သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်ဖွင့်လှစ်သည့် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများ သင်တန်း (၄/၂၀၂၃)ဖွင့်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်မြို့တွင် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း (၄/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စိုက်ပျိုးရေးဦးဌာနမှတာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း (၄/၂၀၂၃)ကို ပိုးသတ်ဆေးဥပဒေအား သက်ဝင်လှုပ်ရှားစေရန်၊ ပိုးသတ်ဆေးနှင့် ပိုးသတ်ဆေး ဓာတ်ကြွင်းအန္တရာယ်ကိုသိရှိနားလည်ပြီး စနစ်တကျကိုင်တွယ်သုံးစွဲတတ်စေရန်၊ ဘက်စုံသီးနှံ ကာကွယ်ရေးလုပ်ငန်းစဉ်တွင် ဓာတုနည်းဖြင့်ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်း ထိရောက် အောင်မြင်စေရန်၊ ဘေးကင်းလုံခြုံစိတ်ချရသောစားသုံးသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်မပျက် ရေရှည်စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို အထောက်အကူပြုစေရန် စသည့်ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်ပြီး မိုးစပါးနွေစပါးဧက(၅၂)သိန်းကျော် စိုက်ပျိုးလျက်ရှိ၍ စပါးတင်းသိန်းပေါင်းလေးထောင်ကျော်ထွက်ရှိပါကြောင်း၊ ယခုနှစ်မိုးစပါးစိုက်ရာသီမှစ၍ တစ်ဧက (၁၀)တင်းနှုန်းပိုမိုတိုးတက် ထွက်ရှိရေးအတွက်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပဲမျိုးစုံဧက (၁၆) သိန်းကျော်စိုက်ပျိုးလျက်ရှိပြီး ဆီထွက်သီးနှံမြေပဲ၊ နှမ်း၊ နေကြာများကိုလည်း နှစ်အလိုက် ရည်မှန်းချက်ထား တိုးတက်စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ အယ်နီညိုရာသီဥတုကြောင့် ထိခိုက်လာနိုင်မှုအခြေအနေအပေါ်တွက်ဆပြီး သီးနှံများစိုက်ပျိုးရာတွင် စိုက်ပျိုးရေးပညာရှင်များ၏ အကြံဉာဏ်များရယူစိုက်ပျိုးရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ယခုသင်တန်း တက်ရောက်နေသူများသည် စိုက်ပျိုးရေးနှင့်ဆက်နွယ်နေသူများဖြစ်ပါကြောင်းနှင့်သင်တန်းတွင် ပိုးသတ်ဆေးများအား လက်တွေ့သုံးစွဲသူများ၊ ရောင်းချမည့်သူများဆေးကုမ္ပဏီများနှင့် စိတ်ဝင်စားသည့်ကျောင်းသားများလည်းပါရှိကြောင်း၊ပိုးမွှားအန္တရာယ်ကင်းစင်ပြီးကျန်းမာရေးနှင့် ညီညွတ်မျှတသည့်သီးနှံများ ဈေးကွက်အတွင်းရောင်းချနိုင်ရန်အတွက် တောင်သူများအနေဖြင့်လည်း စနစ်တကျစိုက်ပျိုးခြင်း၊ ပိုးသတ်ဆေးများ စနစ်တကျသုံးစွဲခြင်းများဖြင့် ဆောင်ရွက်သွားရန်လည်း လိုအပ်ပါကြောင်း၊ ပိုးသတ်ဆေးသုံးစွဲသူများ၊ ရောင်းချသူများအနေဖြင့် ပိုးသတ်ဆေးများ၏ အကျိုးအာနိသင်များ၊ အန္တရာယ်ဖြစ်စေနိုင်မှုများကို နှံ့နှံ့စပ်စပ်သိရှိကြရန် လိုအပ်ပြီး အသုံးပြုမည့်တောင်သူများအား သေချာစွာအသိပညာပေးရန်လိုအပ်ပါကြောင်း၊ ယခုသင်တန်းသည် အကျိုးရှိသည့် သင်တန်းတစ်ခုဖြစ်ပြီး မိမိတို့ရရှိသည့် အသိပညာများကို ဆင့်ပွားမျှဝေအသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်သွားကြစေလိုကြောင်း” အမှာစကား ပြောကြားသည်။  ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။  အဆိုပါသင်တန်းအား ယခုလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၁၇၀ ) ဦး တက်ရောက်လျက်ရှိကြောင်းသိရသည်။


Read More...
