သတင်းများ
ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက ပုသိမ်မြို့ရှိဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှုအားပေး
Read More...
ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)၊ ရန်ကုန်ကလေးဆေးရုံကြီးတို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ပုသိမ်မြို့၊ ခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် ယခုလ၂၀ရက်နေ့မှ ၂၁ရက်နေ့အထိ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆေးလာရောက်ကုသသည့် လူနာများနှင့် ရင်းရင်းနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကာ နံနက်စာ စားသောက်ဖွယ်ရာများ ထောက်ပံ့လှူဒါန်းခဲ့သည်။ ထို့နောက် ကျန်းမာရေးဝန်ထမ်းများက လူနာများစာရင်းရေးသွင်းနေမှုများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုများ၊ အထူးကုဆရာဝန်ကြီးများဖြစ်ကြသည့် ပါမောက္ခဒေါက်တာနွယ်နွယ်၊ ပါမောက္ခ/ဌာနမှူး(နှလုံးဆေးကု)၊ ဒေါက်တာစိန်ခိုင်၊ ကထိက(နှလုံးဆေးကု)၊ ပါမောက္ခဒေါက်တာမိုးဝင့်အောင်၊ ပါမောက္ခ/ဌာနမှူး(ဆီးချိုနှင့်ဟော်မုန်း)၊ ဒေါက်တာခင်နွယ်ဦး၊ အထူးကုဆရာဝန်ကြီး(ကလေးကင်ဆာ)၊ ဒေါက်တာအေးမြမင်းအေး၊ အထူးကုဆရာဝန်ကြီး(ကလေးဦးနှောက်နှင့်အာရုံကြော)၊ ပါမောက္ခဒေါက်တာဝင်းဝင်းဆွေ၊ ပါမောက္ခ/ဌာနမှူး(အသည်းဆေးကု)၊ ဒေါက်တာလင်းထက်ဦး၊ အထူးကုဆရာဝန်(အစာအိမ်နှင့်အူလမ်းကြောင်း)၊ ဒေါက်တာနေမျိုးဦး၊ တွဲဖက်ပါမောက္ခ(ဆေးပညာ)၊ ဒေါက်တာရဲသူဟန်၊ အထူးကုဆရာဝန်(ရင်ခေါင်းဆေးကု)၊ ဒေါက်တာထက်ထက်လင်း၊ တွဲဖက်ပါမောက္ခ(ဦးနှောက်နှင့်အာရုံကြောဆေးကု)၊ ဒေါက်တာမြတ်မွန်ဇင်သိန်း၊ အထူးကုဆရာဝန်(ဦးနှောက်နှင့်အာရုံကြောခွဲစိတ်)တို့က ဆေးကုသမှုပေးနေမှုများအား တိုင်းဒေသကြီးကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာကျော်ဇင်တို့မှလိုက်လံရှင်း လင်းပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အထူးကုဆရာဝန်ကြီးများအား ဒေသထွက်အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
အထူးကုဆေးကုသရေးအဖွဲ့အနေဖြင့် ယခုလ၂၀ရက်နေ့မှ ၂၁ရက်နေ့အထိ နှလုံးရောဂါဆိုင်ရာလူနာ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာလူနာ၊ ဦးနှောက်နှင့်အာရုံကြောဆေးကုသမှုဆိုင်ရာလူနာ၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာလူနာ၊ အထွေထွေရောဂါဆေးပညာလူနာ၊ ရင်ခေါင်းဆေးကာသမှုဆိုင်ရာလူနာ၊ ဆီးချိုနှင့်ဟော်မုန်းဆိုင်ရာလူနာ၊ အသည်းဆေးကုသမှုဆိုင်ရာလူနာ၊ က လေးကင်ဆာ၊ ကလေးဦးနှောက်နှင့်အာရုံကြော၊ ကလေးရောဂါ၊ အရိုးအကြော၊ အရေပြား၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ သားဖွားမီးယပ်၊ ခွဲစိတ် လူနာစုစုပေါင်း ၁၁၁၉ဦးအား ကြည့်ရှုကုသပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ စာဖြူစုကျေးရွာအုပ်စုရှိ စိုက်ပျိုးရေးဦးစီးဌာန၏ Super sun-41 ဆီးထွက်သီးနှံနေကြာ(၁၀)ဧကစံပြကွက်အားလည်းကောင်း၊ တောင်သူဦး စောဌေးအောင်၏လယ်ဧက( ၄ ) ဧကတွင် (GW11)နွေစပါးဓာတ်မြေဩဇာကြဲပက်နေမှုများနှင့် တောင်သူဒေါ်နှင့်ယုဆွေ၏ လယ်မြေ (၄)ဧကတွင် သီးထပ်ရင် နွေစပါး ပျိုးေထာင်၍ စနစ်တကျစိုက်ပျိုး