တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဖျာပုံခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်၍ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဧပြီလ ၂၄ ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၀) မှ ဆောင်ရွက်လျက်ရှိသည့် ဖျာပုံခရိုင်၊ ဖျာပုံ-ကျုံကဒွန်း-ဒေါ်ညိမ်း - အမာ လမ်းပေါ်ရှိ ပေ ၈၇၀ အရှည်ရှိ သံကူကွန်ကရစ် ဒေဒလူတံတား တည်ဆောက်ခြင်းလုပ်ငန်းအား သွားရောက်စစ်ဆေးကြည်ရှုခဲ့ရာ တံတားတည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ တံတားတည်ဆောက်ရေးတာဝန်ခံမှ ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သတ်မှတ်ကာလအတွင်း အပြီးဆောင်ရွက်ရန်၊ စံချိန်စံညွှန်းနှင့်အညီဖြစ်စေရေး အလေးထားဆောင်ရွက်ရန်နှင့် လုံခြုံရေးဂရုပြုဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး လာမည့်ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကျောင်းသားကျောင်းသူများအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်၊ ယခုလကုန်အပြီး ၁၈ နှစ်အထက် ကိုဗစ်ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး အလေးထားဆောင်ရွက်ကြရန် ၊ Green City၊ Clean City ဆောင်ရွက်မှုများအပေါ် ပြည်သူလူထုမှ ပူးပေါင်းပါဝင်လာစေရေး စည်းရုံးဆောင်ရွက်ကြရန်၊ လူဦးရေစာရင်းနှင့်ပတ်သက်၍ မှန်ကန်သည့် ကိန်းဂဏန်းအချက်အလက်များရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဆီဖူလုံမှုအတွက်လည်း နေကြာစိုက်ပျိုးရေးကို အလေးထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။