အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ (၁/၂၀၂၁)အစည်းအဝေးသို့ Online Meeting ဖြင့် တက်ရောက်ခြင်း

၂၀၂၁ ခုနှစ်၊ မေလ၊ (၂၇)ရက်နေ့၊ (၁၄၀၀)နာရီအချိန်တွင် လူမှုဝန်ထမ်းကယ်ဆယ်  ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ(၁/၂၀၂၁)အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များသည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)မှ Online Meeting ဖြင့်  အစည်းအဝေးတက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးအစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်မှ ရှင်းလင်းတင်ပြရာတွင် တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပွား လာပါက အရေးပေါ်တုံ့ပြန်နိုင်ရန်အတွက် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အတွင်း ဇူလိုင်လမှ နိုဝင်ဘာလအတွင်း မြစ်ရေကြီးမှုဖြစ်ပေါ်လေ့ရှိသဖြင့် အရေးကြီးတာတမံ (၈)ခုအား ကျိုးပေါက်ခြင်းမရှိစေရေး တာတမံထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း ကြိုတင်စီမံဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊ သဘာဝဘေးများဖြစ်ပေါ်လာပါက ကယ်ဆယ်ရေးပစ္စည်းများအချိန်နှင့်တစ်ပြေးညီ ထောက်ပံ့နိုင်ရေးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုးအား တိုင်းဒေသကြီးအတွင်း စုစုပေါင်းအိမ်ထောင်စု(၇၈၀၀)စုစာအား စုပုံသိုလှောင်ထားရှိပြီး ဖြစ်ပါကြောင်း၊ သဘာဝဘေးမဖြစ်ပွားမီ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား သိရှိနိုင်ရန်အတွက် မြို့နယ်အလိုက် သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေးလက်ကမ်း စာဆောင်များဖြန့်ဝေပေးခြင်း၊ အသိပညာပေးဗီနိုင်းပိုစတာများစိုက်ထူခြင်းများ ဆောင်ရွက်ထားရှိပါကြောင်း၊  ဒေးဒရဲမြို့နယ်အတွင်းရှိ တင်ဒါအောင်ကုမ္ပဏီများမှ ပြန်လည်အပ်နှံသည့် ဥတိုကျေးရွာ Shelter ၊ တံတားချောင်းကျေးရွာ Shelter နှင့် သံဒိတ်ကျေးရွာ Shelter များအား ဆက်လက်တည်ဆောက်နိုင်ရန်နှင့် လုပ်ငန်းအချိန်မီပြီးစီးနိုင်ရေး တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆောက်လုပ်ပြီးဖြစ်သည့် Shelter များအနက်မှ School Cum Shelter အလုံး(၂၀)အား ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှ စတင်၍ စာသင်ကျောင်းအဖြစ် အသုံးပြုသွားမည်ဖြစ်ပြီး ကျန်ရှိသော Shelter များအား ကျေးရွာကော်မတီများမှ ထိန်းသိမ်းစောင့်ရှောက် ထားရှိပါကြောင်းနှင့် ဘေးအန္တရာယ်ကျရောက်လာပါက ခိုလှုံရာနေရာအဖြစ် အသုံးပြုနိုင်ရေး အသိပေးဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် Shelter (၁၆)လုံးလုပ်ငန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင် (၃)လုံးသာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကျန်(၁၃)လုံးမှာလုပ်ငန်းလည်ပတ်မှုမရှိကြောင်း၊ အဆိုပါ Shelter များအား ကုမ္ပဏီများ၏ တင်ပြချက်များအရ လုပ်ငန်းဆောင်ရွက်ပြီးစီးမည့်ရက်များအား သတ်မှတ်ပေးခဲ့ပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးအဖွဲ့တို့မှ ကြပ်မတ်ဆောင်ရွက်သွားရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ World Bank ၏IRM အစီအစဉ်ဖြင့် သဘာဝဘေးအန္တရာယ်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ Life Jacket (၂၀၀၀)ထည်၊ Fiber Boat (၂၀)စီး၊ Speed Boat (၁)စီး၊ မော်တော်ဆိုင်ကယ်(၁၅)စီး၊ မော်တော်ယာဉ် (၂)စီးနှင့် ဆိပ်ခံဘောတံတား(၂)ခုတို့၏ ဖြန့်ခွဲထားရှိမှုစာရင်းအားလည်း လစဉ်ပေးပို့သွားမည် ဖြစ်ပါကြောင်းနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှု၊ ကြီးကြပ်မှုတို့ဖြင့် တိုင်းဒေသကြီးအတွင်း ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်များကို ကာကွယ်စောင့်ရှောက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများအား  တင်ပြဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

27-May-2021