နေမှုများအားလည်းကောင်းကြည့်ရှုအားပေးခဲ့ပြီး သွင်းအားစုများစနစ်တကျထည့်သွင်းဆောင်ရွက်စေရေး၊ အထွက်တိုးမျိုးစပါးများနှင့်စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုး၍ အထွက်နှုန်းတိုးတက် အောင်ဆောင်ရွက်စေရေး၊ သီးထပ်စွမ်းအားမြှင့်တင်စေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့ပြီး တောင်သူများ၏တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကန်ကြီးထောင့်မြို့နယ် ၊ဝါးဒူးကျေးရွာ တွင် မတ်လ၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တောင်သူလယ်သမားနေ့အခမ်းအနားတွင် ပြသရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုတင်ပြင်ဆောင်ရွက်ထားသည့် သီးပင်စားပင်များ၊ သစ်ပင် ပန်းမန်များနှင့် အခမ်းအနားပြုလုပ်မည့်နေရာတို့အားကြည့်ရှုစစ်ဆေးခဲ့ရာ တောင်သူလယ်သမားနေ့အတွက် ကြိုတင်ပြင်ဆောင်ရွက်နေမှုအခြေအနေများအား တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ ကြောင်ပန်းကုန်းကျေးရွာ၊ တောင်သူဦး ဇော်ဇော်မျိုး ၏ လယ်မြေ ၅ ဧကတွင်ပြုလုပ်သည့် ရက် ၉၀ မျိုးစပါး၊ နွေစပါး မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချခြင်း အခမ်းအနားတက်ရောက်အားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ နွေစပါး တစ်ဧက ၁၀ တင်းပိုမိုတိုးတက်ထွက်ရှိစေရေး၊ ကောက်စိုက်စက်၊ အစေ့ချကိရိယာဖြင့် မျိုးစေ့ချခြင်းများအား တောင်သူများကျန်ကျယ်ပြန့်ပြန့်သိရှိဆောင်ရွက်စေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သစ်တောဦးစီးဌာန၊ မြို့မပျိုးဥယျာဉ်(ပုသိမ်)သို့သွားရောက်၍ သစ်တောဦးစီးဌာနမှ ကံ့ေကာ်၊ ခရေ၊ ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ယမနေ၊ စိန်ပန်းကြီး၊ ပိတောက်၊ ရေတမာ၊ တမလန်း၊ သင်းဝင် ယင်းမာ၊ တောင်သရက်၊ ကုက္ကိုလ်၊ ငုရွှေ၊ ပုန်းညက်၊ ကညင်၊ ပျိုးပင်များပျိုးထောင်ထားရှိမှု အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပျိုးပင်များအားလုံးရှင်သန် စိုက်ပျိုးနိုင်စေရေးပျိုးထောင်ပြုစုထားရှိရန်မှာကြားခဲ့သည်။ သစ်တောဦးစီးဌာန၊ မြို့မပျိုးဥယျာဉ်(ပုသိမ်)တွင် ၂၀၂၂၊ ၂၀၂၃ ခုနှစ် အထူးပျိုးပင် သုံးသောင်းကျော်နှင့် ၂၀၂၄ မိုးရာသီ ပျိုးပင် သုံးသောင်းကျော် စိုက်ပျိုးထားရှိကြောင်းသိရသည်။
ထို့အတူ ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ကန်သာယာပျိုးဥယျာဉ်သို့ သွားရောက်၍ ပျိုးပင်များပျိုးထောင်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ပုသိမ်မြို့၊ ကန်သုံးဆင့်တွင် ပြည်သူများကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်နိုင်ရန်နှင့် အပန်းဖြေနိုင်ရန်အတွက် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်နေသည့် ကန်သုံးဆင့်ပန်းခြံ စိမ်းလန်းစိုပြေစေရေးအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် အများပြည်သူများစိတ်အေးချမ်းစွာအနားယူနိုင်စေရေး၊ မြတ်ခင်းများစနစ်တကျစိုက်ပျိုးစေရေး၊ လျှောက်လမ်းများတွင် colour brick များစနစ်တကျခင်းကျင်းစေရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့ကြောင်းသိရသည်။
Read More...
