ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ ငွေဆောင်မြို့၊ချောင်းသာမြို့၊ ရွှေသောင်ယံမြို့များ၏ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း(Town Planning) လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြသည့်အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

၂၀၂၁ ခုနှစ်၊ မေလ၊ (၁၂)ရက်နေ့ ၊ (၁၄၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌  ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ ငွေဆောင်မြို့၊ ချောင်းသာမြို့၊ ရွှေသောင်ယံမြို့များ၏ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း(Town Planning) လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည့်အစည်းအဝေးသို့ ဧရာဝတီတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတိုင်းဦးစီးမှူး၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ရာ တိုင်းဒေသကြီးအတွင်းတည်ရှိနေသော အရင်းအမြစ်များ၊ အခြေခံအဆောက်အဦများအား အခြေခံ၍ အလုပ်အကိုင်အခွင့်အလမ်းများဖော်ထုတ်ပေးနိုင်ရေး၊ အခြေခံအဆောက်အဦများ လုံလောက်စွာဖြည့်ဆည်းပေးနိုင်ရေး၊ သယ်ယူပို့ဆောင်ရေး ပြဿနာများ ဖြေရှင်းပေးနိုင်ရေး၊ မြို့နေပြည်သူများအတွက် နေချင်စဖွယ်ဖြစ်သော ပတ်ဝန်း ကျင်တစ်ခုဖြစ်ပေါ်လာစေရေး၊ အနာဂတ်မြေအသုံးပြုမှုများကြိုတင်လျာထားနိုင်ရေးအတွက် ရည်ရွယ်၍ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအားရေးဆွဲရခြင်းဖြစ်ပါကြောင်း၊ မြို့ပြစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်းကြောင့် အကျိုးကျေးဇူးများများစွာ ရရှိလာမည်ဖြစ်ပါကြောင်း၊စီမံကိန်းများ ကြိုတင်ရေးဆွဲထားခြင်းမရှိလျှင် ဆိုးကျိုးများသာရရှိလာမည်ဖြစ်ပါကြောင်းနှင့် စီမံကိန်းလုပ်ငန်းများအား နှစ်တိုနှစ်ရှည်အစီအမံများရေးဆွဲ၍ အချိန်ကာလအလိုက် ဦးစားပေးအစီအစဉ်များ ချထားဆောင်ရွက်ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတိုင်းဦးစီးမှူးမှ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံမြို့များ၏ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ရေးဆွဲထားသော (Town Plan) အသက်ဝင်စေပြီး စီမံကိန်းများအတိုင်းဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီမှ ဆောင်ရွက်ပေးသင့်သည့်အချက်များနှင့်ပတ်သက်၍ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

12-May-2021