ရေကြည်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများအား လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခြင်းနှင့် မအူကုန်းကျေးရွာတွင် ပိုက်ဆံလျှော် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ၂၀၂၂ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့ နေ့လည်ပိုင်းတွင် ရေကြည်မြို့နယ်၊ ဘုတ်ချောင်းကျေးရွာ၊ မြတ်ကိုးပါးဘုရားကြီးကျောင်းတိုက်ရှိ မြတ်ကိုးပါးရုပ်ရှင်တော်မြတ်အားဖူးမြော်၍ ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခဲ့ကာ မြတ်ပန်းတိုင်ကျောင်းထိုင်ဆရာတော်ထံ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး လှူဖွယ်ပစ္စည်းနှင့်ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ထို့နောက် မအူကုန်ကျေးရွာ၊ တောင်သူဦးကုသိုလ်၏ ပိုက်ဆံလျှော်မျိုးစေ့ထုတ်သီးညှပ်(၁)ဧကစိုက်ခင်း ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ ပိုက်ဆံလျှော်စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာများ ပြန်လည်ကောင်းမွန်လာပြီး ဓာတ်မြေသြဇာသုံးစွဲမှုလျော့ချနိုင်မည့် အခြေအနေများနှင့် ပိုက်ဆံလျှော်စိုက်ပျိုးခြင်းကို တိုးချဲ့လုပ်ကိုင်ကြစေရေးဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့ရှိ ဒီပါရုံကျောင်းတိုက်နှင့် သီတာရုံကျောင်းတိုက်တို့ရှိ ဆရာတော်အရှင်သူမြတ်များအား ဖူးမြော်ကြည်ညိုခဲ့ပြီး ဆန်၊ ဆီနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။