ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေးခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၃၁)ရက်နေ့ ၊ (၀၉၃၀)နာရီအချိန်တွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊  တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနတိုင်းဦးစီးမှူး၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပုသိမ်မြို့ပေါ်ရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးနေသည့် စေတနာ့ဝန်ထမ်း များနှင့် ဘဏ်ဝန်ထမ်းများအား  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများကိုကြည့်ရှုအားပေးခဲ့ပါသည်။

          ထို့နောက် (၁၀၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေး ခန်းမ(၁)တွင် တိုင်းဒေသကြီးကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာနတိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းနှင့် ကော်မတီဝင်များမှ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်ကုသရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ လိုအပ်ချက်များအား ရှင်းလင်းတင်ပြကြရာ ကောင်စီဥက္ကဋ္ဌနှင့်တိုင်းမှူးတို့မှ လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

31-Jul-2021