22-Jan-2024
တိုင်းဒေသကြီး ဝန်ကြီးချုပ် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(မြောင်း မြ)၌ပြုလုပ်သည့် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် စိုက်ပျိုးရေးနှင့်မွေးမြူရေးဒီပလိုမာ(ပထမနှစ်)မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားအား တက်ရောက်အားပေး
Read More...
၂၀၂၃-၂၀၂၄ ပညာသင်နှစ် စိုက်ပျိုးရေးနှင့်မွေးမြူရေးဒီပလိုမာ(ပထမနှစ်) မောင်မယ် သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(မြောင်းမြ)၊ မြကျွန်းရွှေဝါခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ မောင်မယ်သစ်လွင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားအား ကျောင်းသား၊ ကျောင်းသူများက “အလှပန်းအစဉ်ဖြာဝေ” ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီ တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်တိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုးရေးတွင် စံပြတိုင်းဒေသကြီးဖြစ်ရန်နှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ စိုက်ဧကများတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီဟု တင်စားရသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ မိုးစပါး၊ နွေစပါးစိုက်ပျိုးဧက (၅၂)သိန်းကျော်ရှိပြီး စပါးတင်းသိန်းပေါင်း လေးထောင်ကျော်ထွက်ရှိပါကြောင်း၊ ပြီးခဲ့သည့်မိုးစပါးစိုက်ရာသီတွင် ပန်းတိုင်အထွက်နှုန်းရောက်ရှိစေရန်အတွက် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မောင်တို့မယ်တို့သည် သင်တန်းကာလ သုံးနှစ်ပညာဆည်းပူးပြီးပါက ဒီပလိုမာလက်မှတ်ရရှိမည်ဖြစ်ပြီး အလယ်အလတ်အဆင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရှင်များဖြစ်လာကြမည် ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့သည် သင်ကြားပို့ချသည့် ဘာသာရပ်များကို တတ်သိနားလည်အောင် ကြိုးပမ်းသင်ယူဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ မောင်မယ်တို့သည် ခေတ်မီသည့် စိုက်ပျိုးရေးနည်းပညာများကို တောင်သူ များထံသို့ အရောက်ဖြန့်ဝေပေးကြရမည်ဖြစ်ပြီး တောင်သူများ၏လူမှုစီးပွားဘဝ မြင့်မားလာ စေရေး မြှင့်တင်ဆောင်ရွက်ပေးကြရမည့်သူများလည်းဖြစ်ပါကြောင်း၊ မောင်မယ်တို့အနေဖြင့် ပညာသင်စဉ်ကာလတစ်လျှောက် ကျောင်းတော်ကြီးမှချမှတ်ထားသော စည်းကမ်းများကို တိကျစွာလေးစားလိုက်နာကြပြီး ပညာထူးချွန်၍ နိုင်ငံတော်အတွက် အားထားရသော စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရှင်များဖြစ်လာစေရေးကြိုးစားကြရန်လိုပါကြောင်း” ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားများပြောကြားခဲ့ပြီး၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဆုများချီးမြှင့်ခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်း ဆက်စကားများ ပြောကြားခဲ့ပြီးနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နိုင်ငံတော်အဆင့်၊ (၂၄)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီးကဆုများ ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူလေးများ၏ တေးသီချင်း များဖြင့် ဖျော်ဖြေတင်ဆက် ကပြမှုများကိုကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(မြောင်းမြ) မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ရင်းနှီးနွေးထွေးစွာ နေ့လယ်စာအတူတကွသုံးဆောင်ခဲ့ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အောင်တပ် ကျေးရွာအုပ်စုရှိ တောင်သူဦးကံမြင့်၏ လယ်ဧက(၆)ဧက၌ ပြုလုပ်သည့် မိုးစပါး(ရေကျ နောက်စိုက်) ရွှေသွယ်ရင်စပါး