ပုသိမ်မြို့ပေါ်ရှိ ကျောင်းများသို့ ကျောင်းသုံးပစ္စည်းများ ကိုဗစ်-၁၉ကာကွယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ မေလ ၃၁ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့ပေါ်ရှိ ညောင်ပင်သာဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းနှင့် (P.E.C)ကိုယ်ပိုင်အထက်ကျောင်းသို့ သွားရောက်၍ ကျောင်းအပ်နှံမှုအခြေအနေများ၊ ကျောင်းဖွင့်လှစ်နိုင်ရေးပြင်ဆင်ဆောက်ရွက်ထားရှိမှုများလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ညောင်ပင်သာဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သွားရောက်ခဲ့ပြီး ကျောင်းသား၊ကျောင်းသူများ ကျောင်းအပ်လက်ခံမှုအခြေအနေများ၊ စာသင်ဆောင်များပြင်ဆင်ထားရှိမှုအခြေအနေများနှင့် ကျောင်းဝန်းကျင်သန့်ရှင်းသာယာလှပရေးတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ညောင်ပင်သာကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ဝိဿုတ(အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)အား ဖူးမြော်ကြည် ညို၍ ကျောင်း များဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုများအား လျှောက်ထားတင်ပြခဲ့ပြီး လှူဖွယ်ပစ္စည်းများဆပ်ကပ်လှူဒါန်းခဲ့ပြီး ဆရာမများထံသို့ ကျောင်းသုံးပစ္စည်းများ၊နှာခေါင်းစည်း၊လက်သန့်ဆေးရည်နှင့် အလှူငွေများ ပေးအပ်ခဲ့သည်။
အဆိုပါ ညောင်ပင်သာဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပုသိမ်မြို့နယ်နှင့် အခြားမြို့များမှ ကိုရင်အပါး(၄၀) တက်ရောက်ပညာသင်ကြားလျက်ရှိသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်းသို့ သွားရောက်၍ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ကျောင်းအပ်ရန်လာရောက်သည့် ကျောင်းသား ကျောင်းသူများအားတွေ့ ဆုံအားပေးခဲ့ ပြီးကျောင်းအုပ်ဆရာမကြီးထံသို့ နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များ ထောက်ပံ့ပေးအပ်ခဲ့ကာ ကိုသာဖြူ ဘုရားရှိခိုးကျောင်းဝန်းရှိ ဘော်ဒါဆောင်များသို့ သွားရောက်၍ အဆောင်ဖွင့်လှစ်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး အဆောင်တာဝန်ခံများထံစားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါဘော်ဒါဆောင်တွင် အိမ်မဲ၊မြောင်းမြ၊ ကန်ကြီးထောင့်၊ ငပုတော၊လပွတ္တာ၊ သာပေါင်း၊ ပုသိမ်မြို့နယ်များရှိကျေးရွာများမှ ကျောင်းသား၊ကျောင်းသူ (၄၂)ဦးမှ လာရောက်နေထိုင်၍ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတွင်တက်ရောက် ပညာသင်ကြားမှာဖြစ်ပါသည်။
အလားတူ ဝန်ကြီးချုပ်သည် Precious Educare Center(P.E.C)ကိုယ်ပိုင်အထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းသား၊ကျောင်းသူများ ကျောင်းအပ်လက်ခံမှုအခြေအနေများ၊ စာသင်ဆောင်များပြင်ဆင်ထားရှိမှုအခြေအနေများနှင့် ကျောင်းဝန်းကျင်သန့်ရှင်းသာယာလှပရေးတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး အဆိုပါကျောင်းမှ တာဝန်ရှိသူများထံသို့ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါကျောင်းဆောင်များလှည့်လည်ကြည့်ရှုစစ်ဆေးရာတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား ၊ ကျောင်းသူများ ပျော်ရွင်အေးချမ်းစွာ ကျောင်းတက်ရောက်နိုင်ရန် ပြင်ဆင်ထားရှိစေရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ သွေးလွန်တုပ်ကွေးရောဂါစသည့် ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိစေရေး၊ ကိုဗစ်-၁၉ ရာဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအား စနစ်တကျလိုက်နာဆောင်ရွက်စေရေး လမ်းညွှန်မှာကြားခဲ့သည်။