ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်သော ကရင်နှစ်သစ်ကူးပွဲတော်ဖွင့်ပွဲ အခမ်းအနားနှင့် ဒုံးယိမ်းအကပြိုင်ပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်သော ကရင်နှစ်သစ်ကူးပွဲတော်ဖွင့်ပွဲ အခမ်းအနားနှင့် ဒုံးယိမ်းအကပြိုင်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဝန်ကြီးချုပ်မှ ဖားစည်တီး၍ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ ကရင်ရိုးရာပြခန်းများအား လှည့်လည်ကြည့်ရှုပြီး ကရင်ဒုံးယိမ်းအကပြိုင်ပွဲအား ကြည့်ရှုအားပေးခဲ့ကြပါသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၉)ရက်နေ့တွင် ကျင်းပပြုလုပ်သော ကရင်နှစ်သစ်ကူးပွဲတော် အခမ်းအနားသို့  ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ တတ်ရောက်ခဲ့ပါသည်။

ဦးစွာ ဝန်ကြီးချုပ်နှင့်တက်ရောက်လာကြသူများမှ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကရင်အမျိုးသား အလံတို့အား ကရင်အမျိုးသား သီချင်းနှင့် အလံတင်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့နောက် ဝန်ကြီးချုပ်မှ ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော်အား ကရင်ရိုးရာ ဖားစည် (၉)ချက်တီးကာ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြား၍ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတို့မှ နှုတ်ခွန်းဆက် စကားများ ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးထံသို့ အလှူငွေ (၅)သိန်းကျပ်ပေးအပ်လှူဒါန်းခဲ့ပြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဒေါက်တာအရှင် အာဒိစ္စဘိဝံသ၊ ခရစ်ယာန်ဘာသာ RC အသင်းတော်မှ ဖာသာဝေးလ်ဖရက်မြင့်စိုးတို့မှ ဆုံးမသြဝါဒမိန့်ခွန်းများ ပြောကြားခဲ့ပြီး ကရင်တိုင်းရင်းသား သူလေးများမှ ကရင်နှစ်ကူးနှင့် စပ်လျဉ်း၍ သိကောင်းစရာများအား စကောကရင်ဘာသာ၊ ပိုးကရင်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ပြောကြားခဲ့ပါသည်။ ထို့နောက် အသက် (၇၅)နှစ်အထက် ဘိုးဘွားများအား နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်၍ ၂၀၁၅ - ၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကရင်တိုင်းရင်းသား ကျောင်းသား ကျောင်းသူလေးများ၊ ကရင်နှစ်သစ်ကူးအထိမ်းအမှတ် ဒုံးယိမ်းအက ပြိုင်ပွဲနှင့် စာပေပြိုင်ပွဲဆုရရှိသူများအား ဝန်ကြီးချုပ်နှင့်အဖွဲ့တို့မှ ဂုဏ်ပြုစုများ ချီးမြှင့်၍ ကရင်အမျိုးသား အစည်းအရုံးမှ ဖဒိုမန်းငြိမ်းမောင်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးမှ နိဂုံးချုပ် အမှာစကား ပြောကြားကာ ဝန်ကြီးချုပ်နှင့်အဖွဲ့တို့မှ ငြိမ်းချမ်းရေးချိုးငှက်များလွှတ်၍ ကရင်အမျိုးသားသီချင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

30-Dec-2016