ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့တွင်ကျင်းပပြုလုပ်သော လွှတ်လပ်ရေးဗိသုကာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုနှင့် ဗိုလ်ချုပ်ပန်းခြံ ဖွင့်ပွဲအခမ်းအနား၊ ဒိုးတန်းကျေးရွာရှိ သဒ္ဓမ္မဒီပသန္တိစေတီတော်မြတ်ကြီး ထီးတော်တင်လှူပွဲအခမ်းအနားနှင့် ညောင်အိုင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်

၂၀၂၀ပြည့်နှစ် ၊ဖေဖော်ဝါရီလ (၁၃)ရက်နေ့၊ (၀၈၀၀)အချိန်တွင် ပုသိမ်ခရိုင်၊ ကျောင်းကုန်း မြို့၊ အမှတ်(၄)ရပ်ကွက် ရန်ကုန်-ပုသိမ်ကားလမ်းမကြီးဘေး မြို့အဝင်၌ ဖေဖော်ဝါရီလ(၁၃) ရက်နေ့တွင်ကျရောက်သော လွှတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုနှင့် ဗိုလ်ချုပ်ပန်းခြံဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ/ဒုဥက္ကဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်အရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေ သကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊မြို့မိမြို့ဖများ၊ဗိုလ်ချုပ်ကြေးရုပ်တုနှင့် ဗိုလ်ချုပ် ပန်းခြံကြီးကြပ်ရေးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက် ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ ဗိုလ်ချုပ်ရုပ်တုနှင့် ဗိုလ်ချုပ်ပန်းခြံဖြစ်မြောက်ရေးကော်မတီဝင်များက ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုနှင့် ဗိုလ်ချုပ်ပန်းခြံတို့အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီး သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ရဲဘော်အပေါင်းတို့အား အလေးပြုခဲ့ကြကာ စုပေါင်းမှတ် တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် မိမိတို့နိုင်ငံရဲ့အထွဋ်အမြတ်ထားရာ နိုင်ငံ့ခေါင်းဆောင်များရှိကြပြီး ထိုခေါင်းဆောင်များ၏ ရုပ်တုများအားထားရှိ၍ အမြဲမပြတ်ဂါရဝတရားထား အလေးအမြတ်ပြုခဲ့ကြပြီး ၎င်းတို့၏ဂုဏ်ကျေးဇူးကို မြတ်နိုးတန်ဖိုးထားရှိကြသကဲ့သို့ ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီး ဗြိတိသျှလက်အောက်မှ လွှတ်မြောက်အောင် ကိုယ်ကျိုးမဖက်တိုင်းပြည်အတွက် ရွပ်ရွပ်ချွန်ချွန်ဦးဆောင်တော်လှန်၍ လွှတ်လပ်ရေးရယူပေးခဲ့သော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့မှာ ဗိုလ်ချုပ်ပုံတူ ကြေးရုပ်တုအား ကျောင်းကုန်းမြို့နယ်မှ မိဘပြည်သူများ၏ စုပေါင်းအားဖြင့် တည်ဆောက်နိုင်ခဲ့ပြီး သာယာလှပသော ပန်းဥယျာဉ်တစ်ခုကိုလည်း တည်ဆောက်နိုင်ခဲ့တာကို တွေ့ရှိရတဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသခံမိဘပြည်သူများ၏စိတ်ဓါတ်အား လေးစားဂုဏ်ယူပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် ဗိုလ်ချုပ်ရုပ်တုနှင့် ဗိုလ်ချုပ်ပန်းခြံမှာ မြို့နယ်အတွက် ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည်စုံသလို နောင်တစ်ခေတ်၏ အနာဂါတ်ကို ဦးဆောင်ကြမည့် လူငယ်များအတွက်လည်း မိမိတို့နိုင်ငံရဲ့လွှတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို အမြဲအမှတ်ရနေပြီး ဗိုလ်ချုပ်၏မိန့်မှာချက်များကို လိုက်နာအကောင်အထည်ဖော်နိုင်တဲ့ မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာမှာဖြစ်ပြီး၊ နိုင်ငံ၏စံနမူနာပြအမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များမွေးမြူ၍ ကိုယ်ကျိုး မဖက် တိုင်းပြည်အတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြမည်လို့ ယုံကြည်ပါကြောင်းနှင့် ဗိုလ်ချုပ်ရုပ်တုကိုမြင်တိုင်း အမြဲဂါရဝတရားထား၍ ဗိုလ်ချုပ်၏အဆိုအမိန့်များကို လေးစားလိုက်နာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော အနာဂတ်နိုင်ငံတော်ကို တက်ညီလက်ညီဖြင့် စုပေါင်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းအမှာစကားပြောကြားခဲ့ပြီး ဗိုလ်ချုပ်ကြေးရုပ်တုနှင့် ဗိုလ်ချုပ်ပန်းခြံကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းဝင်းထွန်းမှ ဗိုလ်ချုပ်ရုပ်တု နှင့်ဗိုလ်ချုပ်ပန်းခြံဖြစ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများနှင့်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် ကျောင်းကုန်းမြို့နယ်၊ ဒိုးတန်း ကျေးရွာအုပ်စု၊ ဒိုးတန်းကျေးရွာရှိ ဓမ္မပါလသာသနာ့နယ်မြေအတွင်း တည်ထားတော်မူသော အဂ္ဂမဟာ သဒ္ဓမ္မဒီပသန္တိစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ဌက်မြတ်နားတော်၊ ထီးတော် တင်မင်္ဂလာအခမ်းအနားအား တက်ရောက်ခဲ့ပြီး ဆရာတော်/သံဃာတော်များ၏ ဦးဆောင်မှု ဖြင့် စိန်ဖူးတော်၊ ဌက်မြတ်နားတော်၊ ထီးတော်များအား တင်လှူပူဇော်ခဲ့ကြပြီး သီတဂူဆရာ တော်ဒေါက်တာအရှင်ဉာဏိဿရထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ထီးတော်တင် လှူပွဲအခမ်းအနားအားရုတ်သိမ်းခဲ့ကြပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် ကျောင်းကုန်းမြို့နယ်၊ တပ်ဆိပ်ကျေးရွာအုပ်စု၊ ညောင်အိုင်ကျေးရွာရှိ ညောင်အိုင်အခြေခံပညာအထက်တန်းကျောင်း (ခွဲ)သို့ သွားရောက်ခဲ့ပြီး ဆရာ/ ဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းသား/ ကျောင်းသူဦးရေနှင့် ကျောင်းဆောင်လိုအပ်နေမှု အခြေအနေများအားကြည့်ရှု့ခဲ့ပြီး လိုအပ်သည်များအား တာဝန်ရှိ သူများဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Photo By : Wai Zin

18-Feb-2020