14-Nov-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ တက်ရောက်
မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားအား ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ များ၊ မြန်မာဘော်လီဘောလူမှုရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ အသက် (၁၈) နှစ်အောက် ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အား ကျင်းပရာ ရွှေဒေး (ယူ-၁၈)အသင်းနှင့် ရွှေပုသိမ် (ယူ-၁၈)အသင်းတို့မှ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေပုသိမ် (ယူ-၁၈)အသင်းက ရွှေဒေး(ယူ-၁၈) အသင်းအား ငါးပွဲကစား သုံးပွဲနိုင်ရလဒ်ဖြင့် အနိုင်ရရှိခဲ့ ပါသည်။ ဆက်လက်၍ အသက် (၂၅) နှစ်အောက် ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အား ကျင်းပရာ Golden Brother(ယူ-၂၅)အသင်းနှင့် ရွှေပုသိမ် (ယူ-၂၅)အသင်းတို့မှ အကြိတ်အနယ် ယှဉ်ပြိုင် ခဲ့ကြပြီး ရွှေပုသိမ် (ယူ-၂၅) အသင်းက Golden Brother (ယူ-၂၅) အသင်းအား  လေးပွဲကစား သုံးပွဲနိုင်ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအား ကျင်းပရာ ပြိုင်ပွဲတွင်ကူညီဆောင်ရွက်ပေးခဲ့သော ဒိုင်လူကြီးများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အမှတ်တရလက်ဆောင်များကို မြန်မာဘော်လီဘောလူမှုရေးအသင်း ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် အတွင်းရေးမှူးတို့ ကလည်းကောင်း၊ အသက် (၁၈) နှစ်အောက်ပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော အိမ်မဲလူငယ်အသင်းမှ အားကစားသမားများအား ငွေသားဆုကို မြန်မာဘော်လီဘောလူမှုရေးအသင်းအဖွဲ့ဝင် မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ဒေါ်ဂျနီဖာတင်လေးနှင့် ဒေါ်သူဇာတင် တို့ကလည်းကောင်း၊ အသက် (၁၈) နှစ်အောက် ပြိုင်ပွဲတွင် တတိယဆုရရှိသော ခနောင်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို မြန်မာဘော်လီဘောလူမှုရေးအသင်းအဖွဲ့ဝင် ဦးမင်းဟန်နှင့် ဇနီး ဒေါ်ကြည်ကြည်အေး တို့ကလည်းကောင်း၊ အသက် (၁၈) နှစ်အောက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ရွှေဒေးအသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို  ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဌကလည်းကောင်း၊ အသက် (၁၈) နှစ်အောက်ပြိုင်ပွဲတွင် အကောင်းဆုံးဆုရရှိသော ရွှေပုသိမ်အသင်းမှ အားကစားသမား စောမက်သရူးအေးအား တစ်ဦးချင်းဆုနှင့် ငွေသား ဆုကို မြန်မာဘော်လီဘောလူမှုရေးအသင်း ဒုဥက္ကဌကလည်းကောင်း၊ အသက် (၁၈) နှစ်အောက် ပြိုင်ပွဲတွင် ပထမဆုရရှိသော ရွှေပုသိမ်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို မြန်မာဘော်လီဘောလူမှုရေးအသင်း ဥက္ကဌ ကလည်းကောင်း အသီးသီးချီးမြှင့်ခဲ့ပါသည်။ ထို့နောက် အသက် (၂၅) နှစ်အောက်ပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများအား ဆက်လက် ဆုချီးမြှင့်ရာ စတုတ္ထဆုရရှိသော အိမ်မဲလူငယ်အသင်းမှ အားကစားသမားများအား ငွေသားဆုကို  လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အသက် (၂၅) နှစ်အောက်ပြိုင်ပွဲတွင် တတိယဆုရရှိသော ရွှေထုံး အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ အသက် (၂၅) နှစ်အောက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော Golden Brother အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို စီးပွားရေးရာ ဝန်ကြီးကလည်းကောင်း၊ အသက် (၂၅) နှစ်အောက်ပြိုင်ပွဲတွင် အကောင်းဆုံးဆုရရှိသော ရွှေပုသိမ်အသင်းမှ အားကစားသမား စောအယ်ထီးကော်အား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း ချီးမြှင့်ခဲ့ပါသည်။  ဆက်လက်၍ အသက် (၂၅) နှစ်အောက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ရွှေပုသိမ်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တံခွန်စိုက် ဆုဖလားကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ချီးမြှင့်ခဲ့ပြီး အမှတ်တရဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။


Read More...
