ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁၇)ရက်နေ့ ၊ (၁၅၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဧရာဝတီတိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်မှ အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူသည့်ကာလအတွင်း ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံခြင်းမှာဒုတိယအကြိမ်ရှိပြီဖြစ်ကြောင်း၊ ဘာသာရေးခေါင်းဆောင်များမှ မိမိတို့ဘာသာအလိုက် အခမ်းအနားများပြုလုပ်ကြရာတွင် ထုတ်ပြန်ထားရှိသည့် COVID-19 ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန်နှင့် ဘာသာဝင်များကိုလည်း ဘာသာရေးကိုအသုံးချ၍ သွေးခွဲလှုံ့ဆော်မှုများအပေါ်လိုက်ပါမှုမရှိစေရေး မှာကြားစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်မှ ဆွေးနွေးပြောကြားရာတွင် ဒေသတစ်ခုတည်ငြိမ်အေးချမ်းအောင်ဆောင်ရွက်ရာတွင် ၎င်းဒေသတည်ငြိမ်အေးချမ်းရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဘာသာအလိုက်လွတ်လပ်စွာကိုးကွယ်ခွင့်ရှိပါကြောင်း၊ ဘာသာတိုင်းသည် မေတ္တာတရားကိုအခြေခံ၍ ကိုးကွယ်လျက်ရှိကြောင်း၊ ယခုနိုင်ငံတစ်ဝှမ်းတွင် အဖျက်အမှောင့်လုပ်ဆောင်သူများက လူမျိုးရေး၊ ဘာသာရေးကိုအသုံးချ၍ လူငယ်လူရွယ်များကို သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်နေသည့်အတွက် တက်ရောက်လာသည့်ဘာသာရေးခေါင်းဆောင်များက မိမိတို့ဘာသာအလိုက် ဆွေးနွေးပြောကြားကြစေလိုကြောင်း၊ နိုင်ငံသားတိုင်းတည်ဆဲဥပဒေများကိုလိုက်နာကြရမည်ဖြစ်ကြောင်း၊ ဘာသာကြီး(၄)မျိုးကိုအသုံးချ၍ သွေးခွဲမှုများပေါ်ပေါက်လာပါက ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ဘာသာရေးအဆောက်အဦများတွင် လုံခြုံရေးအရ CCTV များတပ်ဆင်ခြင်း၊ လုံခြုံရေးအစောင့်များထားရှိခြင်းတို့ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဘာသာအလိုက် တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့် တိုင်းမှူးတို့မှ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။