စံကွက်ရိတ်သိမ်းပွဲသို့တက်ရောက်၍ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကာ အထွက်တိုး မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးရန်၊ သဘာဝမြေသြဇာနှင့်ဓါတ်မြေသြဇာများ အချိန်ကိုက် အချိုးကျထည့်သွင်းရန်၊ သီးထပ်စွမ်းအားမြှင့်တင်ရေးနှင့် ပန်းတိုင် အထွက်နှုန်း ရရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာ အုပ်စုရှိ တောင်သူဦးမြင့်စိုး၏ စိုက်ဧက(၁၀)ဧကတွင် စိုက်ပျိုးထားသည့် super sun 41နေကြာ စိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ပြီး အောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးရန်မှာကြားခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ (၁၇.၁.၂၀၂၄)ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်-ပုသိမ်လမ်း မိုင်(၈၈/၃.၅) မှ (၈၉/၂.၅)မိုင်အထိ (၇ ဖာလုံ) အား လမ်းလွှာဒီဇိုင်းအရ မူလလမ်းတာဘောင်နှင့်လမ်းလွှာအား တူးထုတ်ဖယ်ရှား၍ သတ်မှတ်လမ်းတာဘောင် အကျယ် နှင့် Slope များရရှိစေရန် Geometric Design အတိုင်း မြေသားလုပ်ငန်းဆောင်ရွက်ခြင်း၊ လမ်းတာဘောင်အတွင်း Geogid Reinforcement (Geosynthetics material) အသုံးပြု၍ လမ်းအောက်ခံမြေသားဝန်ထမ်းနိုင်မှု ပိုမိုမြင့်မားစေရန် ဆောင်ရွက်ခြင်း၊ Improved Subgrade အလွှာတည်ဆောက်ခြင်း၊ ( ၃ဝ ပေ)(၉.၁၄)မီတာ အကျယ်ကွန်ကရစ်လမ်းတည်ဆောက်ခြင်းနှင့် အမာခံလမ်းပုခုံး တည်ဆောက်ခြင်းလုပ်ငန်း များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုများ အရည်အသွေးကောင်းမွန်ပြီး သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
Read More...
19-Jan-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့၊ မြဝတီရပ်ကွက်၊ တက္ကသိုလ်လမ်းမကြီးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးရုံးမှ သန်းခေါင်စာရင်းကောက်ယူသည့်အခါ အိမ်ထောင်စုများထပ်ကျန်ခြင်းမရှိစေရန်နှင့် Census Unit တစ်ခုချင်း၏ အဆောက်အဦများ၏ တည်နေရာနှင့် အိမ်ထောင်စုအရေအတွက်ကို သိရှိနိုင်စေရန် အတွက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း Census Unit (သန်းခေါင်းစာရင်းယူနစ်)များတွင် အဆောက်အဦစာရင်းတင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကုန်းကြီးကျေးရွာအုပ်စုရှိ ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဦးစီးဌာ၊ စိုက်ပျိုးရေးမျိုးသန့်ခြံတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) (၁၅)ဧက မျိုးစေ့ထုတ်စိုက်ခင်းအားလည်းကောင်း၊ ဟင်္သာတမြို့နယ်၊ စစ်ကုန်းကျေးရွာရှိ တောင်သူ ဦးချစ်မောင်နှင့် ဦးသက်နိုင်တို့၏ စိုက်ဧက (၈)ဧက၌ ဆီထွက်သီးနှံနေကြာ Super Sun 41စိုက်ခင်း ဖြစ်ထွန်းအောင်မြင်နေမှုနှင့် ပဲရင်းစိုက်ခင်း၊ ငရုတ်စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းနေမှုများကိုလည်းကောင်း၊ ဇလွန်မြို့နယ်၊ မေရီလန်းကျေးရွာ၊ တောင်သူ ဦးဝင်းမြင့်ဦး၏ ဆီထွက်သီးနှံနေကြာ Super Sun 41(၁၀)ဧက စံပြစိုက်ခင်းအားလည်းကောင်း၊ ဇလွန်မြို့နယ်၊ ဖက်သောင်ကျေးရွာ၊ တောင်သူ ဦးရွှေထူး၏ ဆီထွက်သီးနှံနေကြာ Super Sun 41(၁၀)ဧက စံပြစိုက်ခင်းအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် နေကြာ၊ မြေပဲ၊ နှမ်းစသည့် ဆီထွက်သီးနှံများ အောင်မြင်အောင် တိုးချဲ့စိုက်ပျိုးကြရန်၊ ဒေသနှင့်ကိုက်ညီသည့် အထွက်တိုးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးကြရန်၊ ပိုးမွှားများ မကျရောက်စေရေးနှင့် ရိတ်သိမ်းချိန် လေလွင့်မှုမရှိစေရေး၊ စနစ်တကျဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
Read More...
