သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ပုသိမ်မြို့တွင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများ ကြည့်ရှုအားပေး၊ ပုသိမ်လေယာဉ်ကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာများတွင် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများအနေဖြင့် စုပေါင်းသန့်ရှင်းရေး အပတ်စဉ် စနေ့နေ့တိုင်း ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ပုသိမ်မြို့တွင်း၌ သန်းရှင်းရေးစုပေါင်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁၆)အခြေခံပညာ မူလတန်းကျောင်းဝန်း၌ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ပြည်သူများက စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေးကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်သွားရန်နှင့် မြို့သန့်ရှင်းသာယာ လှပစေရေး၊ ကျောင်းဥပဓိရုပ်များကောင်းမွန်ရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး အစဉ်တစိုက်ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာအထက်တန်းကျောင်းခွဲ (လ-၃)တွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ပြည်သူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်လေယာဉ်ကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းခွင်သို့ရောက်ရှိ၍ ပထမအဆင့် လေယာဉ်ပြေးလမ်း မြောက်ဘက်ခြမ်း (၂၀၀၀ x ၂၀၀)ပေ နိုင်လွန်ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း (၁၀၀%) ပြီးစီးမှု၊ ဒုတိယအဆင့် လေယာဉ်ပြေးလမ်း တောင်ဘက်ခြမ်း (၂၂၅၀ x ၂၀၀)ပေ နိုင်လွန်ကတ္တရာထပ်ပိုးလွှာ (၁၀၀%) ပြီးစီးမှု၊ လေယာဉ်ပြေးလမ်း (၂၅ဝ ပေ x ၂၀၀ ပေ) တိုးချဲ့ခြင်းလုပ်ငန်း အခြေခံအလွှာ ကွန်ကရစ်ခင်းခြင်း(၁၀၀%) ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများအား လိုက်လံရှင်းလင်း တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အရည်အသွေးများပြည့်မီစေရန်နှင့် သတ်မှတ်ကာလ အတွင်း လုပ်ငန်းများပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဘောလုံးအားကစားကွင်း မြက်ခင်းအား အော်တိုရေဖျန်းစနစ်ဖြင့် ရေဖြန်းနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြက်ခင်း ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် သန့်ရှင်းရေးလုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်ရန် မှာကြားခဲ့သည်။


Read More...
06-Apr-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ (၅.၄.၂၀၂၄)ရက်နေ့ မွန်းလွဲပိုင်းကပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအား လစဉ် ပြုလုပ်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြု ခွင့်ပြုပေးထား သည့် လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းတိုးတက်မှုများအား စိစစ်တင်ပြသွားရန်လိုပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ လုပ်ငန်းတိုးချဲ့ခြင်း၊ သက်တမ်းတိုးခြင်း ကိစ္စရပ်များအား ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ဖြစ်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လာရောက်ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများအနေဖြင့် သတ်မှတ်ကာလ အတွင်းလုပ်ငန်းများ ပြီးစီးအောင်ဆောင်ရွက်၍ တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် အကျိုးပြုရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ အချို့သောလုပ်ငန်းများသည် အကြောင်းကြောင်းကြောင့် လုပ်ငန်းဆောင်ရွက်နိုင်မှုမရှိခြင်း၊ ကြန့်ကြာနေခြင်းများကို စိစစ်၍ပြန်လည် တင်ပြရန် လိုကြောင်း၊ ဆောင်ရွက်နိုင်ခြင်းမရှိသည့် လုပ်ငန်းများရှိပါကလည်း ပေးအပ်ထားသည့် အတည်ပြုမိန့်များကို ပြန်လည်ရုပ်သိမ်း ရမှာဖြစ်ပါကြောင်း၊ ယနေ့တင်ပြလာသည့် လုပ်ငန်း များနှင့်ပတ်သက်၍ ကော်မတီဝင်များမှ အသေးစိတ်ဝိုင်းဝန်း ဆွေးနွေးပေးကြစေလိုကြောင်း”အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူးက Power Pillar Company Lirmited က ကွန်ကရစ်တိုင်များထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလွှာတင်ပြခြင်းကိစ္စ၊ ရာခိုင်နှုန်းပြည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် Kumudra (Pathein) Garment Company Limited က CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြု လျှောက်ထားလွှာတင်ပြခြင်းကိစ္စနှင့် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ဟိုတယ် လုပ်ငန်းဆောင်ရွက်ရန် အတည်ပြုမိန့်ရရှိထားသည့် Jewellery Teak Timber Company Limited က တည်ဆောက်ရေးကာလတိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ၏ အထွေထွေ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးမွေးမြူရေးအခြေခံသည့် စက်ရုံအလုပ်ရုံများ ပိုမိုတိုးတက်ရင်းနှီးမြှုပ်နှံလာစေရန်အတွက် အလားအလာကောင်းများကို ဆွေးနွေးခဲ့ပြီးကုမ္ပဏီများ၏ လျှောက်ထားတင်ပြမှုများအပေါ် သက်ဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။