12-Nov-2023
ရေကြည်မြို့နယ်၊ ကွင်းသုံးဆင့်​ကျေးရွာတွင် ကျင်းပပြုလုပ်သည့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် ဒေသခံ​တောင်သူများနှင့်​တွေ့ဆုံပွဲသို့ တိုင်း​ဒေသကြီးဝန်ကြီးချုပ်တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယ​နေ့နံနက်ပိုင်းတွင် ​ကျုံ​ပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ​ဒေါင့်မ​ဒေါ့​ကျေးရွာအုပ်စု၊ ​တောင်သူ ဦးမြင့်သိန်း၏ ပျဥ်းကတိုး၊ ကျွန်း၊ ယူကလစ်၊ မ​ဟော်ဂနီ၊ ပြည်လုံးချမ်းသာ၊ မန်ဂျန်ရှား နှစ်ရှည်ပင် သစ်​တောစိုက်ခင်း(၁၂)ဧက ကြားတွင် ​ကော်ဖီသီးနှံ သီးညှပ်စိုက်ပျိုးဖြစ်ထွန်း​နေမှုများအား ကြည့်ရှုအား​ပေးခဲ့ပါသည်။ ဆက်လက်၍ တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ​ရေကြည်မြို့နယ်၊ ကွင်းသုံးဆင့်​ကျေးရွာအုပ်စုရှိ ​တောင်သူဦးမြင့်သိန်း၏ လယ်​မြေ(၂)ဧကတွင်ကျင်းပပြုလုပ်သည့် နယူးဧရာ(၁)မျိုးစပါး မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့တက်​ရောက်အား​ပေးခဲ့ပါသည်။ အဆိုပါ တောင်သူ ဦးမြင့်သိန်း၏ လယ်မြေမှ နယူးဧရာ(၁)မျိုးစပါး (၁)ဧကလျှင် စပါးအ​ခြောက်(၁၀၅.၄)တင်း ထွက်ရှိခဲ့ပါသည်။  ဆက်လက်၍ အဆိုပါလယ်​မြေတွင် ​​ဒေသခံ​တောင်သူများနှင့် ​တွေ့ဆုံပွဲအား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ဧရာဝတီတိုင်း​ဒေသကြီးသည် စိုက်ပျိုး​ရေးတိုင်း​ဒေသကြီးဖြစ်ပြီး မြန်မာနိုင်ငံ၏ စပါးကျီဟုတင်စားရသည့် တိုင်း​ဒေသကြီးဖြစ်ပါ​ကြောင်း၊ မိုးစပါး​၊​ နွေစပါးစိုက်ပျိုးဧက(၅၂)သိန်း​ကျော်ရှိပြီး စပါးတင်းသိန်း​ပေါင်း ​လေး​ထောင်​ကျော်ထွက်ရှိပါ​ကြောင်း၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီမှစ၍ တစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေးအတွက် ဆွေးနွေးပွဲများပြုလုပ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းအဖြစ် မိုးစပါး တစ်ဧကလျှင် တင်း ၁၀၀ နှုန်းနှင့် ​နွေစပါး တစ်ဧကလျှင် တင်း ၁၁၀ နှုန်းရည်မှန်းချက်ထားရှိပါ​ကြောင်း၊ ယခုနှစ်သည် ​နွေစပါး ပန်းတိုင်အထွက်နှုန်း​ရောက်ရှိရမည့်နှစ်ဖြစ်ပါ​ကြောင်း၊ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိ​အောင်​ဆောင်ရွက်ရမည်ဖြစ်ပါ​ကြောင်း၊ ၂၀၂၄ ခုနှစ်မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော်စိုက်ဧက(၂၇)သိန်းတွင် သစ်စိမ်း​မြေဩဇာ ပိုက်ဆံလျှော်များ ထည့်သွင်း စိုက်ပျိုး​နိုင်​ရေးအတွက် မျိုး​စေ့ထုတ်ရန် ပိုက်ဆံ​လျှော်မျို့စေ့များ ​ထောက်ပံ့ပေးအပ်ထားပါ​ကြောင်း၊ ​တောင်သူများမှ အုပ်စုအလိုက်၊ ကွင်းအလိုက် စုဖွဲ့၍ မျိုး​စေ့ထုတ်​ဆောင်ရွက်ရမှာဖြစ်ပါ​ကြောင်း၊ မြေဆီလွှာပျက်စီးမှုများကို ပြန်လည်ကောင်းမွန်စေရေးအတွက် သစ်စိမ်းမြေဩဇာများ ထည့်သွင်းစိုက်ပျိုးခြင်း၊ ဓါတ်​မြေဩဇာသုံးစွဲမှုများ လျှော့ချနိုင်ရေးနှင့် တောင်သူများ၏ သွင်းအားစုများ​ကုန်ကျစရိတ်များသက်သာ​စေ​ရေးအတွက် ဆောင်ရွက်ခြင်းလည်းဖြစ်ပါကြောင်း၊ တိုင်း​ဒေသကြီးအတွင်း စားသုံးဆီအပြည့်အဝအဖူလုံစေရေးအတွက် မြေပဲ၊ နှမ်းအပြင် ဆီထွက်သီးနှံနေကြာများကို တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ နေကြာစိုက်ပျိုးဖြစ်ထွန်းအောင်မြင်စေရေးအတွက် အထွက်တိုးနေကြာမျိုးများသုံးစွဲစေရေး၊ စနစ်တကျစိုက်ပျိုးစေရေးကိုလည်းဆောင်ရွက်ရန်လိုပါကြောင်း၊ ​နေကြာစိုက်ပျိုးရာတွင် များစွာအ​ထောင်အကူပြုသည့် ပျား​မွေးမြူ​ရေးလုပ်ငန်းကိုလည်း​ဆောင်ရွက်ကြရန်လို​ကြောင်း၊ ပျား​မွေးမြူ​ရေးလုပ်ငန်းမှလည်း ​ပျားရည်ရရှိ၍ တောင်သူများအတွက် ဝင်​ငွေများရရှိမှာဖြစ်​ကြောင်း၊ ​တောင်သူကြီးများအ​နေဖြင့် စိုက်ပျိုးသီးနံများပန်းတိုင်အထွက်နှုန်း​ရောက်ရှိ​အောင် ဝိုင်းဝန်းကြိုးစား​ဆောင်ရွက်​ပေး​စေလို​ကြောင်း” အမှာစကားများပြောကြားသည်။ ထို့​နောက် မြန်မာနယူးဧရာစိုက်ပျိုး​ရေးကုမ္ပဏီ မျိုး​စေ့တာဝန်ခံက ကုမ္ပဏီ၏ လုပ်ငန်း​ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့​နောက် တက်​ရောက်လာ​သော​တောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များအား တင်ပြခဲ့ကြရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ပြန်လည်​ဆွေး​နွေး​ဖြေကြားခဲ့ပြီး ဌာနဆိုင်ရာများနှင့်​ပေါင်းစပ်​ဆောင်ရွက်​ပေးခဲ့ပါသည်။  ထို့​နောက် လုံခြုံ​ရေးနှင့်နယ်စပ်​ရေးရာဝန်ကြီးက နိုင်ငံ့စီးပွား​မြှင့်တင်​ရေးရန်ပုံ​ငွေဖြင့်​ဆောင်ရွက်သည့် စိုက်ပျိုး​​ရေးလုပ်ငန်းများနှင့် လယ်ယာ​မြေအား ခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးပြုခြင်းကိစ္စရပ်များနှင့်ပတ်သက်၍ လည်း​ကောင်း ​တောင်သူ ဦးမြင့်သိန်းမှ သဘာဝ​မြေသြဇာနှင့် ဓါတ်​မြေဩဇာအသုံးပြုနည်းလမ်းများအားလည်း​ကောင်း ဒေသခံ​တောင်သူများအား အသိပညာ​ပေး​ဆွေး​နွေးခဲ့ကြပါသည်။ ထို့​​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား​ပြောကြားခဲ့ပြီး အခမ်းအနားအားရုတ်သိမ်းခဲ့ပါသည်။ ဆက်လက်၍ တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွင်းသုံးဆင့်ကျေးရွာ​ ကျောင်းတိုက်ဆရာ​တော် ဥူးပညိန္ဒအား သွား​ရောက်ဖူး​​မြှော်ကြည်ညို၍ ဝတ္ထု​ငွေနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပူ​ဇော်ခဲ့ပြီး သာသနာ​ရေးဆိုင်ရာများ ​လျှောက်ထားခဲ့ပါသည်။


Read More...
