နှစ်သစ်မင်္ဂလာအခါတော်နေ့ အန္တရာယ်ကင်းပရိတ်တရားရွတ်ပွားချီးမြှင့်ပွဲနှင့် ဂိုဏ်းပေါင်းစုံဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲမင်္ဂလာအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် သာသနာတော်နှစ်၂၅၆၅ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ မြန်မာနှစ်ဆန်း၁ရက် ခရစ်နှစ် ၂၀၂၂ခုနှစ် နှစ်သစ်မင်္ဂလာအခါတော်နေ့ အန္တရာယ်ကင်းပရိတ်တရားရွတ်ပွားချီးမြှင့်ပွဲနှင့် ဂိုဏ်းပေါင်းစုံဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲမ င်္ဂလာအခမ်းအနားကို ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်းဝင်းနှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရာက်ခဲ့ကြပါသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သြဝါဒစရိယ၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက်ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တ ဝိဿုတ မဟာထေရ် အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီးနောက် ဆရာတော်အရှင်သူမြတ်များထံမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြပါတယ်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားတော်မူခဲ့ပြီး နိုင်ငံတော်သြဝါဒစရိယ၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက်ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ဘဒ္ဒန္တ ဝိဿုတ မဟာထေရ်အရှင်သူမြတ်ထံမှ သြဝါဒခံယူခဲ့ကြပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အခမ်းအနားသို့တက်ရောက်လာကြသူများမှ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြကာ သာသနာ့ဗိမာန်တော်ကြီးမွမ်းမံပြင်ဆင်ရန်အတွက် အလှူငွေများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းခဲ့ပြီး ကောင်းမှုကုသိုလ်အစုစုတို့အတွက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့(သုဓမာ) ဥက္ကဌ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက် ပဓာနနာယကဆရာတော်ရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသောဘိတမဟာထေရ်မြတ်ထံမှ ရေစက်ချအနုမောဒနာ တရားနာယူခဲ့ကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။