ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ပုသိမ်မြို့၊ အမှတ် (၄)ရပ်ကွက်၊ အမှတ် (၁၃၆)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်သော ပြည်တော်သာအိမ်ယာတွင် နေထိုင်သော ပြည်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားနှင့် ကန်ကြီးထောင့်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှု၊ ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ လှည့်လည်ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၇)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာ၀န်ရှိဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့၊ အမှတ် (၄)ရပ်ကွက်၊ (၁၃၆)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်သော ပြည်တော်သာအိမ်ယာတွင် နေထိုင်သော ပြည်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနား၌ ဝန်ကြီးချုပ်မှ အမှာစကားပြောကြားရာတွင် "ပြည်တော်သာအိမ်ယာတွင် နေထိုင်သော ပြည်သူများ၏ တိုက်ခန်းများ အသစ်ဆောက်လို/မဆောက်လိုသော ဆန္ဒများအား သိရှိလို၍ ယခုတွေ့ဆုံပွဲ ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြည်သူများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်တော်သာအိမ်ယာများကိုလည်း အိမ်လခများ ကောက်ယူနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း" ပြောကြားခဲ့သည်။ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များနှင့်ဒေသခံများမှ ဆွေးနွေးတင်ပြကာ တိုင်းဒေသကြီးလျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် စည်ပင်သာယာရေးဝန်ကြီးတို့မှ ပြည်တော်သာအိမ်ယာနှင့်ပတ်သက်သော အချက်အလက်များအား ရှင်းလင်းပြောကြား၍ ဝန်ကြီးချုပ်မှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်ရှိ ဒါးက - မန္တလေးကုန်းတာ၊ ဧရာရွှေဝါဆန်စက်လမ်းတာနှင့် အမှတ် (၁)ရပ်ကွက်စျေးများတွင် မြစ်ရေဝင်ရောက်မှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးကာ ခရိုင်အုပ်ချုပ်ရေးမှူးမှ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ထားရှိမှု အစီအမံများအား  ရှင်းလင်းတင်ပြမှုအပေါ် ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

15-Aug-2016