12-Nov-2023
အ​ရှေ့​​မြောက်တိုင်းစစ်ဌာနချုပ်နယ်​မြေအတွင်း နိုင်ငံ​တော်လုံခြုံ​ရေးနှင့် ကာကွယ်​ရေးတာဝန်ကို စွမ်းစွမ်းတမံထမ်း​ဆောင်လျက်ရှိသည့် လုံခြုံ​ရေးတပ်ဖွဲ့ဝင်များအတွက် စား​သောက်ဖွယ်ရာများပေးပို့ရန် ပြင်ဆင်​ဆောင်ရွက်​နေမှုများအား တိုင်း​ဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုအား​ပေး
ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်​မောင်ဝင်းသည် တိုင်း​ဒေသကြီးအစိုးရအဖွဲ့အတွင်း​ရေးမှူး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယ​နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာ​ရွှေဝါခန်းမတွင် အ​ရှေ့​​မြောက်တိုင်းစစ်ဌာနချုပ်နယ်​မြေအတွင်း နိုင်ငံ​တော်လုံခြုံ​ရေးနှင့် ကာကွယ်​ရေးတာဝန်ကို စွမ်းစွမ်းတမံထမ်း​ဆောင်လျက်ရှိသည့် လုံခြုံ​ရေးတပ်ဖွဲ့ဝင်များအတွက် စား​သောက်ဖွယ်ရာများပေးပို့ရန် ပြင်ဆင်​ဆောင်ရွက်​နေမှုများအား ကြည့်ရှုအား​ပေးခဲ့သည်။ ဦးစွာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်သည် တပ်မ​တော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနဝန်ထမ်းများမှ လုံခြုံ​ရေးတပ်ဖွဲ့ဝင်များအတွက် ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့မှ ဦး​ဆောင်၍ တိုင်း​ဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များမှ စု​ပေါင်း၍ ​ငါးနီတူ​ခြောက်​ကြော်၊ ငါးပိ​ကြော်နှင့် ငံပြာရည်​ကြော် စုစု​ပေါင်း(၁၂၄၂)ပိသာအား ​မော်​တော်ယာဥ်​ပေါ်သို့ တင်​ဆောင်​နေမှုကို ကြည့်ရှအား​ပေးခဲ့ပါသည်။ ဆက်လက်၍ တိုင်း​ဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့ကျက်သ​ရေ​ဆောင် ​ရွှေမု​ဌောမဟာ​စေတီ​တော်မြတ်ကြီးသို့ သွား​ရောက်ဖူး​မြှော်ကြည်ညိုခဲ့ပြီးခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဌနှင့် ​​ဂေါပအဖွဲ့ဝင်များမှ ဘုရားဖူးဧည့်သည်များ လာ​ရောက်ဖူး​မြှော်ကြည်ညို​နေမှုများ၊ ​ရွှေမု​ဌောမဟာ​စေတီ​တော်မြတ်ကြီး နှင့် အရံ​စေတီ​တော်များအား ​ရွှေသင်္ကန်းကပ်လှူပူ​ဇော်နိုင်ရန် ​ဆောင်ရွက်​​နေမှုအ​ခြေအ​နေများ၊ (၃၆)ကြိမ်​မြောက် မသိုးသင်္ကန်းကပ်လှူပူ​ဇော်ပွဲနှင့် ဆွမ်း​တော်ကြီးကပ်လှူပူ​ဇော်ပွဲအတွက် ယက္ကန်းစင်​တော်ကြီးများ ပြင်ဆင်​ဆောင်ရွက်​ထားမှုများအား လိုက်လံရှင်းလင်းတင်ပြခဲ့ရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ​စေတီ​တော်မြတ်ကြီးအား အများပြည်သူများ စိတ်​အေး ချမ်းသာစွာ ဖူး​​မြှော်ကြည်ညိုနိုင်​ရေး​ဆောင်ရွက်ကြရန်နှင့် သန့်ရှင်း​ရေးလုပ်ငန်းများ စနစ်တကျ​ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။


Read More...