17-Jan-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတတက္ကသိုလ်၌ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတက်ရောက်
Read More...
၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဟင်္သာတတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများ၊ မောင်မယ်သစ်လွင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်သိပ္ပံအသီးသီးတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲများ ကျင်းပနေကြပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် အခြေခံပညာလွန်မြောက်၍ အဆင့်မြင်ပညာများကို စတင်လေ့လာဆည်းပူးရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ကြီးတွင် စတင်ပညာဆည်းပူးမည့် မောင်တို့မယ်တို့အား တက္ကသိုလ်ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ ဆရာ၊ ဆရာမများက နွေးထွေးစွာကြိုဆိုကြခြင်းဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် အခြေခံပညာကို မိဘအုပ်ထိန်းမှုဖြင့်သင်ယူအောင်မြင်ခဲ့ရာ မှ တက္ကသိုလ်သို့ရောက်ရှိလာချိန်တွင် ကိုယ်ပိုင်စဥ်းစားဆင်ခြင်တွေးခေါ်မှု ဆုံးဖြတ်မှုတို့ဖြင့်လေ့လာဆည်းပူးသွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် တက္ကသိုလ်ကျောင်းတော်ကြီးတွင် မိမိတို့ဝါသနာပါသည့် အားကစား၊ စာပေ ၊ ဂီတ၊ အနုပညာဆိုင်ရာ များကိုလည်း ဖော်ထုတ်ပြသနိုင်ရန်အတွက် အခွင့်အလမ်းကောင်းများကို ဖန်တီးရယူနိုင်သည့် နေရာလည်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၏ သဘာဝအရင်းအမြစ်များကို အသုံးချနိုင်ပြီး ဒေသအကျိုးကို ရှေးရှုပို့ချပေးမည့် စိုက်ပျိုးရေးဓာတုဗေဒဌာန( Agricultural Chemistry)၊ ငါးပညာသိပ္ပံ( Fisheries Science)ဆိုသည့် အသုံးချဘာသာရပ်နှစ်ခုကိုလည်း အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ထို့ပြင် မောင်တို့မယ်တို့အနေဖြင့် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် အဆင့်မြင့်ပညာကဏ္ဍအတွက် တိုင်းဒေသကြီးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရေးဆောင်ရွက်ကြရန်လိုကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် ကျောင်းတွင်းလှုပ်ရှားမှုများ၊ လူမှုရေးအသင်းအဖွဲ့များတွင်လည်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း၊ မောင်မယ်သစ်လွင်တို့အနေဖြင့် အဆင့်မြင့်ပညာများကိုလေ့လာဆည်းပူးပြီး သုတေသနပြုမှု၊ တီထွင်ဖန်တီးမှုများကို တိုးတက်အောင်မြင်အောင် ကြိုးစားရင်းဖြင့် ဒေသနှင့် နိုင်ငံအကျိုး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဖော်ဆောင်ပေးနိုင်ပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် ပညာတတ်လူငယ် မောင်မယ်များ ဖြစ်ပါစေကြောင်း” မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားများပြောကြားသည်။ ထို့နောက် ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ်က နွေးထွေးစွာ ကြိုဆိုနှုတ်ခွန်းဆက်စကားများ ဆက်လက်ပြောကြားခဲ့ပြီးနောက် ဟင်္သာတတက္ကသိုလ် သင်ကြားရေး၊ စီမံခန့်ခွဲရေး အကြီးအကဲများနှင့် မောင်မယ်သစ်လွင်များအား မိတ်ဆက်ပေးခဲ့သည်။
ဆက်လက်၍ ဝိဇ္ဇာဘာသာရပ်များအကြောင်း သိကောင်းစရာများကို ဒဿနိကဗေဒဌာန ပါမောက္ခ(ဌာနမှူး)နှင့် သိပ္ပံဘာသာရပ်များအကြောင်း သိကောင်းစရာများကို ဓာတုဗေဒနှင့် စိုက်ပျိုးရေးဓာတုဗေဒဌာန ပါမောက္ခ(ဌာနမှူး) တို့က ဘာသာရပ်များ၏ အရည်အသွေး၊ အရေးပါမှု၊ သင်ကြားရခြင်း၏ရည်ရွယ်ချက်၊ ရရှိမည့်အကျိုးကျေးဇူးများအား ရှင်းလင်းတင်ပြခဲ့ကြပြီးနောက် မောင်မယ်သစ်လွင်များကိုယ်စား ကျောင်းသူတစ်ဦးကကျေးဇူးတင်စကားများ ပြောကြားခဲ့ပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မောင်မယ်သစ်လွင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။
Read More...
