ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ နည်းပညာအထက်တန်းကျောင်းမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်ပညာရေးမှူးများနှင့် တွေ့ဆုံခြင်း

၂၀၂၁ ခုနှစ်၊ မေလ၊ (၂၁)ရက်နေ့ ၊ (၁၃၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့်   ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ နည်းပညာအထက်တန်း ကျောင်းမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်ပညာရေးမှူးများ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြား ရာတွင် ကျောင်းဆရာ/ဆရာမများသည် နိုင်ငံဝန်ထမ်းများဖြစ်ကြောင်း၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုစောင့်သိရန် လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေး ကင်းရှင်းရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဝန်ထမ်းများအပေါ် သက်ညှာစွာဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ CDM ဆောင်ရွက်လျက်ရှိသော ဆရာ/ဆရာမများအနေဖြင့် လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရန်လိုအပ်ကြောင်း၊ မိမိဆန္ဒ မပါဘဲ သွေးထိုးလှုံ့ဆော်မှုကြောင့် CDM ပြုလုပ်နေကြရသူများလည်းရှိကြောင်း၊ CDM ပြုလုပ်သည့်ဝန်ထမ်းများမှ CDM မပြုလုပ်သည့်ဝန်ထမ်းများအပေါ် ဖိနှိပ်ခြင်း၊ အကြပ်ကိုင် ခြင်းများပြုလုပ်ပါက  သက်ဆိုင်ရာသို့ တင်ပြသွားရန်နှင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဆရာကြီး/ဆရာမကြီးများအနေဖြင့် မိမိတို့၏ လက်အောက်ငယ်သား၊ တပည့် များအား ဆုံးမလမ်းညွှန်ပေးရန်လိုကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် မိမိတို့၏လုပ်ငန်း တာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တိုင်းကောင်စီအနေဖြင့်လည်း လိုအပ်သည်များကိုကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်မှ ရှင်းလင်းဆွေးနွေးရာတွင် မိမိတို့သည် နိုင်ငံ့ဝန်ထမ်းများဖြစ်သဖြင့် ဝန်ထမ်းအချင်းချင်း ပွင့်လင်းစွာ ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ယခင်အစိုးရလက်ထက်တွင် ဆောင်ရွက်ခဲ့သည့် တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြီးပြတ်အောင် ဆောင်ရွက်လျက်ရှိပြီး အခက်အခဲများရှိပါကလည်းတင်ပြနိုင်ပါကြောင်း၊ စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်ရာတွင် လုံခြုံရေးဆောင်ရွက်ပေးမည့် အစီအစဉ်များအား သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ စာသင်ကျောင်းများအား COVID-19 စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများအနေဖြင့်ပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ဝန်ထမ်းများအား CDM ပြုလုပ်ရန် လှုံ့ဆော်သူများအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခင်က CDM ပြုလုပ်ပြီး ယခုလုပ်ငန်းခွင် ပြန်လည်ဝင်ရောက်သူများလည်းရှိကြောင်း၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်လျ​င် ဆရာ/ဆရာမများ စာသင်ကြားနေကြသည်ကို မြင်တွေ့ချင်ကြောင်း၊ စာသင်ကျောင်းများတွင် နိုင်ငံရေးဆန့်ကျင်သည့် လုပ်ရပ်များမပြုလုပ်ရန်လိုအပ်ကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းပီသစွာ ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် တိုင်းဒေသကြီးအတွင်း ဖွံဖြိုးရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် မိမိတို့၏ပတ်ဝန်းကျင်တွင် အဖျက်အမှောက်လုပ်ငန်းများ ဆောင်ရွက်နေသည်ဟုကြားလျင် သက်ဆိုင်ရာအဖွဲ့အစည်းများထံသို့ သတင်းပေးပို့ရန်လိုကြောင်း၊ ကျောင်းတက်ရောက်မည့် ကျောင်းသား/ကျောင်းသူများ၏ လုံခြုံရေးအတွက် ဆောင်ရွက်ရန် လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်း၊ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် အသရေဖျက်ခြင်းများရှိပါက သက်ဆိုင်ရာအဖွဲ့အစည်းများထံသို့ တင်ပြရန်နှင့် ထိုသို့ပြုလုပ်သူအား ဥပဒေအရအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ လုံခြုံရေးအသိ၊ သတိရှိရန်နှင့် ပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ လူငယ်များ၏ ပညာရေးစနစ်အတွက် အလေးထားဆောင်ရွက်ဖို့လိုကြောင်း ပြောကြားခဲ့ပြီးအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

21-May-2021