11-Nov-2023
ဧရာဝတီတိုင်း​ဒေသကြီး၊ ဖျာပုံခရိုင်နှင့် မအူပင်ခရိုင်၌ပြုလုပ်သည့် ၂၀၂၃-၂၀၂၄၊ ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် စပါးမျိုး​စေ့၊ နေကြာမျိုး​စေ့နှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲအခမ်းအနားသို့ တိုင်း​ဒေသကြီးဝန်ကြီးချုပ်တက်ရောက်
၂၀၂၃-၂၀၂၄၊ ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် စပါးမျိုး​စေ့၊ နေကြာမျိုး​စေ့၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဖျာပုံခရိုင်၊ ဖျာပုံမြို့၊ သိရိအဏ္ဏဝါခန်းမ၌ပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်​မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တောင်သူများတက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“၂၀၂၄ ခုနှစ်မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော်စိုက်ဧက(၂၇)သိန်းအားထည့်သွင်းစိုက်ပျိုးနိုင်ရန် ပိုက်ဆံလျှော်မျိုးစေ့၊ နွေစပါးအတွက်မျိုးစပါးနှင့် ဆောင်းသီးနှံနေကြာအတွက်မျိုးစေ့များပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီမှစ၍ တစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေးအတွက် ပြီးခဲ့သည့် တောင်သူလယ်သမားနေ့တွင် ဆွေးနွေးပွဲများပြုလုပ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းအဖြစ် မိုးစပါး တစ်ဧကလျှင် တင်း ၁၀၀ နှုန်းနှင့် ​နွေစပါး တစ်ဧကလျှင် တင်း ၁၁၀ နှုန်းရည်မှန်းချက်ထားရှိပါ​ကြောင်း၊ ယခင်နှစ်​နွေစပါးအထွက်နှုန်းအရ ယခုနှစ်သည် ​နွေစပါး ပန်းတိုင်အထွက်နှုန်း​ရောက်ရှိရမည့်နှစ်ဖြစ်ပါ​ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်ပြီး မြန်မာနိုင်ငံ၏ စပါးကျီဖြစ်ပါ​ကြောင်း၊ တိုင်း​ဒေသကြီးအတွင်း စားသုံးဆီအပြည့်အဝအဖူလုံစေရေးအတွက် မြေပဲ၊ နှမ်းအပြင် ဆီထွက်သီးနှံနေကြာများကို တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ နေကြာစိုက်ပျိုးဖြစ်ထွန်းအောင်မြင်စေရေးအတွက် အထွက်တိုးနေကြာမျိုးများသုံးစွဲစေရေး၊ စနစ်တကျစိုက်ပျိုးစေရေးကိုလည်းဆောင်ရွက်ရန်လိုပါကြောင်း၊ မြေဆီလွှာပျက်စီးမှုများကို ပြန်လည်ကောင်းမွန်စေရေးအတွက် သစ်စိမ်းမြေဩဇာများ ထည့်သွင်းစိုက်ပျိုးခြင်း၊ ဓါတ်​မြေဩဇာသုံးစွဲမှုများ လျှော့ချနိုင်ရေးနှင့် တောင်သူများ၏ သွင်းအားစုများ​ကုန်ကျစရိတ်များသက်သာ​စေ​ရေးအတွက် ဆောင်ရွက်ခြင်းလည်းဖြစ်ပါကြောင်း၊ ပိုက်‌ဆံလျှော်မျိုးစေ့များအချိန်မီထုတ်လုပ်နိုင်ရန်၊ ဆောင်းသီးနှံစပါးနှင့်နေကြာအချိန်မီစိုက်ပျိုးနိုင်ရန် တောင်သူများထံသို့ ယခုကဲ့သို့မျိုးစေ့များပေးအပ်ခြင်းဖြစ်ပြီး အောင်မြင်အောင်ဝိုင်းဝန်းဆောင်ရွက်ကြိုးပမ်းပေးကြစေလိုကြောင်း” အမှာစကားများပြောကြားသည်။ ဆက်လက်၍ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးက