ပုသိမ်မြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် လက်ထောက်ဆရာဝန်များ အလုပ်တာဝန်များ ပြန်လည်ဝင်ရောက်ထမ်းဆောင်ခြင်းတွေ့ဆုံပွဲ အခမ်းအနားကျင်းပခြင်း

၂၀၂၁ ခုနှစ်၊ မေလ၊ (၂၄)ရက်နေ့ ၊ (၁၄၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့ ၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးအစည်းအဝေးခန်းမ၌ လက်ထောက်ဆရာဝန်များ အလုပ်တာဝန်ပြန်လည်ဝင်ရောက်ထမ်းဆောင်ခြင်းတွေ့ဆုံပွဲသို့ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်း၊ ပုသိမ်မြို့ ခုတင်(၅၀၀)ဆံ့အထွေထွေ ရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာကောင်းမြတ်စိုးတို့နှင့်အတူ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားရာတွင် ဆရာဝန်များသည် နိုင်ငံဝန်ထမ်းများဖြစ်ကြောင်း၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုစောင့်သိရန် လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဝန်ထမ်းများအပေါ် သက်ညှာစွာဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ CDM ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်၍တာဝန်ထမ်းဆောင်သဖြင့် အထူးပင်ဝမ်းသာပီတိ ဖြစ်မိပါကြောင်း၊ မိမိဆန္ဒ မပါဘဲ သွေးထိုးလှုံ့ဆော်မှုကြောင့် CDM ပြုလုပ်နေကြရသူများလည်းရှိကြောင်း၊ CDM ပြုလုပ်သည့်ဝန်ထမ်းများမှ CDM မပြုလုပ်သည့်ဝန်ထမ်းများ အပေါ် ဖိနှိပ်ခြင်း၊ အကြပ်ကိုင်ခြင်းများပြုလုပ်ပါက  သက်ဆိုင်ရာသို့တင်ပြသွားရန်နှင့် အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် စီမံခန့်ခွဲရေးဝန်ထမ်းများ ဖြစ်သည့်အားလျော်စွာ ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက် ပေးလျှက်ရှိပါကြောင်း ၊ ပြည်သူ့အကျိုးတိုင်းပြည်အကျိုးများကိုရှေးရှု၍ လုပ်ကိုင်ဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်းနှင့် တိုင်းကောင်စီအနေဖြင့်လည်း လိုအပ်သည် များကိုကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်မှ ရှင်းလင်းဆွေးနွေးရာတွင် မိမိတို့သည် နိုင်ငံ့ဝန်ထမ်းများဖြစ်သဖြင့် ဝန်ထမ်းအချင်းချင်း ပွင့်လင်းစွာဆွေးနွေးခြင်းဖြစ်ကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ဝန်ထမ်းနှင့်ပြည်သူများ လုံခြုံစိတ်ချစွာနေထိုင်လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် တတ်အားသမျှဆောင်ရွက်လျှက်ရှိပါကြောင်း ၊ ဆရာဝန်များအနေဖြင့် နိုင်ငံဝန်ထမ်းများဖြစ်သည့်အားလျော်စွာ နိုင်ငံဝန်ထမ်းဥပဒေ ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ၊ CDM ပြုလုပ်ပြီး တာဝန်ထမ်းဆောင်ခြင်းမရှိသော ဝန်ထမ်းများအား နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ အရေးယူရုံသာမက ပြစ်မှုဆိုင်ရာ ဥပဒေများဖြင့် အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် ဝန်ထမ်းကောင်းစိတ်ဓါတ်ဖြင့် လုပ်ကိုင်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီးအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

24-May-2021