ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကျင်းပ

ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်သင်တန်းကျောင်းတွင်ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များနှင့် သင်တန်းသူသင်တန်းသားများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမှာစကားပြောကြားရာတွင် ကိုဗစ်၁၉ ရောဂါတွေ့ရှိမှုများ လျော့နည်းလာပြီဖြစ်၍ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း(၁/၂၀၂၂)ကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း မိုးရာသီကာလများတွင် မုန်တိုင်းဘေး၊ ရေဘေး၊ လေဘေးစသည့်ဘေးအန္တရာယ်များ ကြုံတွေ့ရလေ့ရှိသဖြင့် ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုပါကြောင်း၊ မတ်လအတွင်းဝင်ရောက်ခဲ့သည့် မုန်တိုင်းဒဏ်ခံရမှုနှင့်ပတ်သက်၍  မုန်တိုင်းမကျရောက်မီကြိုတင်ပြင်ဆင်ခြင်းအနေဖြင့် ကော်မတီများဖွဲ့စည်း၍  သက်ဆိုင်ရာဝန်ကြီးများအား တာဝန်များခွဲဝေသတ်မှတ်ပေးခဲ့ပါကြောင်း၊ ရပ်ကွက်၊ ကျေးရွာများအထိ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များနှင့် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးသတိပေးနှိုးဆော်ခြင်းများအား အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ခဲ့ပါကြောင်း၊ မုန်တိုင်းကျရောက်စဉ်နှင့် ကျရောက်ပြီးချိန်များတွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးလုပ်ငန်းများကိုလည်း နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် အဓိကကျပြီး အားလုံးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်များကို အောင်မြင်စွာကျော်ဖြတ်နိုင်မှာဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ဖြစ်စဉ်များနှင့်ပတ်သက်၍ အားနည်းချက်၊ အားသာချက်များကို သုံးသပ်လေ့လာဖော်ထုတ်၍ ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေး စီမံချက်များရေးဆွဲပြီး နောက်ဆုံးအခြေအနေနှင့် ကိုက်ညီသည့်စီမံချက်များဖြစ်စေရေး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးဝိုင်းဝန်းဆွေးနွေးဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးပြည်နယ်အသီးသီးမှ လာရောက်ကြသည့်သင်တန်းသူသင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချမှုများအား စနစ်တကျလေ့လာမှတ်သားကြပြီး မိမိတို့ဒေသ၊ဌာနဆိုင်ရာများတွင် အကျိုးရှိစွာ ပြန်လည်မျှဝေဆောင်ရွက်ပေးကြကာ သဘာဝဘေး အန္တရာယ်များအား ကူညီကာကွယ်ဆောင်ရွက်နိုင်ပါစေကြောင်းပြောကြားခဲ့ပါတယ်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ သင်တန်းဖွင့်လှစ်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများ၊ သင်တန်းသူသင်တန်းသားများနှင့် မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း(၁/၂၀၂၂)ကို ဇွန်လ ၆ ရက်နေ့မှ၁၇ ရက်နေ့အထိ ၁၂ ရက်ကြာဖွင့်လှစ်သင်ကြားသွား မှာဖြစ်ပြီး သင်တန်းသားသင်တန်းသူ (၅၇)ဦးတက်ရောက်လျက်ရှိဝည်။

06-Jun-2022