ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်ကာကွယ်လျော့ချရေးဆိုင်ရာ အသိပညာပေး အခမ်းအနားသို့တက်ရောက်

ဂျပန်နိုင်ငံ၏ ဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးအသိပညာပေး (Iza! Kaeru Caravan)ကို ဂျပန်ဖောင်ဒေးရှင်းနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး မြန်မာတစ်နိုင်ငံလုံးရှိ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်ကာကွယ်လျော့ချရေးဆိုင်ရာ အသိပညာ၊ ဗဟုသုတများ ရရှိစေရေး ရည်ရွယ်ကျင်းပပြုလုပ်သည့် အခမ်းအနားကို ပုသိမ်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ရတနာတန်ဆောင်ခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဧရာဝတီတိုင်းဒေသကြီးသည် သဘာဝဘေးအန္တရာယ် ကျရောက်ရန် အလားအလာမြင့်မားသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ မြေမျက်နှာသွင်ပြင်အရ မြေနိမ့်ခြင်း၊ မြစ်ချောင်း အင်းအိုင်များ ပေါများခြင်း၊ ကမ်းရိုးတန်းဒေသဖြစ်ပြီး မြစ်ဝ (၇)ခုရှိခြင်း၊ ကျွန်းများတည်ရှိခြင်း၊ နှစ်စဉ်သဘာဝဘေးအန္တရာယ်ကို အချိန်မရွေး ကြုံတွေ့နိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်သောကြောင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာများ ကြိုတင်ကာကွယ်ရေး အစီအမံများကို အမြဲဆောင်ရွက်သွားရန်လိုကြောင်း၊ (Iza! Kaeru Caravan)အစီအစဉ်သည် ဂျပန်နိုင်ငံရှိ ကလေးသူငယ်များနှင့် မိသားစုဝင်များအကြား အထူးရေပန်းစားလျက်ရှိသည့် အစီအစဉ်တစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံ၏ မိတ်ဖက်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံများအပါအဝင် အာရှနှင့်အာဆီယံ ဒေသတွင်းနိုင်ငံများတွင်လည်း ဂျပန်ဖောင်ဒေးရှင်းနှင့် JICA တို့ပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသော အစီအစဉ်တစ်ရပ်လည်းဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် ကလေးသူငယ်များကို ဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့လာပါက လိုက်နာနေထိုင်ပြုမူဆောင်ရွက်ရမည့် နည်းလမ်းများ၊ ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ အသိပညာဗဟုသုတများကို စိတ်ဝင်စားဖွယ် ဂိမ်းစကားနည်းများ၊ သင်ထောက်ကူပစ္စည်းများနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များက ပါဝင်ဆောင်ရွက် မျှဝေသွားမှာဖြစ်ပြီး အတွေ့အကြုံကောင်းများ ရရှိနိုင်ပြီး အလွန်ပျော်ရွှင်ဖွယ်ရာနေ့တစ်နေ့ ဖြစ်လိမ့်မည်ဟု အလေးအနက် ယုံကြည်ကြောင်း အမှာစကား ပြောကြားပြီး မီးသတ်ဆေးဘူးများ ပေးအပ်လှူဒါန်းပေးခဲ့ပါသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာသူများမှ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ လက်ရှိကိုင်တွယ်အသုံးပြုဆောင်ရွက်နေသည့် ခေတ်မီ မီးငြှိမ်းသတ်ရေးနှင့် ယာဉ်/စက်များ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး အထောက်အကူပြုပစ္စည်းများ ခင်းကျင်းပြသထားမှုများနှင့် ကျောင်းသား/ကျောင်းသူလေးများ၏ လက်တွေ့မီးငြှိမ်းသတ်နေမှုများနှင့် Game ကစားနေမှုများအား ကြည့်ရှုအားပေးပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

07-Feb-2020