ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ စိုက်ပျိုးရေးဦးစီးဌာန ဓါတ်ခွဲခန်းများ၊ သရောင်းချောင်း မျိုးသန့်ခြံသို့ သွားရောက် ကြည့်ရှုစစ်ဆေးခြင်းနှင့် ပုသိမ်မြို့၊ ခုတင် (၅၀၀)ဆေးရုံကြီးတွင် လှူဒါန်းထားရှိသည့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းနှင့် ဆေးဝါးများ သွားရောက်ကြည့်ရှုခြင်း

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ၊ (၁၄)ရက်၊ (၁၁၄၅)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်မျိုးစေ့အရည်အသွေး စစ်ဆေးခန်းသို့ရောက်ရှိ၍ မျိုးသန့်စင်မှုစစ်ဆေးခြင်း၊ မျိုးစေ့အပင်ပေါက် စမ်းသပ်ခြင်းများအား ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီးမျိုးစေ့တာဝန်ခံ ဒေါ်ခင်ဌေးမြင့်မှ လိုက်လံရှင်းလင်းတင်ပြခဲ့ ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြေအသုံးချရေးဓါတ်ခွဲခန်းသို့ သွားရောက်၍ မြေဆီလွှာဓါတ်ခွဲခြင်း၊ ရေဓါတ်ခွဲခြင်း၊ မြေသြဇာ ဓါတ်ခွဲခြင်းများအား ကြည့်ရှုစစ်ဆေးခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုလက်ထောက်ဦးစီးမှူး ဒေါ်အိသဉ္ဇာငြိမ်းနှင့် ဒုလက်ထောက် ဦးစီးမှူး နန့်ဖောင်ထွဋ်တို့မှ လိုက်လံရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သီးနှံကာကွယ်ရေးဓါတ်ခွဲခန်းသို့ ရောက်ရှိ၍ ပိုးမွှားရောဂါစစ်ဆေးခြင်း၊ သီးနှံဖျက် ပိုးမွှားများ၊ သီးနှံဖျက်ရောဂါများ၊ တိုင်းဒေသကြီးအတွင်း စပါးသီးနှံများတွင် ကျရောက်ဖျက်ဆီး တတ်သော ဖျက်ပိုးနှင့်ရောဂါများအား တိုင်းဒေသကြီးသီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ခင်ရီမြင့်နှင့် ဒုလက်ထောက်ဦးစီးမှူး ဦးထက်ဝေလင်း တို့မှ လိုက်လံရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန(မျိုးစေ့ဌာနခွဲ)၊ သရောင်းချောင်း မျိုးသန့်ခြံသို့ရောက်ရှိ၍ ခြံတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခင်ဌေးဦးမှ မျိုးသန့်ခြံ၏ သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်မှုအတွက် မြေယာအသုံးချနိုင်မှု အခြေအနေများ၊ ဝန်ထမ်းအင်အားအခြေအနေများ၊ မိုးစပါးဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ပေါ်ဆန်းစပါးမျိုးများ စိုက်ပျိုး၊ ထုတ်လုပ်၊ ဖြန့်ဖြူးနိုင်မှုအခြေအနေများ၊ သုတေသနဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပေါ်ဆန်း ဘေးကြားစပါးမျိုးတွင် နုံးထည့်စမ်းသပ် စိုက်ပျိုးခြင်းများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စပါးစိုက်တောင်သူများ အထွက်နှုန်းတိုးတက်ရေး၊ စျေးကောင်းရရှိရေး၊ စိုက်နည်းစနစ်များ မှန်ကန်မှုရှိစေရေး၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သုတေသန လုပ်ငန်းများအား စနစ်တကျ မှတ်တမ်းပြုစုထိန်းသိမ်းထားရှိရေး၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများအား အသိပညာပေး ဆောင်ရွက်ရေး လမ်းညွှန်မှာကြားခဲ့ကာ စပါးမျိုး စိုက်ကွင်းဆောင်ရွက်ထားရှိမှုများကို သွားရောက်ကြည့်ရှုခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မျိုးသန့်ခြံမှ ပြန်လည်ထွက်ခွာလာခဲ့ပြီး ပုသိမ်မြို့၊ ခုတင်(၅၀၀)ဆေးရုံကြီးတွင် လှူဒါန်းထားရှိသည့် Portable Ventilator (၄)လုံးနှင့် ဆေးပစ္စည်းများအား သွားရောက်ကြည့်ရှုခဲ့ကာ အလှူရှင်များ လှူဒါန်းထားသည့် ကျန်းမာရေးအထောက်အကူပြု ဆေးဝါးနှင့်ပစ္စည်းများအား အမြန်အသုံးပြုနိုင်ရေး ဆေးရုံတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

14-Aug-2021