ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင်  တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာအုပ်စု၊ ဘောမိကျေးရွာသို့ရောက်ရှိ၍ ဘောမိချောင်းတံတား (၁၃၅၀ပေ) တည်ဆောက်ရေး အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေများအား တံတားဆောက်လုပ်ရေးတာဝန်ခံမှ ရှင်းလင်းတင်ပြခဲ့ပြီး တံတားတည်ဆောက်မည့် လျာထားနေရာများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဆက်လက်၍ မကျီးဇင်ကျေးရွာ တိုက်နယ်ဆေးရုံသို့ရောက်ရှိ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံခဲ့၍ တင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်ကြစေရေး လမ်းညွှန်မှာကြားခဲ့ပြီး ဆရာဆရာမများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။

ထို့နောက် ချောင်းဝချိုင်ကျေးရွာရှိ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်နယ်စပ်ရှိ ကျောက်ချွန်းတံတားအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စစ်ဆေးရေးဂိတ်သို့သွားရောက်၍ ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့် တွေ့ဆုံခဲ့ကာ လုံခြုံရေးနှင့်စနစ်တကျစစ်ဆေးနိုင်ရေး လိုအပ်သည်များ မှာကြားခဲ့ပါသည်။

20-Apr-2022