယနေ့ ညနေပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝန် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် လူရည်ချွန်မောင်မယ်များတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “လူရည်ချွန်စခန်းအသီးသီးသို့ သွားရောက်ကြမည့် မိမိတို့တိုင်းဒေသကြီးမှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူ ၆၄ ဦးနှင့်ကြီးကြပ်သူဆရာ၊ ဆရာမ(၄)ဦးတို့အား ဂုဏ်ပြုတွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ လူရည်ချွန်မောင်မယ်များသည် ဘက်စုံထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများဖြစ်သောကြောင့် မျိုးဆက်သစ် ညီငယ်ညီမငယ်များ၏စံနမူနာပြဖြစ်ရန် လူရည်ချွန်မောင်မယ်များအဖြစ် ရွေးချယ်ခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်တွင် တိုင်းဒေသကြီးအတွင်း ငွေဆောင်လူရည်ချွန်စခန်းနှင့် ချောင်းသာလူရည်ချွန်စခန်းနှစ်ခု ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနယ်နယ်အရပ်ရပ်ရှိ လူရည်ချွန်များစခန်းများသို့ရောက်ရှိကြသည့်အခါ မိမိတို့တိုင်းဒေသကြီး၏ ဒေသဆိုင်ရာအချက်အလက်များအားသိရှိပြီး ဒေသန္တရဗဟုသုတများအား နှီးနှောဖလှယ်ဆွေးနွေးကြစေလိုကြောင်း၊ လူရည်ချွန် ကျောင်းသား၊ကျောင်းသူများအနေဖြင့် အနာဂတ်ခေါင်းဆောင်များအဖြစ် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်ကြရမည်ဖြစ်ပြီး ဘက်ပေါင်းစုံမှထူးချွန်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူရည်ချွန်မောင်မယ်များဖြစ်စေရေး ကြိုးပမ်းကြစေလိုကြောင်း” ဂုဏ်ပြုနှုတ်ခွန်းဆက်စကားများ ပြောကြားပြီး လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်ဆရာ၊ ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများအားပေးအပ်ရာ လူရည်ချွန်မောင်မယ်များကိုယ်စား လူရည်ချွန်မောင်မယ်နှစ်ဦးက လက်ခံရယူခဲ့သည်။
ထို့နောက် ပုသိမ်မြို့အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း Grade-11မှ နှစ်ထပ်ကွမ်းလူရည်ချွန် မအိအိတုံက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား မြန်အောင်ခရိုင်ပညာရေးမှူးက Grade-9၊ Grade-10၊ Grade-11၊ Grade-12တို့မှ လူရည်ချွန်မောင်မယ်များနှင့် တစ်ဦးချင်းမိတ်ဆက်ပေးသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် Grade-9၊ Grade-10နှင့် Grade-11၊ Grade-12တို့မှ လူရည်ချွန်မောင်မယ်များ၊ ကြီးကြပ်ဆရာ၊ ဆရာမများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး လူရည်ချွန်မောင်မယ်များအား စားသောက်ဖွယ်ရာများနှင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသိရသည်။
Read More...