17-Jan-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနား တက်ရောက်၊ အသက် (၁၈)နှစ်နှင့်အထက် လူဦးရေစာရင်း စိစစ်အတည်ပြုနေမှုကြည့်ရှုစစ်ဆေး
Read More...
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဧရာတီတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဧရာတီတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော် မုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တိုင်းဒေသကြီး ပညာရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။ ယင်းနောက် အခမ်းအနားကို ရတနာတန်ဆောင်ခန်းမ၌ ဆက်လက်ပြုလုပ်ရာ ပုသိမ်မြို့၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “စုံညီပွဲတော်တို့နွှဲပျော်”သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုကျင်းပသည့် ပညာရေးစုံညီပွဲတော်ကြီးတွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ်အတွင်း ကာယ၊ ဉာဏ စွမ်းရည်ထူးချွန်ဆု ရရှိသူများနှင့် ထူးချွန်ထက်မြက်သည့် ဆရာ၊ ဆရာမများကို ဂုဏ်ပြုချီးမြှင့်သည့်ပွဲဖြစ်ပါကြောင်း၊ အရည်အချင်းပြည့်ဝသည့် ကျောင်းသားကျောင်းသူများ၊ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံထူးချွန်သူများကို ဂုဏ်ပြုချီးမြှင့်ပြီး ကျောင်းသား၊ ကျောင်းသူများက လေးစားအတုယူလိုက်နာကြရန်နှင့် မိဘများကလည်း ပညာရေးစနစ်သစ်၏ သဘောတရားများကို စုံညီပွဲတော် ကျင်းပပေးခြင်းအားဖြင့် သိရှိနားလည်လာကြမည် ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများ၏ အရည်အသွေး တိုးတက်စေရန်အတွက် ဘာသာရပ် မွမ်းမံ သင်တန်းများ၊ သင်ထောက်ကူပစ္စည်းအသုံးချမှု အရည်အသွေးမြှင့်သင်တန်းများ၊ အောင်ချက် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲများကိုလည်း ဖွင့်လှစ်ပို့ချပေးလျှက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် အခြေခံပညာကျောင်းတက်ရောက်မှုအများဆုံး၊ ကျောင်းဖွင့်လှစ်မှု အများဆုံးတိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ပညာတတ် လူသားအရင်းအမြစ်များ များစွာပေါ်ထွန်းလာမည့် တိုင်းဒေသကြီးဖြစ်သဖြင့် တိုင်းဒေသကြီး၏ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများအားအခြေခံ၍ အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက အခွင့်အလမ်းကောင်းများ များစွာရရှိလာမည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ပညာရေးတိုးတက် အားကောင်းသည့် တိုင်းဒေသကြီးဖြစ်သောကြောင့် ကလေးများ၏ ပညာသင်ယူခွင့် အခွင့်အလမ်းများ မဆုံးရှုံးစေရေး စီမံဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများအပါအဝင် ကျောင်းပေါင်း(၇၂၀၀)ကျော်တွင် တက်ရောက်နေကြသည့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၁)သိန်း နှစ်သောင်းကျော်၏ အောင်ချက်မြင့်မားရေး၊ ယခုနှစ် စနစ်သစ်ပညာရေး Grade 12 တွင် ဖြေဆိုအောင်မြင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စနစ်သစ်ပညာရေးကို KG+12 ထိ ဖော်ဆောင်လျက်ရှိပြီး KG+9 အခြေခံပညာအလယ်တန်းအဆင့်အထိ ပညာသင်ကြားခွင့်ရရေးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးတွင် အလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်ပြီး သက်မွေးပညာဆက်လက်သင်ယူလိုသော ကျောင်းသား၊ ကျောင်းသူ များအတွက် ဒေးဒရဲ၊ ကန်ကြီးထောင့်၊ ကြံခင်း၊ ညောင်တုန်း