ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးဖွင့်ပွဲအခမ်းအနားနှင့် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်နှင့်ညောင်တုန်းမြို့နယ်များတွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တာတမံများ ပြုပြင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့တွင် တိုင်းဒေသကြီးလ္ွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာ၀န်ရှိဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ 

ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းကာ စုပေါင်းရုံးအတွင်းသို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်မှ အမှာစကား ပြောကြားရာတွင် "ပုသိမ်မြို့နယ် စုပေါင်းရုံး၌ တာဝန်ထမ်းဆောင်ကြသော ဌာနဆိုင်ရာဝန်ထမ်းများ အနေဖြင့် စုပေါင်းရုံးဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦး ယုံကြည်လေးစားမှုရှိရန် လိုအပ်ပါကြောင်း၊ ပြည်သူများ၏ ယုံကြည်အားကိုးလောက်သော ဝန်ထမ်းများဖြစ်စေရန် စည်းလုံးညီညွတ်ပြီး ကောင်းမွန်သော စိတ်ဓာတ်များဖြင့် ပူးပေါင်းဆောင်ရွက်သွားမှသာ လုပ်ငန်းများ အောင်မြင်ပြီး ဖွံ့ဖြိုးတိုးတက်သွားမည်ဖြစ်ကြောင်း၊ ကောင်းမွန်သော စာရိတ္တကို အခြေခံပြီး ညီညွတ်မှု၊ ပွင့်လင်းမှု၊ ရိုးသားမှုရှိမှသာ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း" ပြောကြားခဲ့ပါသည်။ ထို့နောက် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးအောင်မှ စုပေါင်းရုံးနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ စုပေါင်းရုံးအား တာဝန်ယူဆောက်လုပ်ပေးသော နဝရတ်စည်သူကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးမှ စုပေါင်းရုံးနှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ကာ စုပေါင်းရုံးမှတ်တမ်းဓာတ်ပုံနှင့်အထိမ်းအမှတ်အလံများအား ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ပါသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ပန်းတနော်မြို့၊ အထက (ခွဲ)ပန်းတနော်တွင် ဖွင့်လှစ်ထားရှိသည့် အရှေ့ပိုင်းရပ်ကွက် ရေဘေးရှောင်စခန်း၌ ရေဘေးရှောင်ပြည်သူများအား အားပေးစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ်၊ မီးသတ်စခန်းတွင် ကျင်းပပြုလုပ်သည့် ဧရာဝတီဖောင်ဒေးရှင်းမှ လှူဒါန်းသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ ဝန်ကြီးချုပ်မှ အမှာစကား ပြောကြားခဲ့ပြီး ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးမှ ဝန်ကြီးချုပ်ထံသို့ အလှူငွေနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် ညောင်တုန်းမြို့ရှိ တာတမံများနှင့်ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာအုပ်စုရှိ မန္တလေးကုန်းတာတမံများအား လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်ခဲ့ပါသည်။

15-Aug-2016