သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းထွန်ယက်ခြင်းနှင့် နေကြာမျိုးစေ့ထုတ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ကြည်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့ ဇွန်လ ၆ ရက်နေ့တွင် ဇလွန်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ တောင်သူဦးရွှေထူး၏ လယ်မြေ(၁၀)ဧကတွင် ၂၀၂၂ မိုးစပါးစိုက်ပျိုးရန်အတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းထွန်ယက်ခြင်းကို ကြည်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များ ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီမြေသြဇာများ ပြန်လည်ကောင်းမွန်လာမှာဖြစ်ပါကြောင်း၊ စပါးအတွက်လိုအပ်သော အာဟာဓာတ်များ များစွာပါဝင်ပါကြောင်း၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များထည့်သွင်းစိုက်ပျိုးခြင်းဖြင့်မြေဆီလွှာများပြန်လည်ကောင်းမွန်လာပြီး ဓာတ်မြေသြဇာသုံးစွဲမှုများကိုလျှော့ချပေးနိုင်မှာဖြစ်ပါကြောင်းနှင့် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များစိုက်ပျိုးခြင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် အင်္ဂပူမြို့နယ်၊ ဘုရားငုတ်တိုကျေးရွာ၊ တောင်သူ ဦးအောင်မြင့်စိန်၏ ယာမြေ ၂ ဧကတွင် ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ မိုးရာသီနေကြာမျိုးစေ့ထုတ်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲတက်ရောက်ခဲ့ပြီး ဆင်းရွှကြာ(၂)နေကြာမျိုးများအား တောင်သူများမှ တန်းကြား၂ ပေ၊ ပင်ကြား ၉ လက်မဖြင့် စနစ်တကျစိုက်ပျိုးနေ မှုများအားကြည့်ရှုအားပေးခဲ့သည်။ ထို့အတူ မြန်အောင်မြို့နယ်၊ အင်ပင်အမှတ်(၃) ရပ်ကွက်၊ တောင်သူဦး မောင်ဆန်း၊ ဦးကြည်ဝင်း၊ ဦးမြင့်ကျော်တို့၏ ယာမြေ ၇ ဧကတွင် ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ မိုးရာသီနေကြာမျိုးစေ့ထုတ်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲတက်ရောက်ခဲ့ပြီး ဆင်းရွှကြာ(၂)နေကြာမျိုးများအား တောင်သူများမှ တန်းကြား၂ ပေ၊ ပင်ကြား ၉ လက်မဖြင့် စနစ်တကျစိုက်ပျိုးနေ မှုများအားကြည့်ရှုအားပေးခဲ့သည်။
အဆိုပါစိုက်ပျိုးပွဲများတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ နေကြာမျိုးစေ့ထုတ်စိုက်ပျိုးခြင်းအား ဖြစ်ထွန်းအောင်ကြိုးပမ်းဆောင်ရွက်ကြလိုပါကြောင်း၊ ဆောင်းရာသီတွင်နေကြာ စိုက်ဧကများ ပြည့်ဝစေရေးဆောင်ရွက်ရမှာဖြစ်ကြောင်း၊ သွင်းအားစုများ၊ စိုက်ပျိုးစရိတ်ချေးငွေများ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် စားသုံးဆီဖူလုံစေရေးအတွက် နေကြာသီးနှံ အောင်မြင်စွာစိုက်ပျိုးထုတ်လုပ်နိုင်ရေး တောင်သူများ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီမှ ပူးပေါင်းဆောင်ရွက်ကြရန်ပြောကြားခဲ့သသည်။