မြို့နယ်များတွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်သင်ကြားခဲ့ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင်လည်း ကျုံပျော်၊ ဟင်္သာတ၊ မြောင်းမြ၊ လပွတ္တာမြို့နယ်များတွင် ဆက်လက်ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း၊ မိဘအုပ်ထိန်းသူများအနေဖြင့်လည်း မိမိတို့သားသမီးများ ပညာရည်တိုးတက်စေရေးအတွက် အမြဲမပြတ်ကြပ်မတ် ဆောင်ရွက်နေရမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူများအား မိမိရင်ဝယ်သားကဲ့သို့ စေတနာ၊ ဝါသနာ၊ အနစ်နာဆိုသည့် နာ(၃)နာနှင့် ဘက်စုံထူးချွန်ပြီး အမျိုးဘာသာ သာသနာကို စောင့်ရှောက်နိုင်သော နိုင်ငံ သားကောင်း သမီးမွန်များဖြစ်အောင် ကြိုးစားသင်ကြားပေးဖို့တိုက်တွန်း မှာကြားလိုပါကြောင်း" အမှာစကားများ ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း အကြောင်းအရင်းများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းနှင့် ဖျော်ဖြေရေး အစီအစဉ်များကိုပြုလုပ်ရာ လွတ်လပ်ရေးနေ့အထိမ်းအမှတ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် Sukura Science High School Program (SSHP) in JFY 2023 သို့ လေ့လာရေးခရီးသွားရောက်ရန် ဆုရရှိသူများကို ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူး နှင့်ဇနီးကလည်းကောင်း၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်း အဆင့်ပြိုင်ပွဲ၊ National ICT Awards 2023(မူလတန်းအဆင့်)ပြိုင်ပွဲ၊ မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲနှင့် ကမ္ဘာ့ဆရာများနေ့ဆောင်ပါးပြိုင်ပွဲတွင် ဆုရရှိသူများကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီးကလည်းကောင်း၊ အဂတိတိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ၊ ကမ္ဘာ့ဆရာများနေ့ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ National ICT Awards 2023 (အလယ်တန်းနှင့် မူလတန်းအဆင့်) ပြိုင်ပွဲများတွင် ဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ National ICT Awards 2023 (ဆရာအဆင့်အဖွဲ့လိုက်)ပြိုင်ပွဲ၊ National ICT Awards 2023 (အထက်တန်း အဆင့်ပြိုင်ပွဲ)၊ Clean and Green School ဆု၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း ဂုဏ်ပြုဆုများနှင့် ဖျော်ဖြေရေးအကအဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများ၏ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေမှုများကို ကြည့်ရှု အားပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခရိုင်အလိုက် ခင်းကျင်းပြသထားသည့် ဧရာဝတီတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် (၁၄.၁.၂၀၂၄) ရက်နေ့ ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးသို့သွားရောက်၍ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၈)ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်တွင် (၁.၂.၂၀၂၄)တွင် အသက် (၁၈)နှစ်နှင့်အထက် လူဦးရေစာရင်း စိစစ်အတည်ပြုနိုင်ရေးအတွက် ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ ကြီးကြပ်မှုကော်မတီများမှ စိစစ်အတည်ပြုထားသည့် လူဦးရေစာရင်းများ မှန်ကန်မှုရှိမရှိ စိစစ်ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်အလိုက် စာရင်းဇယား၊ အချက် အလက်များ တိကျမှန်ကန်မှုရှိစေရေး အထူးအလေးထား ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
15-Jan-2024