ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူသည် မြန်အောင်မြို့နယ်၊ သဲဘို့ကျေးရွာအုပ်စု၊ ချင်းကွင်းကျေးရွာတွင် ကျင်းပပြုလုပ်သည့် (၆၉)ကြိမ်မြောက်၊ ချင်းအမျိုးသားနေ့အခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူသည် ၂၀၁၇ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်  မြန်အောင်မြို့နယ် သဲဘို့ကျေးရွာအုပ်စု ၊ ချင်းကွင်းကျေးရွာ၌ ကျင်းပပြုလုပ်သော (၆၉)ကြိမ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌဦးအောင်ကျော်ခိုင်၊ ဒုဥက္ကဌ ဦးစံမင်းအောင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအရန်အလုပ်အမှုဆောင် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာမျိုးညွန့်၊ မြန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင် ရဲတပ်ဖွဲ့မှူး၊ မြန်အောင်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကြံခင်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ အင်္ဂပူမြို့နယ်၊ ငပုတောမြို့နယ်တို့မှ ချင်း တိုင်းရင်းသား/တိုင်းရင်းသူများ ၊ ကျေးရွာပြည်သူများနှင့်အတူ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ရဲဘော်အပေါင်းအား အလေးပြုကြပြီး သဘာပတိကြီးမှ မင်္ဂလာမောင်းကို (၃)ကြိမ်တီး၍ အခမ်းအနားကို ဖွင့်လှစ်ကာ  အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ဆက်လက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအရန်အလုပ်အမှုဆောင် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာမျိုးညွန့်က နှုတ်ခွန်းဆက်အမှာ စကားပြောကြားခဲ့ပြီး အရှိုချင်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ (ရန်ကုန်)မှ ပေးပို့သည့် သဝဏ်လွှာကို ချင်းတိုင်းရင်းသူ တစ်ဦးကဖတ်ကြားသည်။ ဆက်လက်၍ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးဂါ့မိုးမြတ်မြတ်သူက တိုင်းရင်းသား ရေးရာများ ဆွေးနွေးပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင်မှ အလှူငွေ(၃)သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလှူငွေ(၁၀)သိန်းနှင့် တိုင်းရင်းသားရေးရာဥက္ကဌ ဦးသော်ဇင်ဝင်းမှ လှူဒါန်းသော အလှူငွေ(၃) သိန်းတို့ အားပေးအပ်လှူဒါန်းခဲ့ရာ ချင်းအမျိုးသားနေ့ အခမ်းအနားသဘာပတိ ဆလိုင်း ဦးညွန့်တင်က လက်ခံရယူခဲ့ပါသည်။

 (၆၉)ကြိမ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားတွင် ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံနှင့် အခမ်းအနားတွင် ခင်းကျင်းဆင်ယင်ပြသထားသော ချင်းတိုင်းရင်းသားတို့၏ အမှတ်အသား တံဆိပ်များကို ချင်းတိုင်းရင်းသူလေးများက ရှင်းလင်းပြောကြားပြီး ကြံခင်းမြို့နယ်၊ မြန်အောင် မြို့နယ်၊အင်္ဂပူမြို့နယ်၊ ငပုတောမြို့နယ် (၄)မြို့နယ် အရှိုချင်းဘာသာစကား၊ စာပေနှင့်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌမှ ကျေးဇူးတင် စကားပြောကြားခဲ့ကြပါသည်။

22-Feb-2017