ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘိုကလေးမြို့နယ်၊ ကဒုံကနိကြိုးဝိုင်းတွင် ဒီရေတောစိုက်ပျိုးရေးပွဲတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဇွန်လ ၉ ရက်နေ့ နေ့လည်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဘိုကလေးမြို့နယ်၊ ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ်( ၅၄)ရှိ ဧရိယာ(၅)ဧကတွင် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲသို့တက်ရောက်ခဲ့၍ ဒီရေတေားများနှင့်သစ်တောများကလူသားတို့အတွက် လိုအပ်သောအစားအစာ၊ ဆေးဝါး၊ အဝတ်အစား၊ သစ်၊ တိုင်၊ မျော ထင်းလောင်စာဆီစသည့်အခြေခံလိုအပ်ချက်တို့ကို ပုံမှန်ထုတ်ပေးရုံသာမက သက်ရှိလောကကြီးတစ်ခုလုံး၏ရှင်သန်မှုအတွက် မရှိမဖြစ်လိုအပ်သော အောက်ဆီဂျင်ကို အမြဲမပြတ်ထုတ်ပေးလျက်ရှိပြီး ရာသီဥတုပြောင်းလဲမှုကိုအများဆုံးဖြစ်စေသည့်ဓာတ်ငွေ့ဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို စုပ်ယူထိန်းပေးလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသ ကြီးအနေဖြင့် ဒီရေတောများထိန်းသိမ်းခြင်းနှင့် စိုက်ပျိုးတည်ထောင်ခြင်းကို အကောင်အထည်ဖော်နေသလို တစ်ဖက်မှလည်းသစ်တောပြုန်းတီးမှုများ အဘက်ဘက်မှမပေါ်ပေါက်အောင် သက်ဆိုင်ရာအဖွဲ့မှ နည်းမျိုးစုံဖြင့် ထိန်းသိမ်းကာကွယ်ကြဖို့လိုအပ်လာသည့်အတွက် ဒီရေတောများစိုက်ပျိုး၊ထိန်းသိမ်းခြင်းလုပ်ငန်းတို့ကို တက်အားသရွေ့အားလုံးပူးပေါင်းပါဝင်ကြစေလိုကြောင်းတိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့မှ ပျိုးပင်များပေးအပ်ခဲ့ပြီး ဌာနဆိုင်ရာများ၊ ဒေသခံရွာသူရွာသားများနှင့်အတူ ဗြူးရွှေဝါ ၊ သမဲ့ကြီး၊ ကျန ၊ ပင်လယ်အုန်း၊ အုန်း စသည့်ပျိုးပင် စုစုပေါင်း ၆၀၅၀ ပင်စိုက်ပျိုးပေးခဲ့ကြပြီး ဒီရေတောစိုက်ပျိုးနေမှုများအားလှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ထို့နောက် ဗြုံးမွှေးကျွန်းပျိုးဥယျာဉ်သို့ရောက်ရှိ၍ ပျိုးပင်များပျိုးထောင်ထားရှိမှုအားလှည့်လည်ကြည့်ရှစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးသစ်တောဦးစီးဌာန၊ ဦးစီးမှူးမှ ဗြုံးမွှေးကျွန်းပျိုးဥယျာဉ်တွင် ဗြူးရွှေဝါ၊ ကျန၊ သမဲ့၊ကနစို၊ ရေခရား၊ ပဓမ၊ သမဲ့ကြက်တက်၊ လမု၊ အုန်း စသည့် ပျိုးပင်အမျိုးအစား(၉)မျိုးအား ပျိုးပင်ပေါင်း (၁၀၁၉၆၁၁)ပင် ပျိုးထောင်ထားရှိပြီး (၇၄၃၀၄၀)ပင်များကို ဧရိယာ (၆၁၄) ဧကတွင် စိုက်ပျိုးမည့်အခြေအနေများအားရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဒီရေတော ပတ်ဝန်းကျင်တွင်နေထိုင်ကြသောပြည်သူများအား ဒီရေတော၏အရေးပါမှု၊ ဒီရေတော၏ အကျိုးကျေးဇူးများကိုကောင်းစွာသိရှိနားလည်ရန်အသိပညာပေးခြင်းစည်းရုံးရေးများလုပ်ဆောင်စေရေး၊ ဒီရေတောကြိုးဝိုင်းနှင့် ဒီရေတောပေါက်ရောက်ဧရိယာများတွင် ဒီရေတောများခုတ်ထွင်ရှင်းလင်းမှုမရှိစေရန်နှင့်ကျူးကျော်မှုမရှိစေရန်ကင်းလှည့်စစ်ဆေးရေးရန်လမ်းညွှန်မှာကြားခဲ့ပြီး ဒီရေတောထိန်းသိမ်းရေးဝန်ထမ်းများကိုအားပေးစကားပြောကြားခဲ့ပြီးထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင််အဖွဲ့သည် ဆက်ကျွန်းကျေးရွာအုပ်စု ၊ ငါးပုတ်သင်တန်းကျေးရွာအခြေခံပညာမူလတန်းကျောင်းသို့သွားရောက်ခဲ့ပြီး ကျောင်းသားကျောင်းသူများအေးချမ်းပျော်ရွှင်စွာပညာသင်ကြားမှုများကိုကြည့်ရှုအားပေးခဲ့ပြီး ဆရာဆရာမများနှင့်တွေ့ဆုံခဲ့ကာ တင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။