ပြည်သူများသို့ အသိပေးတင်ပြခြင်း

၁။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ Coronavirus Disease 2019 (COVID-19) ရောဂါပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် အစည်းအဝေး (၂)ကြိမ် ပြုလုပ်ခဲ့ပါကြောင်း၊ ကမ်းခြေဒေသများဖြစ်သည့် ချောင်းသာ/ငွေဆောင်ဒေသများသို့ လာရောက်လည်ပတ်သည့် မော်တော်ယာဉ်များ၊ ခရီးသွားများ၏ ကိုယ်ရေးအချက်အလက်များ၊ ကားနံပါတ်စာရင်းများကို ပုသိမ်မြို့၊ အမှတ် (၁)ကြိုးတံတားမှ သတ်မှတ်ဖောင်ပုံစံများဖြင့် ပေးဝေခဲ့ပြီး ချောင်းသာ/ငွေဆောင်မြို့အဝင်တွင် အဆိုပါ ဖောင်ပုံစံများအား သိမ်းဆည်း၍ စာရင်းပြုစုခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီးကာလ (၂၁.၃.၂၀၂၀)ရက်နေ့မှ (၂၃.၃.၂၀၂၀)ရက်နေ့အထိ (၃)ရက်တာကာလအတွင်း ခရီးသွားလာသည့် ဦးရေမှာ တစ်ရက်ထက်တစ်ရက်ပိုမိုများပြားလာပါကြောင်း၊ သင်္ကြန်ကာလပိတ်ရက်များတွင် မြန်မာ့ရိုးရာ သင်္ကြန်အား ယခင်နှစ်များကဲ့သို့ ကျင်းပဆောင်ရွက်ခြင်း မပြုတော့သဖြင့် ကမ်းခြေဒေသများတွင် ပိုမို၍ ပြည့်ကြပ်စွာ လာရောက်လည်ပတ်နိုင်ပါကြောင်း စိစစ်တွေ့ရှိရပါသည်။

၂။ အဆိုပါကိစ္စနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် (၂၃.၃.၂၀၂၀)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၏ ကမ်းခြေဒေသများဖြစ်သည့် ချောင်းသာ/ငွေဆောင်/ရွှေသောင်ယံ/ဂေါ်ရန်ဂျီကမ်းခြေ (၄)ခုအပါအဝင် အခြားကမ်းခြေဒေသများပါ ညွှန်ကြားချက်ရရှိသည့်နေ့မှစ၍ (၃၀.၄.၂၀၂၀)ရက်နေ့အထိ ယာယီပိတ်သွင်းခွင့်ရရှိနိုင်ရေး Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ကုသရေး၊ အမျိုးသားဗဟိုအဆင့်ကော်မတီသို့ တင်ပြခဲ့ရာ (၂၄.၃.၂၀၂၀)ရက်နေ့တွင် ယာယီပိတ်သိမ်းခွင့်တင်ပြမှုအား ဆက်လက်ဆောင်ရွက်ရန် ညွှန်ကြားလာပါသည်။

၃။ သို့ဖြစ်ပါ၍ Coronavirus Disease 2019 (COVID-19) အား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ချောင်းသာ/ငွေဆောင်/ရွှေသောင်ယံ/ဂေါ်ရန်ဂျီကမ်းခြေ (၄)ခုအပါအဝင် အခြားကမ်းခြေဒေသများနှင့် ဘာသာရေးဆိုင်ရာပွဲတော်များ ကျင်းပခြင်း၊ လူစည်ကားရာနေရာများဖြစ်သည့် စေတီပုထိုး၊ ဘုရားကျောင်းကန်များနှင့် သာသနိက အဆောက်အအုံများ၊ ဟိုတယ်/တည်းခိုခန်းများ၊ ခန်းမများတွင် ဘာသာရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ အခမ်းအနားများကျင်းပခြင်းနှင့် အလှူမင်္ဂလာပွဲများ၊ အခြားလူစုလူဝေးဖြင့် ဆောင်ရွက်သောကိစ္စရပ်များအား ယနေ့ (၂၄.၃.၂၀၂၀)ရက်နေ့၊ နံနက် (၀၉၀၀)နာရီမှစတင်၍ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၃၀)ရက်နေ့အထိ ယာယီပိတ်သိမ်းပါကြောင်းနှင့် လိုအပ်ပါက ရပ်ဆိုင်းကာလကို ထပ်မံတိုးမြှင့်သတ်မှတ်မည် ဖြစ်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

06-Apr-2020