သတင်းများ
ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ အပိုထပ်ဆောင်း ထိုးနှံပေးနေမှုများနှင့် ကလေးငယ်များအား တိုးချဲ့ကာကွယ်ဆေးများထိုးနှံနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုအားပေး
Read More...
ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများအပိုထပ်ဆောင်း ထိုးနှံပေးနေမှုနှင့် ကလေးငယ်များအား တိုးချဲ့ကာကွယ်ဆေးများ ထိုးနှံပေးနေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရန် လာရောက်သည့် ပြည်သူများအား ဆေးမထိုးနှံမီ သွေးပေါင်ချိန်တိုင်းတာခြင်း၊သွေးတွင်းအောက်ဆီပမာဏတိုင်းတာခြင်း၊နှလုံးခုန်နှုန်း တိုင်းတာခြင်းများနှင့် ကာကွယ်ဆေးထိုးနှံနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ အထွေထွေရောဂါဆေးရုံကြီး အရေးပေါ်ကုသရေးဌာန၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ လူနာများအား ထားရှိရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လူနာများအတွက် လိုအပ်ပါက အောက်စီဂျင်လုံလောက်စွာပေးနိုင်ရေးအတွက် အောက်စီဂျင်စက်ရုံများအားစနစ်တကျလည်ပတ်နိုင်အောင်ပြင်ဆင်ထားရှိရေးနှင့် အောက်ဆီဂျင်အိုးများ အရံသင့်ထားရှိရေး၊ အရေးပေါ် လူနာကုသဆောင်များတွင် ကိုဗစ်-၁၉ရောဂါကုသရေးနှင့် ပတ်သက်သည့် ဆေးဝါးနှင့် ဆေးပစ္စည်းများ အဆင့်သင့်ထားရှိရေး၊ ကိုဗစ် ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် မိမိကိုယ်ကို သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်၍ အမြန်ဆုံးကုသမှုခံယူရေး ပြည်သူများသိရှိနိုင်အောင် ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကလေးငယ်များအား ( Routing EPT ) တိုးချဲ့ကာကွယ်ဆေး ထိုးနှံပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် ၂ လ အရွယ်မှ ၉ လ အရွယ်ထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး၊ ၁နှစ်ခွဲအရွယ် ကလေးငယ်များအား ဒုတိယအကြိမ် ဝက်သက် ကာကွယ်ဆေးများအား လစဥ် ၁ ရက်နေ့တိုင်း မြို့နယ်ကျန်းမာရေးဌာနတွင် ထိုးနှံပေးလျှက်ရှိပြီး ကျန်ရက်များတွင် ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း၍ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနသို့သွားရောက်၍ ကျန်းမာရေးဌာနမှ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။
ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်၍ အောက်ဆီဂျင်စက်ရုံမှ အောက်စီဂျင် လည်ပတ်ထုတ်လုပ်နေမှုများကိုလည်းကောင်း၊ဆေးရုံတက်ရောက်နေသည့် လူနာများအားလည်းကောင်း၊ အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် ဆောက်လုပ်ပြီးစီးသည့် ၃၈ပေ၊ ၁၃၀ပေရှိ RC နှစ်ထပ်၊ ၃၂ ခုတင်ဆံ့ တိုးချဲ့လူနာဆောင်သစ်အားလည်းကောင်း ၊ ကျန်းမာရေးဝန်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထပ်ဆောင်း ထိုးနှံမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေး အားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထပ်ဆောင်း ထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးပြီး ကာကွယ်ဆေးများ အပြည့်အဝထိုးနှံပေးနိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်သည့် အသိပညာပေး လုပ်ငန်းများစဉ်ဆက်မပြတ်ဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပန်းတနော်မြို့နယ်၊ ဘုရားချောင်း ကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်ခဲ့ပြီး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဌေးမြင့်က စပါးခွံလောင်စာသုံး gasifier ဖြင့် gas engine အသုံးပြုပြီး လျှပ်စစ်ဓါတ်အား ၁၂ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စက်ရုံ (၁)ရုံ၊ စပါးခွံလောင်စာသုံး boiler ဖြင့် Turbine စနစ်အသုံးပြုပြီး လျှပ်စစ်ဓါတ်အား ၁၅ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် စက်ရုံ (၂)ရုံ စုစုပေါင်းဓါတ်အား ၄၂ မဂ္ဂါဝပ်ရရှိမည့် စက်ရုံ(၃)ရုံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိ၍ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လျှပ်စစ်ဓါတ်အား ရရှိပါက လုပ်ငန်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ စပါးခွံလောင်စာများသိုလှောင်ထားရှိမည့် အခြေအနေများ၊ စပါးခွံလောင်စာသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံများမှ ထွက်ရှိမည့် စွန့်ပစ်ပစ္စည်းများမှ ဇီဝမြေသြဇာထုတ်လုပ်မည့် အခြေအနေများနှင့် အအေးခန်းစက်ရုံနှင့်သိုလှောင်ရုံများ ဆောက်လုပ်ရေးလုပ်ငန်းခွင်များအား လိုက်လံရှင်းလင်းပြသခဲ့ကြောင်းသတင်းရရှိပါသည်။
Read More...