22-Apr-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သည့် နွေရာသီအဆင့်မြင့် အားကစားသင်တန်းများဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သည့် နွေရာသီအဆင့်မြင့် အားကစားသင်တန်းများဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား အားကစားသမားများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်“ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်များအားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေး၊ အသိပညာဗဟုသုတများ၊ တိုင်းပြည်နှင့်လူမျိုးကို ချစ်သည့်စိတ်များ တိုးပွားလာစေရေးတို့ အတွက် လူငယ်နှင့်ပတ်သက်သည့် သင်တန်းများ၊ လှုပ်ရှားမှုကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များ အလိုက်စနစ်တကျ အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးအတွင်း၌လည်း သင်္ကြန်ကာလမတိုင်မီက တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးပြီး အားကစားနည်း(၁၀)မျိုးဖြင့် သင်တန်းသား၊ သင်တန်းသူ ပေါင်း(၂၄၈)ဦးဖြင့်အခြေခံသင်တန်းများ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို ဦးတည်ဆောင်ရွက်နေသကဲ့သို့ အားကစားနည်းအလိုက် စနစ်တကျတတ်သိနားလည် လေ့ကျင့်လိုက်စားနိုင်ရေးအတွက် ယခုလိုနွေရာသီအဆင့်မြင့် အားကစားသင်တန်းများကို ထပ်မံဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ မြန်မာ့အားကစားကို နိုင်ငံတကာအဆင့်မှီတက်လှမ်းနိုင်ရန် ရည်ရွယ်ပြီးရေတို၊ ရေရှည်စီမံကိန်းများချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာတွင် မျိုးဆက်သစ် လူငယ်များစုဆောင်းရရှိရေးသည် အဓိကအရေးကြီးဆုံးဖြစ်ပါကြောင်း၊ လူငယ်သွေးသစ်အားကစားသမားများကို အခြားနိုင်ငံများနည်းတူ ခေတ်မီအားကစားပစ္စည်းများနှင့် လေ့ကျင့်နိုင်ရန် အားကစားကွင်း အားကစားရုံများ ပြည့်စုံစေရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် အလေးထားစီစဉ်ဆောင်ရွက် ပေးလျက်လည်းရှိပါကြောင်း၊ “ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး နှင့် ပညာရည်မြင့်မားရေး” ဆိုသည့် ရည်ရွယ်ချက်ကို အောင်မြင်စေရန် လူတစ်စုအားကစားမှ လူထုလူတန်းစား တစ်ရပ်လုံးပါဝင်သည့် အားကစားဖြစ်လာအောင် အဖက်ဖက်မှ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်၏ အနာဂတ်မျှော်မှန်းချက်များ ဖြစ်မြောက်လာအောင် ယခုသင်တန်းကို တက်ရောက်ကြသည့် သင်တန်းသား/သင်တန်းသူများ၊ အားကစားသမား များနှင့် မိဘပြည်သူများအားလုံးက ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း၊ ယခုဖွင့်လှစ်သည့်ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ ဦးဆောင ်ကြီးကြပ်လမ်းညွှန်မှုဖြင့် ဖွင့်လှစ်သည့် နွေရာသီအဆင့်မြင့်သင်တန်း၌ အားကစားနည်း(၁၀)မျိုး ဖြစ်သည့် ဘောလုံး၊ တိုက်ကွမ်ဒို၊ ရိုးရာခြင်း၊ မြန်မာသိုင်း၊ တင်းနစ်၊ ရေကူး၊ ကြက်တောင်၊ စက်ဘီး၊ အေရိုးဗစ်နဲ့ / Physical Fittness Dance သင်တန်းများကို သင်ကြားပေးသွားမည် ဖြစ်သည့်အတွက် သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်တန်းများကို ပြီးမြောက် အောင်မြင်အောင်တက်ရောက်ရန်နှင့် မိမိတို့၏ အားကစားအဆင့် အတန်းတိုးတက်လာအောင် အထူးကြိုးစားတက်ရောက်ကြစေလိုကြောင်း” တိုက်တွန်းအမှာစကားများ ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် တိုက်ကွမ်ဒိုသင်တန်းသားများမှ သရုပ်ပြသခြင်း၊ မြန်မာ့လက်ရွေးစင်ခြင်းလုံးအားကစားမယ် မှုံနံ့သာနှင့်အဖွဲ့မှ သရုပ်ပြသခြင်း၊ မြန်မာ့သိုင်း(လက်သိုင်း) သရုပ်ပြသခြင်းနှင့် Roler စက်ဘီးစီး ပြသခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
Read More...
22-Apr-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများတွင် စာသင်ကြားနေမှုများကို ကြည့်ရှုအားပေး၊ စိုက်ပျိုးရေးလုပ်ငန်းများကြည့်ရှုအားပေး
Read More...
ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် စာသင်ဝိုင်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုသိမ်ခရိုင်အတွင်းရှိ စာသင်ဝိုင်းများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း စာသင်ဝိုင်းသို့သွားရောက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် တိုင်းရင်းသား ပြည်သူများအား သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် စာသင်သားများအတွက် လက်ဆောင်ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ်၊ ဂုံမင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း စာသင်ဝိုင်းသို့သွားရောက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် တိုင်းရင်းသားပြည်သူများအား စာသင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် စာသင်သားများအတွက် လက်ဆောင်ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ်၊ ဂုံမင်းကျေးရွာကွင်းသို့ရောက်ရှိ၍ ဒေသခံတောင်သူများ၏ နွေစပါး စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုများနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်သည့် အလျား ၄၅ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ၁၅ ပေ၊ RC ကွန်ကရစ် ဂုံမင်းကျေးရွာအုပ်စု အမှတ် ၁၂ မြောင်းကူးတံတား တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သာပေါင်းမြို့နယ်၊ ဂုံမင်းကွင်းသည် ယခင်က မိုးစပါး ရေကျနောက်စိုက် တစ်သီးသာစိုက်ပျိုးနိုင်ပြီး ယခုအခါ ဆည်မြောင်းများ တူးဖော်ပြီးစီးသဖြင့် ရေစီးရေလာကောင်းမွန်ပြီး ရေကျစောကာ မိုးစပါးအား အချိန်စော၍ စိုက်ပျိုးနိုင်သည့်အပြင် စိုက်ပျိုးရေး အောင်ရေလုံလောက်စွာရရှိသဖြင့် နွေစပါးကိုပါ ထပ်မံစိုက်ပျိုးလာနိုင်ပြီဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင် ဒေသခံများသွားလာမှု လွယ်ကူချောမွေ့စေရေးအတွက် ကုန်ထုတ်လမ်းများကို ဖောက်လုပ်ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ အထွက်တိုးမျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးပြီးသွင်းအားစုများကိုလည်း အချိန်ကိုက်အချိုးကျထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့်လည်း စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းစေရေး၊ သီးထပ်စွမ်းအားတိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ကြောင်း မှာကြားခဲ့ပါသည်။
Read More...
21-Apr-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍ gasifier နှင့် gas engine စနစ်ဖြင့်လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက် တပ်ဆင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ (၂၀.၄.