မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ သဘာဝပတ်ဝန်းကျင်စိန်းလမ်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေးနှင့် သစ်တောသယံဇာတများရေရှည်တည်တံ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးတို့ကို ရည်ရွယ်၍  ပုသိမ်ပညာရေးဒီဂရီကောလိပ်ကျောင်းဝန်းအတွင်း၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မေလ ၂၆ ရက်နေ့ နံနက် ၈ နာရီအချိန်က ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “သက်ရှိများအသက်ရှင်နေထိုင်ရေးအတွက် သစ်တောသယံဇာတများသည် အထူးအရေးပါလှကြောင်း၊ လူနှင့်သက်ရှိသတ္တဝါများအတွက် လိုအပ်သော အောက်စီဂျင်ထုတ်လွှင့်ပေးခြင်းဖြင့် သက်ရှိလောကအတွက် အရေးကြီးဆုံးဝန်ဆောင်မှုကို အကျိုးဆောင်ပေးလျက်ရှိကြောင်း၊ ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသော အကြောင်းအရင်းများတွင် သစ်တောပြုန်းတီးမှုဟာ တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ သစ်တောပြုန်းတီးမှုကာကွယ်နိုင်ရေးအတွက် နှစ်စဉ်သစ်ပင်သစ်တောများ၊ ဒီရေတောများစိုက်ပျိုးပေးလျက်ရှိပါကြောင်းနှင့်စိုက်ပျိုးပြီးသစ်ပင်များအား ရှင်သန်အောင် ဆက်လက်ပြုစုထိန်းသိမ်းသွားရန်လိုအပ်ကြောင်း”ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးသစ်တောဦးစီးဌာနကမှ ညွှန်ကြားရေးမှူးဦးမြင့်စိန်က သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများမှ သစ်ပင်များအား တာဝန်ရှိသူများထံလွှဲ ပြောင်းပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် အစိုးရအဖွဲဝင်ဝန်ကြီးများ၊  ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျောင်းသူကျောင်းသားများက သတ်မှတ်ထားသောနေရာများတွင်နေရာယူ၍  ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီအစရှိသည့် ပျိုးပင်အမျိုးအစား (၁၄)မျိုး၊ ပျိုးပင်ပေါင်း (၆၈၀)အားစုပေါင်းစိုက်ပျိုးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သစ်ပင်စုပေါင်းစိုက်ပျိုးမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။

26-May-2022