01-May-2023
၂၀၂၃ ခုနှစ်၊ ဧကာဒသမတန်း လူရည်ချွန်ကျောင်းသား၊ကျောင်းသူများပုသိမ်မြို့ပေါ်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ၍ ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားသို့တက်ရောက်
Read More...
၂၀၂၃ ခုနှစ်၊ ဧကာဒသမတန်း လူရည်ချွန်ကျောင်းသား၊ကျောင်းသူများသည် ယနေ့နံနက် ပုသိမ်မြို့ပေါ်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ၍ ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြသည်။
ဦးစွာ လူရည်ချွန်ကျောင်းသား၊ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၏ ကျက်သရေဆောင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ရေချမ်း၊ဆီမီးများ ကပ်လှူပူဇော်ခဲ့ကြပြီး အလှူငွေများ စုပေါင်းလှူဒါန်းကြရာ ဂေါပကအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ထို့နောက် ဂေါပကအဖွဲ့က စေတီတော်မြတ်ကြီး၏ သမိုင်းကြောင်းအားရှင်းလင်းပြောကြားခဲ့ပါသည်။
ယင်းနောက် လူရည်ချွန်မောင်မယ်များသည်ပုသိမ်မြို့၊ မရမ်းချောင်းကျေးရွာရှိ ပုသိမ်မြို့ရေပေးဝေရေးလုပ်ငန်းခွင်သို့သွားရောက်ခဲ့ပြီး ငဝန်မြစ်အတွင်းမှ မြစ်ရေတင်ယူ၍ ရေသန့်စင်ဆောင်ရွက်နေမှုများနှင့် မြို့ရေပေးဝေနေမှု အခြေအနေများကိုတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပြီး လူရည်ချွန်ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာမှတ်သားကြပါသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊တောရကျောင်းလမ်းရှိ ရွှေစာပုသိမ်ထီးလုပ်ငန်းမှ တိုင်းဒေသကြီး၏ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်မှုပညာ ပုသိမ်ထီးလုပ်ငန်းခွင်သို့လာရောက်လေ့လာသည့် လူရည်ချွန်ကျောင်းသား၊ကျောင်းသူများအား ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ခဲ့ပြီး လူရည်ချွန်ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားပျော်ရွှင်စွာ လေ့လာနေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။
ထို့နောက် ၂၀၂၃ ခုနှစ်၊ ဧကာဒသမတန်း လူရည်ချွန်ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားအား ယနေ့နေ့လယ်ပိုင်းက ပုသိမ်မြို့၊မြို့တော်ခန်းမ၌ ဆက်လက်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများနှင့် လူရည်ချွန်ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ပုသိမ်မြို့ပေါ်ရှိ လေ့လာရေးအစီစဥ်ပေါ်အားရသဘောကျနှစ်သက်မည်ဟုထင်ပါကြောင်း၊ ဧရာ၀တီတိုင်းဒေသကြီးရဲ့ဖွံ့ဖြိုးမှုကိုဖော်ကျူးထားသည့် သမိုင်းသစ်ဝေစည်ဧရာ၀တီသီချင်းဖြင့် သရုပ်ဖော်ထားမှုနှင့် လူရည်ချွန်မောင်မယ်များ၏ ခရီးစဥ်တစ်လျောက်လှုပ်ရှားဆောင်ရွက်မှုများအား Video Clip ဖြင့်ပြသမှုအား ကြည့်ရှုခံစားရင်းနေ့လယ်စာကိုသုံးဆောင်ကြရမှာဖြစ်ကြောင်း၊ လေ့လာရေးအစီအစဥ်များနှင့် ဖျော်ဖြေရေးအစီအစဥ်များတွင် စိတ်ပါဝင်စားကြပြီး ပျော်ပျော်ရွှင်ရွှင်ဖြင့် ပါဝင်ဆင်နွှဲခဲ့ကြသည့်အတွက် ဝမ်းသာမိပါကြောင်း၊ လေ့လာခရီးစဉ်များတွင်လည်း မောင်မယ်များအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း”ဂုဏ်ပြုအမှာ စကားပြောကြားခဲ့ပြီး လူရည်ချွန် မောင်မယ်တစ်ဦးချင်းစီအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ၂၀၂၃ ခုနှစ်၊ ဧကာဒသမတန်း လူရည်ချွန်ကျောင်းသား၊ကျောင်းသူများကိုယ်စား လူရည်ချွန်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူရည်ချွန်မောင်မယ်များနှင့် ရင်းရင်းနှီးနှီး နေ့လယ်စာ အတူတကွသုံးဆောင်ခဲ့ပါသည်။ ထို့နောက် လူရည်ချွန်ကျောင်းသားကျောင်းသူများမှ မြို့တော်ခန်းမရှေ့ ရှုခင်းသာရင်ပြင်တွင် အမှတ်တရ ဓါတ်ပုံများရိုက်ကူးခဲ့ကြပါသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် လူရည်ချွန်မောင်မယ်များ၏ လေ့လာရေးခရီးစဥ်များအား လိုက်လံ ကြည့်ရှုအားပေးခဲ့ပါသည်။
ဦးစွာလူရည်ချွန်မောင်မယ်များသည် ပုသိမ်မြို့၊ အမှတ်(၁)ကြိုးတံတားအနီး ပုသိမ်-ချောင်းသာကားလမ်းဘေးရှိ ရွှေမြင်းပျံပုသိမ်ဟာလဝါလုပ်ငန်းသို့ရောက်ရှိ၍ဟာလဝါပြုလုပ်ပုံအဆင့်ဆင့်နှင့် ထုတ်ပိုးမှုနေမှုလုပ်ငန်းများအား စိတ်ပါဝင်စားစွာ လိုက်လံလေ့လာခဲ့ကြပြီး ရွှေမြင်းပျံ မိသားစုမှ လူရည်ချွန်ကျောင်းသားကျောင်းသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ လူရည်ချွန်မောင်မယ်များသည် ရွှေမြင်းပုသိမ်ဟာလဝါ သူဌေးမုန့်နှင့် မုန့်မျိုးစုံလုပ်ငန်းသို့ ရောက်ရှိ၍ ပုသိမ်ထီးပေါ်တွင် ရောင်စုံဆေးပန်းချီများ ရေးဆွဲကြခြင်း၊ လက်ပတ်အလှကြိုးလေးများ ကိုယ်တိုင်ပြုလုပ်ကြခြင်း၊ အမှတ်တရ ဓါတ်ပုံများချစ်ကြည်ရင်းနှီးပျော်ရွှင်စွာ ရိုက်ကူးကြခြင်း၊ ဆိုင်အတွင်းခင်းကျင်းပြသထားသည့် ဒေသထွက်ကုန်များအား စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှုလေ့လာခဲ့ကြသည်။ ထို့နောက် ရွှေမြင်းပုသိမ်ဟာလဝါလုပ်ငန်း မိသားစုများမှ လူရည်ချွန်ကျောင်းသား/ကျောင်းသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါသည်။
အလားတူ လူရည်ချွန်မောင်မယ်များသည် ပုသိမ်-ငွေဆောင်ကားလမ်းဘေးရှိ ငွေဆောင်အပန်းဖြေဆင်စခန်းသို့ သွားရောက်လေ့လာကြကာ ဆင်လိမ္မာများ၏ အလှပြကွက်များပြသခြင်းများ ကိုကြည့်ရှုအားပေးခဲ့ပြီး စိတ်ပါဝင်စားပျော်ရွှင်စွာ လေ့လာ လည်ပတ်ခဲ့ကာ ဆင်အစာများကျွေးမွေးခဲ့ကြောင်းသိရသည်။
Read More...