Read More...
06-Apr-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ၁၃၈၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးတက်ရောက်
၁၃၈၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၅.၄.၂၀၂၄)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁) တွင် ပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ၁၃၈၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေးနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီများနှင့် လုပ်ငန်းကော်မတီများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ၁၃၈၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မဟာသင်္ကြန် ပွဲတော်ကျင်းပရေးနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးမြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ ပါကြောင်း၊ သင်္ကြန်ရေကစားမဏ္ဍပ်များအား လှပတင့်တယ်သောဒီဇိုင်းများဖြင့် ပြင်ဆင် ဆောင်ရွက်ရမည်ဖြစ်ပြီး ရေကစားမဏ္ဍပ်များတွင် ရေကောင်းရေသန့်များရရှိအောင် စီစဉ် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မဟာသင်္ကြန်ပွဲတော်ကာလ မှတ်တမ်းတင် ရိုက်ကူးရေး၊ အချိန်မီသတင်း ထုတ်ပြန်နိုင်ရေးကိစ္စများကိုလည်း ပြင်ဆင်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြည်သူများ လွတ်လပ်ပျော်ရွှင်စွာ ရေကစားနိုင်ရေး ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကိုလည်း အထူးအလေးထား ဆောင်ရွက်ရန်လိုပါကြောင်း၊ ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးအဖွဲ့များအား ပြင်ဆင်မှုကောင်းကောင်းဖြင့် ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေနိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပွဲတော်ကာလအတွင်း မူးယစ်ရမ်းကား မှုများမရှိစေရေး၊ ယဉ်ကျေးမှုနှင့် မကိုက်ညီသော ဝတ်စားဆင်ယင်မှုများမရှိစေရေးနှင့် အန္တရာယ်ကင်းရှင်းစေရေး အတွက် လုံခြုံရေးအစီအစဉ်များနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများအား စနစ်တကျ စီစဉ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်တရား တော်များနာယူခြင်း၊ ဘေးမဲ့ငါးလွှတ်ခြင်း၊ သက်ကြီးဘိုးဘွား ပူဇော်ခြင်းများကိုလည်း ရိုးရာယဉ်ကျေးမှုနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မဟာင်္ကြန်ပွဲတော်အား ယခင်နှစ်ထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် အားလုံး ပူးပေါင်းပါဝင်ပြီး ပျော်ရွှင်စွာဆင်နွဲသည့် သင်္ကြန်ဖြစ်စေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” အဖွင့်အမှာ စကားများ ပြောကြားသည်။ ဆက်လက်၍ ဗဟိုမဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်းကော်မတီနှင့် ဗဟိုမဏ္ဍပ်နေ့စဉ် ကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ လမ်းလျှောက်သင်္ကြန်ကျင်းပရေး လုပ်ငန်းကော်မတီ၊ ဖွင့်ပွဲ/ ပိတ်ပွဲ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ၊ ယိမ်းပြိုင်ပွဲနှင့်ဖျော်ဖြေရေး လုပ်ငန်း ကော်မတီ၊ ပရိတ်တရားနာနှင့် ဘေးမဲ့ငါးလွှတ်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ သက်ကြီးပူဇော်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် စိစစ်သုံးစွဲရေးလုပ်ငန်းကော်မတီ၊ စာရင်းစစ်ဆေးရေးကော်မတီ၊ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေးလုပ်ငန်းကော်မတီ၊ ပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ ဆယ်တင်ပစ္စည်းများစိစစ်၍ ပြန်လည်ရောင်းချရေးကော်မတီများက ကော်မတီအလိုက် ဆောင်ရွက်မည့်အစီအမံများနှင့် အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


