ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးကိုရည်စူး၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားနှင့် ပုသိမ်မြို့၊ ကန်သာယာ (အာဇာနည်ကျောက်တိုင်ရင်ပြင်)၌ အာဇာနည်နေ့ အထိမ်းအမှတ် လွမ်းသူ့ပန်းခွေချခြင်းနှင့် အလေးပြုခြင်း အခမ်းအနား
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းရင်း ၁၉၄၇ ခုနှစ် ၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးကိုရည်စူး၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ (၁၉.၇.၂၀၂၀)ရက်နေ့၊ နံနက် (၀၅၃၀)အချိန်တွင် ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အခမ်းအနားတက်ရောက်လာကြသော ဧည့်ပရိတ်သတ်များက အခမ်းအနားအား နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ ဖွင့်လှစ်ပေးကြပြီး ပုသိမ်မြို့၊ နိဂြောဓါရုံ၊ ညောင်ပင်သာ ပရိယတ္တိ စာသင်တိုက် ဦးစီးပဓါန နာယက ဆရာတော်မထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္စျာယ် ချီးမြှင့်တော်မူသော ပရိတ်တော်များအား နာယူကြည်ညိုကြပါသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက် ဦးစီးပဓါန နာယကဆရာတော် မထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြားကာ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှအတန်းများ ပေးဝေကြပြီး အခမ်းအနားကို ရုတ်သိမ်းကာ သံဃာတော်အရှင်သူမြတ်တို့အား အာရုံဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ထို့နောက် နံနက် (၀၈၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ ကန်သာယာ (အာဇာနည်ကျောက်တိုင်ရင်ပြင်)၌ အာဇာနည်နေ့ အထိမ်းအမှတ် လွမ်းသူ့ပန်းခွေချခြင်းနှင့် အလေးပြုခြင်း အခမ်းအနားအား ကျင်းပရာ ရှေးဦးစွာ ဂုဏ်ပြုတပ်ဖွဲ့မှ နိုင်ငံတော်အလံအား လွှင့်တင်ကာ အလေးပြုကြပါသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာသူများမှ အာဇာနည်အထိမ်းအမှတ်ကျောက်တိုင်ရှေ့၌ အသီးသီး လွမ်းသူ့ပန်းခွေချကာ အလေးပြုကြပါသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အဖွဲ့အစည်းများ၊ မိဘပြည်သူများ တက်ရောက်ခဲ့ကြပါသည်။