01-May-2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်မူလတန်းကြိုကျောင်းအား တက်ရောက်ဖွင့်လှစ်ပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်မူလတန်းကြိုကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားအား ယနေ့မွန်းလွဲပိုင်းက အောင်ဆန်းရပ်ကွက်၊အောင်ဆန်းလမ်းမတော်လမ်းရှိ အဆိုပါကျောင်း၌ ပြုလုပ်ခဲ့ရာခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
ဦးစွာအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လုံခြုံရေးရာနှင့်နယ်စပ်ရေးရာဝန်ကြီး၊လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ထို့နောက် ဝန်ကြီးချုပ်သည် ကျောင်းဆောင်သစ်ဆိုင်းဘုတ်အားစက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖြန်းပေးခဲ့ကာ ကျောင်းဆောင်သစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ယနေ့ဖွင့်လှစ်သည့် မူလတန်းကြိုကျောင်းသည် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်ခြင်း ဖြစ်ပြီး ကျောင်းဆောင်သစ်ကြီးအား ဆောက်လုပ်ပြီးစီး၍ ယနေ့တွင် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ရာ ကလေးငယ်များအတွက် များစွာအကျိုးရှိစေမှာဖြစ်ပါကြောင်း၊ မူကြိုကလေးငယ်များသည်သိချင်တတ်ချင်စိတ်၊ စူးစမ်းလေ့လာချင်စိတ်များသည့်အရွယ်ဖြစ်၍ ရုပ်ပိုင်းဆိုင်ရာများ၊ သင်ကြားပြသရေးဆိုင်ရာ ပတ်ဝန်းကျင်ကောင်းများဖန်တီးပေးရန်လိုပါကြောင်း၊ အခြေခံကောင်းများပြုစုပျိုးထောင်ရမှာဖြစ်ပါကြောင်း၊ ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရေးကူညီဆောင်ရွက်ပေးကြသူများအားကျေးဇူးတင်ရှိပါကြောင်းနှင့် ကျောင်းဆောင်ရေရှည်တည်တံ့စေရေးထိန်းသိမ်းစောင့်ရှောက်ပေးကြရန်လိုပါကြောင်း”အမှာစကားများ ပြောကြားခဲ့သည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က မူလတန်းကြိုကျောင်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် ဆောက်လုပ်ရေးကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာမှ လူမှုဝန်ထမ်းဦးစီးဌာနသို့ ကျောင်းဆောက်သစ်နှင့်ပတ်သက်သည့်စာရွက်စာတမ်းများအား ပေးအပ်ခဲ့ပြီးနောက် ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီးတို့မှ ရေကြည်မြို့၊မူလတန်းကြိုကျောင်းရှိ ဆရာမများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး မူကြိုကလေးငယ်များပျော်ရွှင်စွာဆော့ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကာ ကလေးငယ်များအတွက် ကစားစရာပစ္စည်းများ၊စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ အဆိုပါ မူကြိုကျောင်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်ခြင်းဖြစ်ပြီး (၆၀×၃၀×၂၄)ပေ၊ (၂၀×၂၅×၂၄)ပေ L ပုံစံ RC နှစ်ထပ် အဆောက်အဦဖြစ်ကြောင်းသိရသည်။
Read More...