၂၀၂၄)ရက်နေ့ နေ့လယ်ပိုင်းက မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍ gasifier နှင့် gas engine စနစ်ဖြင့်လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်တပ်ဆင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား Global Earth Agro & Aqua Industry Public Co., Ltd ကုမ္ပဏီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စက်ရုံတွင် လေ့လာ ပညာသင်ယူနေသည့် ပုသိမ်၊ ဟင်္သာတနည်းပညာတက္ကသိုလ် မှ စက်မှု(Mechanical)၊ မြို့ပြ(Civil)၊ လျှပ်စစ်စွမ်းအား (E.P) နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူတို့က ကြိုဆိုခဲ့ကြသည်။ ထို့နောက် စက်ရုံတွင် Gasifier စနစ်ဖြင့် လျှပ်စစ်စွမ်းအား 12MW ထုတ်လုပ်မှုအတွက် Reactor မီးဖို (၁၂) လုံးတည်ဆောက်ထားရှိပြီး မီးဖိုနှင့်ဆက်စပ် လည်ပတ်မည့် gas engine (၂၄)လုံး အနက် (၁၃) လုံး ရောက်ရှိ တပ်ဆင်ထားမှု၊ ယခုနှစ်မေလကုန်တွင် ရှေ့ပြေးကာလစမ်းသပ်ထုတ်လုပ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုနှင့် အဆင့်ဆင့်ထုတ်လုပ်သွားမည့်အခြေအနေများ၊ အဆင့်မြင့်နည်းပညာများသုံးစွဲထားပြီး ထွက်ရှိလာသည့်ဓာတ်ငွေ့ကို အအေးခံခြင်း၊ (E.S.P/ Electrostatic Precipitator) လျှပ်စစ်အမှုန်ဖမ်းစက်ယူနစ်ဖြင့် ကတ္တရာအမှုန် (Tar) အားဖယ်ထုတ်မှု၊ ဓာတ်ငွေ့တွင်ပါဝင်သည့် ရေမှုန်အားလုံးအား Water Drop Catcher ဖြင့် အပြီးသတ် ဖမ်းယူစစ်ထုတ်ပြီး သန့်စင်ဓာတ်ငွေ့များကို ဓာတ်ငွေ့လှောင်ကန်တွင် စုဆောင်းပြီး Gasifier Engine သို့ ဆက်လက်ပို့လွှတ်ပြီး လျှပ်စစ်ထုတ်လုပ်သည့်စနစ်၊ Gasifier မီးဖိုမှ ထွက်ရှိဓာတ်ငွေ့များကို အအေးခံရာတွင် Dry Process နည်းစနစ်ကို အသုံးပြုထား၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို အထိရောက်ဆုံး ကာကွယ်ထုတ်လုပ်သည့် နည်းစနစ်များ၊ ဇီဝလောင်စာသုံး စပါးခွံလျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအပြင် ဇီဝလောင်စာသုံး Biomass စပါးခွံ အသုံးပြု၍ Steam Turbine စနစ်ဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်သည့်စက်ရုံအတွက် Steam Turbine ၂ လုံးနှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိနေမှု၊ လုပ်ငန်းများတိုးတက် တပ်ဆင်နေမှုအခြေအနေများ၊ စပါးခွံများစနစ်တကျ သိုလှောင်နိုင်ရန် သိုလှောင်ရုံများ တည်ဆောက်နေမှု၊ CARBON-BASED BIO ORGANIC NPK FERTILIZER စက်ရုံတည်ဆောက်ရေးစီမံကိန်း လျာထားဆောင်ရွက်နေမှု၊ ရေသွင်းရေထုတ်မြောင်းများနှင့် ငါးမွေးကန်များတည်ဆောက်နေမှု၊ ငါးအသားလွှာပြုပြင်ထုတ်လုပ်ခြင်းနှင့် ထွက်ရှိငါးများအေးခဲစက်ရုံတွင် အအေးပေးသည့် စနစ်အတွက် စက်ပစ္စည်းများ ထပ်မံရောက်ရှိနေမှု၊ တပ်ဆင်ပြီးစီးနေမှုများ၊ Automatic cold storage warehouse စနစ်အတွက် racking system များ တပ်ဆင်နေမှုများနှင့် ပတ်သက်၍ လိုက်လံ ရှင်းလင်းတင်ပြခဲ့ပါသည်၊၊
