"အဂ္ဂမဟာကမ္မဌာနာစရိယ" သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်အလှူခံရရှိတော်မူသော ပုဗ္ဗာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာသာမိမဟာထေရ်မြတ်အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုပူဇော်ပွဲ
၂၀၂၂ခုနှစ် ဇန်နဝါရီလ(၄)ရက် (လွတ်လပ်ရေးနေ့)တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၂၂)ဖြင့် "အဂ္ဂမဟာကမ္မဌာနာစရိယ" သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်အလှူခံရရှိတော်မူသော ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ဒေါင့်ကြီးကျေးရွာ၊ ပုဗ္ဗာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာသာမိမဟာထေရ်မြတ်အား ထပ်ဆင့် ချီးကျူးဂုဏ်ပြုပူဇော်ပွဲ (ဂုဏဝိသိဋ္ဌပူဇာသဘင်)အခမ်းအနားကို ဧပြီလ(၁၂)ရက်နေ့ နံနက်ပိုင်းက ရေကြည်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ဒေါင့်ကြီးကျေးရွာ၊ ပုဗ္ဗာရုံကျောင်းတိုက်၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်ရဟန်းရှင်လူပရိတ်များ တက်ရောက်ခဲ့ကြပါတယ်။
ဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့၍ လေးမျက်နှာမြို့နယ်၊ ဒက္ခိဏာရုံကျောင်းတိုက်ပရဟိတဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဟင်္သာတမြို့၊ ရေကြည်ကျောင်း ပရိယတ္တိစာသင်တိုက်ပဓာနနာယကဆရာတော်ဘုရား မှ ပုဗ္ဗာရုံဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျဉ်းချုပ်ကို ဖတ်ကြားပူဇော်ခဲ့ကာ ဟင်္သာတမြို့ မဟိတာရုံကျောင်းတိုက် ပဓာနနာယကဓမ္မာနုဓမ္မမဟာဒွါရနိကာယ ဗဟိုအနုရက္ခိတအဖွဲ့ဝင်ဆရာတော်မှ ဂုဏပူဇာဂါထာဖြင့် ရွတ်ဖတ်ပူဇော်၍ ရေကြည်မြို့၊ ဒီပါရုံစာသင်တိုက်စာချဆရာတော်မှ ပဏာမပူဇာပတ္ထနဂါထာဖြင့် ရှိခိုးပူဇော်ဆုတောင်းပါသည်။ ထို့နောက် စိန်ရတနာတေးဂီတအ ဖွဲ့မှမင်္ဂလာရတုပိုဒ်စုံ၊ ပူဇာပတ္ထနာတေးထပ်တို့ ဖြင့်သီကျူးပူဇော်ခဲ့ပြီး အဂ္ဂမဟာကမ္မဌာနာစရိယဘွဲ့တံဆိပ်တော်ရ ဆရာတော်ပုဗ္ဗာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ပညာသာမိမဟာထေရ်မြတ်မှ သြဝါဒဓမ္မကထာနာမြွတ်ကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာများ လျှောက်ထား၍ အဂ္ဂမဟာကမ္မဌာနာစရိယဘွဲ့တံဆိပ်တော် ထပ်ဆင့်ဆပ်ကပ်လှူဒါန်းခဲ့ပြီး ပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့မှ အာမိသပူဇာနှင့် ပူဇော်နိုင်စွမ်းအားနှင့်ကျေးဇူးတင်စကားပြောကြားပါသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ အလှူရှင်များမှ အဂ္ဂမဟာကမ္မဌာနာစရိယဘွဲ့တံဆိပ်တော်ရဆရာတော်ပုဗ္ဗာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် ဘုရားကြီး ဘဒ္ဒန္တပညာသာမိမဟာထေရ်မြတ်နှင့် ပင့်သံဃာတော်အရှင်သူမြတ်တို့အား အလှူငွေများ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် လေးမျက်နှာမြို့နယ် ဒက္ခိဏာရုံကျောင်းတိုက် ပရဟိတဆရာတော်ထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားနာယူခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကာ ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။