ဧရာဝတီတိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကျင်းပခြင်းနှင့် ကျောင်းအပ်နှံမှုအခြေအနေများအား ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မေလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ဧရာရွှေဝါခန်းမ၌ ပြုလုပ်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးလက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့ပြိုင်ပွဲအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားများ ပြောကြားပြီး တိုင်းဒေသကြီး လက်ဝှေ့အသင်းအား အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုဆုငွေ (၁၀)သိန်းအား ပေးအပ်ခဲ့သည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိအခြေခံပညာကျောင်းများတွင် KG တန်းမှ GRADE-11 အထိ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင် ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး၊ ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များကို (အခမဲ့) ထုတ်ပေးလျက်ရှိပါသည်။
ထို့နောက်ဝန်ကြီးချုပ်သည် ပုသိမ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းအပ်နှံမှုလုပ်ငန်းစဉ်များအား မြန်ဆန်အဆင်ပြေစွာဆောင်ရွက်စေရေးနှင့် ကိုဗစ်၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်စေရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ၊ ဥပဓိရုပ်ကောင်းမွန်ရေးဆောင်ရွက်ထားရှိရန်မှာကြားခဲ့ပါသည်။တိုင်းဒေသကြီးအတွင်းအခြေခံပညာကျောင်းများ၌ မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် ဇွန်လ ၂ ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်း အားလုံးဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။