ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်များသို့ ဒေသဖွံဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်









ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဧပြီလ ၂၆ ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ရေကြည်မြို့နယ်၊ မီးသွေးကုန်းကျေးရွာသို့ရောက်ရှိ၍ မီးသွေးကုန်းကျေးရွာနှင့် ရေလဲကြီးကျေးရွာသို့ဆက်သွယ်ထားသည့် ပေ ၆၀ အရှည်ရှိ သံကူကွန်ကရစ် ချောင်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းအား သွားရောက်စစ်ဆေး ကြည့်ရှုခဲ့ရာ တံတားတည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ တံတားတည်ဆောက်ရေးတာဝန်ခံမှ ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စံချိန်စံညွှန်းနှင့်အညီ ခိုင်ခံ့အောင်တည်ဆောက်ရန်၊ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်နှင့် လုံခြုံရေးဂရုပြုဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ဟင်္သာတမြို့နယ်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းသို့သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ရာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်း ကျောင်းအုပ်ကြီးမှ သင်တန်းဖွင့်လှစ်သင်ကြားမှုအခြေအနေများ၊ ဖွင့်လှစ်ခဲ့ပြီး သင်တန်းများနှင့် ဖွင့်လှစ်ရန်လျာထားသင်တန်းများ၊ ဆက်လက်ဆောင်ရွက်မည်အစီအမံများ ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မိမိတိုင်းဒေသကြီးအနေဖြင့် မုန်တိုင်းများဝင်ရောက်ခြင်း၊ ရေကြီးရေလျှံခြင်းနှင့် ကမ်းပြိုကမ်းစားခြင်း စသည့်သဘာဝဘေးများ ကျရောက်လေ့ရှိသည့်အတွက် သဘာဝဘေးကြိုတင်ကာကွယ်နိုင်ရေးနှင့် အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း၊ သဘာဝဘေးစီမံချက်များအား ထိရောက်ပြည့်စုံအောင် ရေးဆွဲဆောင်ရွက်ရန်နှင့် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရန်လိုကြောင်း၊ စီမံချက်များသည်လက်တွေ့အကောင်အထည်ဖော်ရာတွင် ပြီးပြည့်စုံမှုအခြေအနေနှင့် ထပ်မံလိုအပ်မှုတို့အား သုံးသပ်ဆောင်ရွက်ရန်လိုကြောင်းနှင့် မိုးမကျမီသင်တန်းများ အမြန်ဆုံးဖွင့်လှစ်နိုင်ရေးတင်ပြဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
ထို့နောက်နေ့လယ်ပိုင်းတွင် ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်ဓမ္မာရုံအတွင်း ပထမအကြိမ် ထိုးနှံမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးအားပေးခဲ့ပြီး ကိုဗစ်ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေး သက်ဆိုင်ရာဌာနများ၊ အုပ်ချုပ်မှုဆိုင်ရာအဖွဲ့အစည်းများမှ အဆင့်ဆင့်ကြပ်မတ်၍ အထူးအလေးထားဆောင်ရွက်ကြရန်၊ ဒေသခံပြည်သူများအနေဖြင့် လာရောက်ထိုးနှံရန် အခက်အခဲရှိပါက အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်ချက်များအပေါ် ဝိုင်းဝန်းကူညီဖြည့်ဆည်း ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဇလွန်မြို့နယ်၊ မေရီလန်းကျေးရွာအုပ်စု၊ မေရီလန်းကျေးရွာသို့သွားရောက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်သည့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ပေးအပ်ပွဲနှင့် ကြဲပက်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ရာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူးမှ စိုက်ဧကများနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧက (၁၀၀)စာ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) အိတ်(၁၀၀)အား တောင်သူများသို့ ပေးအပ်ခဲ့ပြီး တောင်သူများနှင့်အတူ ကြဲပက်ဆောင်ရွက်ခဲ့ပါသည်။