၂၀၂၂-၂၀၂၃ပညာသင်နှစ် ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၏ သားသမီးများအားပညာသင်ထောက်ပံ့ကြေးနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ၊ဌာနဆိုင်ရာ ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း နှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း ၊ အဆင့် ဌာနဆိုင်ရာများ၊ကျောင်းသား၊ကျောင်းသူများနှင့် မိဘများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ဌာနဆိုင်ရာဝန်ထမ်းသားသမီးများသည် အခြေခံပညာနှင့်အဆင့်မြင့်ပညာများကိုတက်ရောက်သင်ကြားလျက်ရှိပါကြောင်း၊ နိုင်ငံတော်၏အနာဂတ်အတွက် မျိုးဆက်သစ်လူငယ်များကို တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ရာမှာ အခြေခံပညာဟာ အလွန်အရေးကြီးကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်ရာတွင် ပညာရေးဖြင့်ရင်းနှီးမြှုပ်နှံရမှာဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် အခြေခံပညာရေးသည် အဓိကအကျဆုံးဖြစ်၍ ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်စေရေး တိုက်တွန်းပြောကြားခဲ့ရာ တိုင်းဒေသကြီးအတွင်း ယနေ့အထိအခြေခံပညာကျောင်းများတွင် ၁၀၂၇၆၀၉ ဦး ကျောင်းအပ်နှံခဲ့ပြီး ၉၈၅၁၆၉ ဦး တက်ရောက်သဖြင့် ကျောင်းတက်ရောက်မှု ၉၆%ခန့် ရှိပါကြောင်း၊ ကျောင်းသားကျောင်းသူများ ကျောင်းတက်မှန်စေရေး၊ အတန်းစဉ်ကူးပြောင်းရေး၊ ကျောင်းနေမြဲရေးနှင့် သင်ယူတတ်မြောက်မှုအရည်အသွေးမြင့်မားစေရေး ၊ အခြေခံပညာမှတစ်ဆင့် အဆင့်မြင့်ပညာများ၊ အသက်မွေးဝမ်းကြောင်းပညာများကိုဆက်လက်သင်ယူနိုင်ရေးဆရာ၊ဆရာမများ၊ မိဘများအနေဖြင့် ဝိုင်းဝန်းကြိုးစားပေးကြရမှာဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် အောင်မြင်တိုးတက်သည့်နိုင်ငံများကို ကြည့်လျှင် နိုင်ငံ၏ပညာရေးစနစ်နှင့် ၎င်းပညာရေးစနစ်မှ ထွက်ပေါ်လာသည့် လူ့စွမ်းအား အရင်းအရင်းအမြစ်များ၏ ပညာအဆင့်မြင့်မားမှုကို တွေ့ရမည်ဖြစ်ကြောင်း” ”ပြောကြားခဲ့ပါသည်။
ထို့နောက် တက္ကသိုလ် အသီးသီးတွင် တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ဝန်ကြီးချုပ်က ပညာသင်ထောက်ပံ့ကြေးနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများလည်းကောင်း၊ အခြေခံပညာ အထက်တန်းအဆင့်တွင် တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးကလည်းကောင်း ၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်း ၊ မူလတန်းအဆင့်ဆင့်တွင် တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ကြေးနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။