27-Mar-2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း လပွတ္တာမြို့နယ်အတွင်း ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်း၊ခရိုင်၊မြို့နယ် ဌာနဆိုင်ရာများနှင့်အတူမတ်လ ၂၆ရက်နေ့ နေ့လည်ပိုင်း တွင် လပွတ္တာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ်၊ လေးအိမ်တန်းကျေးရွာရှိ နေကြာ(စူပါဆန်း-၄၁) ၁၀ ဧက စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုနှင့် ဆိုလာစနစ်ဖြင့်စိုက်ပျိုးရေတင်၍ Sprinkler (rain gun)ဖြင့် နေကြာခင်းအား ရေဖြန်းခြင်းလုပ်ငန်းဆောင်ရွက်နေ မှုများကိုကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနတိုင်းဦးစီးမှူးနှင့် လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးတို့မှ နေကြာစိုက်ပျိုးထားရှိမှု၊ ရေဖြန်းခြင်းနှင့်ပေါင်းသင် ခြင်းဆောင်ရွက်နေမှုများနှင့် ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စိုက်ပျိုးရေးနည်းစနစ်များမှန်ကန်စေရန်၊နေရောင်ခြည်သုံစွမ်းအင်စနစ်များပိုမိုတွင်ကျယ်စွာအသုံးပြုသွားရန်၊ နေကြာစိုက်ခင်းများရေလိုအပ်လာလျှင်ထိရောက်အကျိုးရှိစွာပေးဝေနိုင်သည့် ရေဖြန်းစနစ်များတွင်ကျယ်စွာအသုံးပြုနိုင်ရန်၊ပိုးမွှားအန္တရာယ်ကြိုတင်ကာကွယ်စေရေး တောင်သူများအားအသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရဲရင့်ထွန်းစပါးခွံလောင်စာတောင့် ထုတ်လုပ်ရေးသို့သွားရောက်၍ စပါးခွံလောင်စာတောင့်ထုတ်လုပ်နေမှုအားကြည့်ရှုစစ်ဆေးခဲ့ပြီး စပါးခွံလောင်စာတောင့်ထုတ်လုပ်ခြင်းအားစနစ်တကျဆောက်ရွက်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီဆောင်ရွက်စေရေးမှာကြားခဲ့သည်။ အဆိုပါစက်ရုံမှ တစ်နေ့လျှင် စပါးခွံလောင်စာတောင့် (၂၂၅၀)ပိဿာထုတ်လုပ်လျှက်ရှိပြီး ဒေသတွင်းနှင့်နီးစပ်ရာမြို့နယ်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရသည်။
ထို့နောက် လပွတ္တာ- သင်္ဃန်းကြီး- ပြင်စလူလမ်း၊ ဆည်မြောင်းတာနှင့်ထပ်နေသည့်လမ်းပိုင်း၌ အတည်ပြုပြီး ရှောင်ကွင်းလမ်းအူကြောင်းအမှတ်(၁)၊ (၃မိုင်၄ဖာလုံ)မိုင်မှ၊(၀/၀-၀/၃ +၃၀၀ပေအထိ) (၃.၅)ဖာလုံအား မြေသားတာဘောင်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးလမ်းဦးစီးဌာနမှူးမှ ရှောင်ကွင်းလမ်းအူကြောင်းအမှတ်(၁)၊ (၃မိုင်၄ဖာလုံ) ဖောက်လုပ်နေမှုအခြေအနေများနှင့် ထပ်မံလျာထားသော ရှောင်ကွင်းလမ်းကြောင်းအမှတ်(၂)၏ လျာထားအူကြောင်းများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လမ်းအူကြောင်း များအားရေရှည် တည်တံ့စေရေး၊ အများပြည်သူများသွားလာရေးအဆင် ပြေစေရေးနှင့် ဒေသအကျိုးပြုနိုင်သည့် လမ်းအူကြောင်းများဖြစ်စေရေးမှာကြားခဲ့သည်။