ခရိုင်အတွင်းပိုက်ဆံလျှော် (မျိုးစေ့ထုတ်)နှင့် နေကြာစိုက်ပျိုးမှု အခြေအနေများ၊ ၂၀၂၃ခုနှစ် မိုးစပါးစိုက်ပျိုးမှုနှင့် ထွက်ရှိမှု၊ တစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ခရိုင်ဦးစီးမှူးက တောင်သူများထံပိုက်ဆံလျှော်မျိုးစေ့၊ နေကြာမျိုးစေ့နှင့် စပါးမျိုးစေ့များ ပေးအပ်ရခြင်းရည်ရွယ်ချက်များနှင့် စိုက်ပျိုးဆောင်ရွက်မည့် အခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။  ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များမှ တောင်သူများထံသို့ ပိုက်ဆံလျှော်မျိုးစေ့၊ နေကြာမျိုးစေ့နှင့် စပါးမျိုးစေ့များအားပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးကကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဖျာပုံမြို့နယ်၊ ကျုံတာရှမ်းကွင်း​ကျေးရွာအုပ်စု၊ ဖျာပုံ-ကျိုက်လတ်ကားလမ်းဘေးရှိ ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းဧက(၂၀)အား ကြည့်ရှုခဲ့ရာ လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးနှင့် ခရိုင်စိုက်ပျိုး​ရေးဦးစီးမှူးတို့က ၂၀၂၃-၂၀၂၄ခုနှစ်၊ ဖျာပုံမြို့နယ်၏ ကျေးရွာအုပ်စု/ကွင်းအလိုက် ပထမအကြိမ်အဖြစ် ပိုက်ဆံ​လျှော် မျိုးစေ့ထုတ် စိုက်ဧက (၂၀) ဧက စိုက်ပျိုးပြီးစီးမှုနှင့် ဒုတိယအကြိမ်တွင် ဧက (၁၆၀၀) ပိုက်ဆံလျှော်မျိုးစေ့ စိုက်ပျိုးထုတ်လုပ်မည့် အစီအစဥ်များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ပိုက်ဆံ​လျှော်မျိုး​စေ့များ ​တောင်သူများထံသို့ အချိန်မီ​ရောက်ရှိ၍ ထည့်သွင်းစိုက်ပျိုးနိုင်​ရေး​ဆောင်ရွက်​ပေးရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မအူပင်ခရိုင်၊ မအူပင်မြို့တိုးရွှေဝါခန်းမ၌ပြုလုပ်သည့် ၂၀၂၃-၂၀၂၄၊ ဆောင်းသီးနှံစိုက်ပျိုးရေးအတွက်  နေကြာမျိုး​စေ့၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်၍အမှာစကားများပြောကြားသည်။ ထို့နောက် ခရိုင်အုပ်ချုပ်ရေးက တိုင်းဒေသကြီးဝန်ကြီးချုပ်အား မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးနိုင်မှု၊ ပိုက်ဆံလျှော်မျိုးစေ့များမြို့နယ်များအလိုက် ဆက်လက်ပေးအပ်သွားမည့်အခြေအနေများနှင့် စပါးတစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေးဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူးက တောင်သူများထံပိုက်ဆံလျှော်မျိုးစေ့၊ နေကြာမျိုးစေ့နှင့် စပါးမျိုးစေ့များ ပေးအပ်ရခြင်းရည်ရွယ်ချက်များအားရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က  မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူနယ်တို့မှ တောင်သူများထံသို့ ပိုက်ဆံလျှော်မျိုးစေ့များနှင့် နေကြာမျိုးစေ့များပေးအပ်ခဲ့ပြီး တောင်သူတစ်ဉီးက ကျေးဇူးတင်စကားများပြန်လည်ပြောကြားခဲ့ပါသည်။


Read More...
10-Nov-2023