မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးမြန်မာ့ရိုးရာမဟာသင်္ကြန် ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ ညနေ ၄ နာရီက ပုသိမ်မြို့၊ ကမ်းနားလမ်း ရှုခင်းသာရင်ပြင်ရှိ ဗဟိုမဏ္ဍပ်၌ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်ဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖျော်ဖြေရေးနှင့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုငွေနှင့် ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ယိမ်းအဖွဲ့နှင့် ဆုရရှိသော သင်္ကြန်မယ်များက တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ပိတ်သိမ်းကြောင်း ကြေညာပေးကာ ယိမ်းအဖွဲ့များက “မန်းတောင်ရိပ်ခို”သီချင်းဖြင့် စုပေါင်းကပြခဲ့ပြီး ဝန်ကြီးချုပ်က အခမ်းအနားသို့တက်ရောက်လာသော ဧည့်သည်တော်များ၊ ယိမ်းအဖွဲ့များနှင့် ပြည်သူများအား အတာရေးများ ပက်ဖျန်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။

17-Apr-2022