ထို့နောက် ကုမ္ပဏီ အစည်းအဝေးခန်းမတွင် Global Earth Agro & Aqua Industry Public ကုမ္ပဏီလိမိတက်ဥက္ကဌ ဦးဌေးမြင့်နှင့် ကုမ္ပဏီတာဝန်ရှိသူများက စီမံကိန်းလုပ်ငန်း တိုးတက်ပြောင်းလဲလာမှု၊ ရေတွင်းမြောင်းတည်ဆောက်မှုအဆင့်ဆင့်၊ ငါးသားပေါက်ထုတ်လုပ်မှုစခန်း တည်ဆောက်မှုအဆင့်ဆင့်၊ ငါးသားပေါက်ထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်မှု၊ ခေတ်မီငါးအသား ထုတ်လုပ်မှု၊ ငါးအစာတောင့်ထုတ်လုပ်မှု၊ ငါးကုန်ကြမ်းတန်(၁၀၀၀)ကျ ပြုပြင်ထုတ်လုပ်မှု အအေးခန်းစက်ရုံတည်ဆောက်မှု၊ ငါးကုန်ချောတန် (၃၀၀၀၀) အေးခဲသိုလှောင်ရုံတည်ဆောက်မှု၊ စီမံကိန်းလုပ်ငန်းအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားကို စပါးခွံလောင်စာသုံး(Gasifier)မှ (၁၂)မဂ္ဂါဝပ်နှင့် စပါးခွံလောင်စာသုံး ရေနွေးငွေ့လျှပ်စစ်ဓာတ်အားမှ (၃၀)မဂ္ဂါဝပ်ဖြန့်ဖြူး ထုတ်လုပ်ပေးနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ စီမံကိန်းတစ်ခုလုံးပြီးစီးပါက ငါးမွေးမြူရေးမှစ၍ တန်ဖိုးမြင့်ထုတ်ကုန်အမျိုးမျိုးကို ပြည်တွင်း၊ ပြည်ပဈေးကွက် များထံသို့ ရောင်းချနိုင်မည့်အခြေအနေများ၊ ပြည်တွင်းစားသုံးမှုဖူလုံရေး၊ သွင်းကုန်အစားထိုး စီမံချက်နှင့် နိုင်ငံခြားဝင်ငွေတိုးမြှင့်ရရှိရေးအတွက် အထောက်အကူပြုနိုင်မည့်အခြေအနေများ၊ စီမံကိန်းမှ တန်ဖိုးမြှင့်ငါးထွက်ကုန်ပစ္စည်းများအပြင် စပါးခွံလောင်စာသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံမှရရှိမည့် ဘေးထွက်ပစ္စည်းများမှတဆင့် စိုက်ပျိုးရေးအထောက်အကူပြု သဘာဝမြေဩဇာ၊ ဇီဝပိုးပြေးဆေးရည်နှင့် Bio Tar မှတဆင့် ဆောက်လုပ်ရေးတွင် အသုံးပြုနိုင်မည့် Waterproofing နှင့် Anti Corrosion အတွက် အသုံးပြုနိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “မိမိတို့ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက်ရှိရာ ထွက်ရှိလာသည့် သီးနှံ၊ သား၊ ငါး၊ ရေထွက်ပစ္စည်းများအား ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိပါကြောင်း၊ ယခုအခါ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တန်ဖိုးမြင့်ကုန်ထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ Gasifier စနစ်ဖြင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံ လုပ်ငန်းများသည်လည်း အကောင်ထည်ပေါ်လာပြီဖြစ်ပါကြောင်း၊ Gasifier အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်အတွက် တစ်နှစ်လျှင်ကုန်ကြမ်း စပါးခွံတန်ချိန် (၅) သိန်းကျော် လိုအပ်နေသည့်တင်ပြမှုအတွက် မိမိတိုင်းဒေသကြီးအတွင်း မိုး/နွေစပါး ဧက (၅၂) သိန်းကျော်မှ စပါးခွံများအား စနစ်တကျ ကြိုတင်စုဆောင်းသွားရန်လိုအပ်ကြောင်း၊ ငါးစာတောင့်စက်ရုံအတွက် လိုအပ်သည့် ကုန်ကြမ်းများအနက် ဆန်ကွဲ၊ ဖွဲနု၊ ပဲဖက်၊ နှမ်းဖက်၊ ပဲပုပ်ဖက်များ၊ ပီလောပီနံ၊ ငါးပေါင်းမှုန့်များမှာ မိမိတို့တိုင်းဒေသကြီးမှထွက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိသည့်အပြင် ဖွဲနုဆီစက်ရုံများ တည်ထောင်နိုင်ရေးအတွက်လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓါတ်အား လုံလောက်စွာရရှိရေး၊ စားသုံးဆီဖူလုံမှုရှိစေရေး၊ စိုက်ပျိုးသီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိစေရေးနှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း” မှာကြားခဲ့ပါသည်။
Read More...
21-Apr-2024