ဆက်လက်၍ လပွတ္တာမြို့နယ်၊ လပွတ္တာ - သင်္ဃန်းကြီးကားလမ်း၊ ကမ်းပြိုကာကွယ် ရေးလုပ်ငန်း ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း အလျား (၁၀၃ပေ)နှင့် ရေထဲပိုင်း နိုင်လွန်ပိုက်ထုပ်ကျောက်ကြီးချခြင်း အလျား (၁၅ဝ ပေ)လုပ်ငန်းရှင်းလင်းဆောင်သို့သွားရောက်ခဲ့ရာ လုပ်ငန်းတာဝန်ခံမှ လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးမှုအခြေအနေများအားရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရေရှည်ခိုင်ခံ့စေရေးထိန်းသိမ်းဆောင်ရွက်ရန်မှာကြားခဲ့ပြီး ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ထားရှိမှုများအားကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တလုပ်တောင် ကျေးရွာအုပ်စုရှိ ရှင်စောမြတ်စေတီတော်မြတ်ကြီးသို့ရောက်ရှိ၍ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာတေဇ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်နတ်စင်တစ်ရာကျောင်းဆရာတော် အား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလျှောက်ထား တင်ပြခဲ့သည်။
ထို့နောက် ကျောက်မှော်ကျေးရွာအုပ်စု အောက်ချောင်းကျေးရွာရှိ နွေစပါးဧက ၁၀၀၊ တင်း၁၂၀စံပြကွက်သို့သွားရောက်၍ နွေစပါး (နယူးဧရာ -၁) စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုနှင့် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး တစ်ဧက ကွက်များဖော်ထုတ်ဆောင်ရွက်စေရေး၊ တစ်ဧက စပါးအထွက်တိုးစေရေးနှင့် စိုက်ပျိုးရေများစနစ်တကျသုံးစွဲစေရေးမှာကြားခဲ့ကြောင်းသိရသည်။
Read More...
27-Mar-2023
(၇၈)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ပြုလုပ်သည့် ပုသိမ်တက္ကသိုလ်ရှေ့ လမ်းဖွင့်ပွဲ၊ စာကြည့်တိုက်ဖွင့်ပွဲနှင့် ဘောလုံးအားကစားကွင်းပွဲကြည့်စင်ဖွင့်ပွဲအခမ်းအနားများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး
Read More...
(၇၈)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ပြုလုပ်သည့် ပုသိမ်တက္ကသိုလ်ရှေ့ လမ်းဖွင့်ပွဲ၊ စာကြည့်တိုက်ဖွင့်ပွဲနှင့် ဘောလုံးအားကစားကွင်းပွဲကြည့်စင်ဖွင့်ပွဲအခမ်းအနားများအား မတ်လ ၂၅ရက်နေ့ နေ့လည်ပိုင်းက ပုသိမ်မြို့၊ ပုသိမ်တက္ကသိုလ်ရှေ့၌ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်သည့် ပုသိမ်တက္ကသိုလ်ရှေ့ အလှအုတ်ပန်းကွက်စီခင်းလမ်း (အရှည် ၆၁၀ပေ၊ အကျယ် ၈ ပေ)ရှိ လမ်းသစ်ဖွင့်ပွဲ အခမ်းအနားအား တာဝန်ရှိသူများနှင့်အတူဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ရေရှည်တည်တံ့စေရေး၊ ပန်းအလှပင်များ၊ မြက်ခင်းများဖြင့် စိမ်းလန်းသာယာလှပစေရေး ထိန်းသိမ်းဆောင်ရွက်ကြရန်မှာကြားခဲ့သည်။
ဆက်လက်၍ ပုသိမ်တက္ကသိုလ်စာကြည့်တိုက် (၁၂၈ပေ × ၆၀ပေ) နှစ်ထပ် အဆောက်အဦဖွင့်ပွဲ တက်ရောက်ခဲ့ပြီး အခမ်းအနားအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ စာကြည့်တိုက်ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရသစ်ပင်များစိုက်ပျိုးပေးခဲ့ကာ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးခဲကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာ ပုသိမ်တက္ကသိုလ်စာကြည့်တိုက်သစ်အား ယနေ့တွင် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်၍ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့်နေ့ဟုပြောရမှာဖြစ်ပါကြောင်း၊ ပုသိမ်တက္ကသိုလ်စာကြည့်တိုက်ကို ပုသိမ်ဥပစာကောလိပ်ကာလ ၁၉၅၈ ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး ယခုတွင် စာအုပ်ပေါင်း ၆၀၀၀၀ကျော်ဖြင့် စာအုပ်စာပေများဖြည့်ဆည်းထားရှိပေးထားပြီး စာအုပ်စာပေနဲ့ သတင်းအချက်အလက်များကို တစ်နေရာတည်းမှာ ရှာဖွေလေ့လာဖတ်ရှုနိုင်မှာဖြစ်ပါကြောင်း၊ ပုသိမ်တက္ကသိုလ်စာကြည့်တိုက်အားတက္ကသိုလ်များဗဟိုစာကြည့်တိုက်၊ နိုင်ငံတကာစာကြည့်တိုက်များနှင့် ချိတ်ဆက်၍ ကမ္ဘာ့အဆင့်မီ စာကြည့်တိုက်တစ်ခုဖြစ်လာစေရေး ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ စာကြည့်တိုက်သို့ လာရောက်၍ စာပေလေ့လာဖတ်ရှုသူများ စိတ်အေးချမ်းသာစွာ လေ့လာမှတ်သားနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိပါကြောင်း၊ ကျောင်းသားကျောင်းသူများ၊ ဆရာမများအနေဖြင့်လည်း မိမိတို့သိရှိလိုသည့်ဘာသာရပ်ဆိုင်ရာများ၊ စာပေဗဟုသုတများကို ကောင်းမွန်စွာ ရှာဖွေလေ့လာနိုင်မှာဖြစ်ပါကြောင်းနှင့် စာကြည့်တိုက်ကြီး၏ အားသာချက်များကို အကျိုးရှိအောင် အသုံးချ၍ မိမိတို့တိုင်းဒေသကြီးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန်ပြောကြားခဲ့သည်။
ထို့နောက် ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စာကြည့်တိုက်ဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းများအား တာဝန်ရှိသူများမှပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ စာကြည့်တိုက်အတွင်း စာဖတ်ခန်း၊ စာအုပ်စင်များ ပြင်ဆင်ထားရှိမှုများလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စနစ်တကျ မှတ်တမ်းမှတ်ရာများထားရှိစေရေး၊ စာအုပ်စာတမ်းများရိုသေစွာကိုင်တွယ်အသုံးပြုစေရေးမှာကြားခဲ့သည်။
ထို့နောက် ပုသိမ်တက္ကသိုလ် ဘောလုံးကွင်း ပွဲကြည့်စင် ( ၁၅၀ပေ×၃၄ပေ)နှစ်ထပ် အဆောက်အဦသစ်ဖွင့်ပွဲတက်ရောက်၍ အခမ်းအနားအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးခဲ့ကြကာ ပွဲကြည့်စင်သစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ရေရှည်ခိုင်ခံ့စေရေးနှင့် စနစ်တကျအသုံးပြုစေရေးမှာကြားခဲ့ကြောင်းသိရသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ကမ်းနားလမ်းရှိ ပုသိမ်မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ ဆင်းရွှေကြာ(၂)စပ်မျိုး နေကြာဆီ ကြိတ်ခွဲနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး နေကြာဆီကြိတ်ခွဲထုတ်လုပ်မှု၊ ကုန်ကြမ်းဝယ်ယူရရှိမှုနှင့် နေကြာဆီ၊နေကြာဖတ်များရောင်းဝယ်ဖြန့်ဖြူးမှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှုရှိစေရေးအတွက် နေကြာသီးနှံအားတိုးချဲ့စိုက်ပျိုးထားရှိကြောင်း၊ နေကြာရိတ်သိမ်းနေချိန်ဖြစ်၍ ကုန်ကြမ်းများပိုမိုထွက်ရှိလာမှာဖြစ်ကြောင်း၊ အဆင့်မီဆီကြိတ်စက်များနှင့် သန့်ရှင်းလတ်ဆက်ပြီးကျန်းမာရေးနှင့်ညီညွတ်သည့် နေကြာဆီများပိုမိုထုတ်လုပ်နိုင်ရေးမှာကြားခဲ့သည်။
Read More...
26-Mar-2023