ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနား၊ ငါးလွှတ်ပွဲအခမ်းအနားတက်ရောက်ခြင်းနှင့် Quarantine Center များ ကြည့်ရှုစစ်ဆေးခြင်း
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၂၉)ရက်နေ့ ၊ (၀၈၀၀)နာရီအချိန်တွင် ဟင်္သာတခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဧရာဝတီတိုင်းဒေသကြီး ကွပ်ကဲမှုအောက် ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များ၌ (၆/၂၀၂၁)လအတွင်း “ပန်းခင်း”စီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်း ပေးအပ်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်(၂) ဦးတင်အေး၊ ကောင်စီအဖွဲ့ဝင် (၄) ဦးမောင်မောင်သန်း၊ ကောင်စီအတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် တိုင်း/ခရိုင်/မြို့နယ် အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်အိမ်ထောင်စုလူဦးရေစာရင်း များအား ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် (၀၈၃၅)နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ ရွှေဟင်္သာ ကျွန်းကျေးရွာ၊ ရွှေဟင်္သာတံတားဆိပ် ဧရာဝတီမြစ်ရိုးချောင်းတွင် ကျင်းပပြုလုပ်သည့် ငါးလွှတ်ပွဲ သို့တက်ရောက်ခဲ့ပြီး ငါးမြစ်ချင်းသားပေါက်အကောင်ရေ(၁)သိန်း၊ ငါးခုံးမ ကြီးသားပေါက်အကောင်ရေ (၁)သိန်း စုစုပေါင်း ငါးအကောင်ရေ (၂)သိန်းအား ပေးလွှတ်ခဲ့ပြီးနောက် ဟင်္သာတမြို့၊ မြို့တော် ခန်းမတွင် Covid-19 ရောဂါသံသယလူနာ(၁၂၁)ယောက်ထားရှိနိုင်သည့် Quarantine Center ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဆယ်ထပ်ကြီးဘုရားဝင်း၊ သာသနာ့ဗိမ္မာန်တွင် Covid-19 ရောဂါ သံသယလူနာ(၈၅)ယောက်ထားရှိနိုင်သည့် Quarantine Center ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၁၁၀)နာရီအချိန်တွင် ပုသိမ်မြို့၊ မြို့ဝင် Covid-19 ရောဂါစစ်ဆေးဂိတ် ဆောက်လုပ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ကိုးသိန်းအားကာသိပ္ပံကျောင်းတွင် Covid-19 ရောဂါအတည်ပြု လူနာများထားရှိရန်အတွက်ပြင်ဆင် ဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။