Read More...
06-Apr-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ပုသိမ်မြို့နယ် ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းနည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းနည်းပြသင်တန်း(မြို့နယ်အဆင့်) ဖွင့်ပွဲအခမ်းအနားကို (၅.၄.၂၀၂၄)ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်က မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားခဲ့ရသူများနှင့် ကျောင်းမနေခဲ့ရသည့် စာမတတ်သူ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက် စေရန်အတွက် စာတတ်မြောက်ရေးလုပ်ငန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဗဟိုအဆင့်နည်းပြသင်တန်း တက်ရောက် ခဲ့သည့် ဆရာ၊ ဆရာမများမှ တိုင်းဒေသကြီးအဆင့် ဆင့်ပွားသင်တန်းကို ပို့ချခဲ့ပြီး မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများကိုလည်း ဆက်လက်ပို့ချခြင်းဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် အခြေခံ အရေး၊ အဖတ်၊ အတွက်အချက်များကို သင်ကြားပြသပေးကြရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ဧပြီလ (၈)ရက်နေ့မှ မေလ(၁၉) ရက်နေ့အထိ သက်ဆိုင်ရာ စခန်းအသီးသီးရှိ စာသင်ဝိုင်း (၁၇၇၁)ဝိုင်းတွင် စာသင်သား (၂၅၀၁၆) ဦးအား ဆရာ၊ ဆရာမ များက ရက်ပေါင်း(၄၀)ကြာ တစ်နေ့လျှင် (၃)နာရီနှုန်းဖြင့် နာရီပေါင်း (၁၂၀) သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်း၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအတွက် သက်ဆိုင်ရာ စာဖတ်ဝိုင်းအသီးသီးတွင် သင်ကြားပြသပေးမည့် တက္ကသိုလ်၊ ကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် စေတနာလုပ်အားပေး ကျောင်းသား၊ ကျောင်းသူများအား ကျေးဇူးအထူးပင်တင်ရှိပါကြောင်း၊ ပုသိမ်မြို့နယ် စာတတ်မြောက်ရေးလုပ်ငန်းတွင် ပါဝင်သင်ကြားပြသပေးမည့် ဆရာ၊ ဆရာမများ၊ စေတနာလုပ်အားပေး တက္ကသိုလ်၊ ဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက်ညီလက်ညီဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းနှင့် အခြေခံစာတတ်မြောက်ရေး ရည်မှန်းချက်များ အောင်မြင်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း" အမှာစကားပြောကြားခဲ့ပြီး ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။


Read More...
06-Apr-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ ခုနှစ် နွေရာသီအားကစားသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစား ခန်းမတွင် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“နွေရာသီအားကစားသင်တန်း များကိုဖွင့်လှစ်ပြီး နိုင်ငံတော်၏ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိရှိ အသုံးချနိုင်ရေးနှင့် ကျန်းမာသန်စွမ်းသည့် ကာယဉာဏ ဖွံ့ဖြိုးသည့် ကလေးငယ်များဖြစ်ပေါ်လာစေရေး နွေရာသီအားကစားသင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကိုဦးတည်ဆောင်ရွက် လျက်ရှိရာ အားကစားနည်းအလိုက် စနစ်တကျတတ်သိနားလည် လေ့ကျင့်လိုက်စားနိုင်ရေး အတွက် နွေရာသီအခြေခံအားကစား သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ “တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး”ဆိုသည့် ရည်ရွယ်ချက်ကို အောင်မြင်စေရန် အဖက်ဖက်မှ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုသင်တန်းကို တက်ရောက်ကြသည့် အားကစားသမားများနှင့် မိဘပြည်သူများအားလုံးက ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၏ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကို အတုယူအားကျပြီး နိုင်ငံ့လက်ရွေးစင် အားကစားသမားများဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း” တိုက်တွန်း အမှာစကားများ ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုထောက်ပံ့ငွေများနှင့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များအားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များအား လည်းကောင်း ပေးအပ်ခဲ့ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် မြန်မာ့သိုင်း အားကစားအဖွဲ့၊ Fitness Dance အားကစားအဖွဲ့၊ တိုက်ကွမ်ဒိုအားကစားအဖွဲ့များ၏ သရုပ်ပြသခြင်းများကို ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းတွင် အားကစားနည်း (၁၀) မျိုးအား ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသား (၂၄၈)ဦး တက်ရောက်သင်ကြားခဲ့ပါသည်။


Read More...
05-Apr-2024