အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ဆက်ကပ်အလှူခံရရှိတော်မူသော ဆရာတော် ဘဒ္ဒန္တသုမနမဟာထေရ်မြတ်အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုပူဇော်ပွဲ
၂၀၂၂ခုနှစ် ဇန်နဝါရီလ(၄)ရက်(လွတ်လပ်ရေးနေ့)တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်တို့တွင်အမြင့်ဆုံးဖြစ်သည့် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ဆက်ကပ်အလှူခံရရှိတော်မူသော ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ ကျုံမငေး+ရန်ကုန် စက်ရုံဓမ္မရိပ်သာကျောင်းတိုက်များ၏ ဦးစီးပဓာနမဟာနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရုဆရာတော် ဘဒ္ဒန္တသုမနမဟာထေရ်မြတ်အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုပူဇော်ပွဲ (ဂုဏဝိသိဋ္ဌပူဇာမဟာသဘင်)အခမ်းအနားကို ဧပြီလ(၁၀)ရက်နေ့ နေ့လည်ပိုင်းက ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့စက်ရုံဓမ္မရိပ်သာကျောင်းတိုက်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဝါးခယ်မမြို့နယ်၊ သံဃာ့နာယကဥက္ကဌ၊ ကွမ်းခြံကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တခေမာစာရထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဌ၊ ပုသိမ်မြို့ မရမ်းချိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောဘိမဟာထေရ်မှ သာရာဏီယဩဝါဒကထာ မြွက်ကြား ချီးမြှင့်ခဲ့ပါသည်။ အဲ့ဒီနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်မှ သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့ပြီး အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် ထပ်ဆင့်ဆက်ကပ် လှူဒါန်းခဲ့ပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဌအား အလှူငွေဆက်ကပ်လှူဒါန်းပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ စေတနာရှင်အလှူရှင်များမှ ပင့်သံဃာတော်အရှင်သူမြတ်တို့အား အလှူငွေများ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် ဘဏ္ဍာငွေရှာဖွေရေးကော်မတီဥက္ကဌမှ ကျေးဇူးတင် ဝမ်းမြောက်စကားပြန်လည်ပြောကြားကာ မော်လမြိုင်ကျွန်းမြို့နယ် သံဃနာယကဥက္ကဌဆရာတော် ဘဒ္ဒန္တဇောတိကထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားနာယူခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။