ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင်ပါဝင်သော ငါးမျိုးစပ်ကာကွယ်ဆေး (စတုတ္ထအကြိမ်)ကို ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်း အခမ်းအနားတက်ရောက်

ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကလေးငယ်များတွင် ဖြစ်ပွားတတ်သော ကာကွယ်ဆေးနှင့် ကာကွယ်၍ရသောရောဂါများ ကာကွယ်နိုင်ရန်အတွက် ပုံမှန်ကာကွယ်ဆေးထိုး/တိုက်ကျွေးခြင်းလုပ်ငန်းကို တိုးချဲ့ဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးအသစ်များ ထည့်သွင်းထိုးနှံခြင်း၊ ပြည်သူလူထုပါဝင်လာအောင် စည်းရုံးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင်ပါဝင်သော ငါးမျိုးစပ်ကာကွယ်ဆေး (စတုတ္ထအကြိမ်)ကို ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ (၁)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်တွင် ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးကို ကာကွယ်ဆေးအပြည့်အဝ (၂)ကြိမ် တိုက်ကျွေးရန် လိုအပ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးသည် ရိုတာဗိုင်းရပ်(စ်)ပိုးကြောင့် ဖြစ်ပွားသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို (၄၀)ရာခိုင်နှုန်းမှ (၆၀)ရာခိုင်နှုန်းအထိ ကာကွယ်နိုင်သည်ကို တွေ့ရကြောင်း၊ ဆုံဆို့-မေးခိုင်ပါဝင်သော ငါးမျိုးစပ်ကာကွယ်ဆေး (စတုတ္ထအကြိမ်)ထိုးနှံပေးနိုင်ပါက ကလေး၏ ဆုံဆို-ကြက်ညှာ မေးခိုင်ရောများကို ခုခံနိုင်စွမ်းပိုမိုမြင့်တက်လာပြီး ကာကွယ်နိုင်သည့် အချိန်ကာလပိုမိုကြာရှည်နိုင်မည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းသည် ကလေးသန်းပေါင်းများစွာ၏ အသက်ကို ကယ်တင်နိုင်မည့် ကုန်ကျစရိတ်အသက်သာဆုံးနှင့် အထိရောက်ဆုံးသော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်းဖြင့် ရောဂါကာကွယ်နိုင်စွမ်းမရှိသူများကို ကာကွယ်ပေးကြောင်း၊ ကာကွယ်ဆေးအပြည့်အဝထိုးပြီးသူ များလေလေ လူတော်တော်များများ အန္တရာယ်ကင်းလေလေဖြစ်ကြောင်း၊ ရည်မှန်းကလေးဦးရေအားလုံး အရည်အသွေးပြည့်မှီသော ကာကွယ်ဆေးများ ရရှိမှသာ ရောဂါခုခံနိုင်စွမ်း အပြည့်အဝ ရရှိနိုင်ကြမှာ ဖြစ်သည့်အတွက် နိုင်ငံတော်အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော စေတနာ့ဝန်ထမ်း လူမှုရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားပြည်သူများ၊ သတင်းနှင့်စာနယ်ဇင်းမီဒီယာများကပါ ပူးပေါင်းဆောင်ရွက်မှုကို အဓိက အားပြုဆောင်ရွက်ရမှာဖြစ်သည်ကို အထူးမှာကြားလိုကြောင်း၊ ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင် ပါဝင်သော ငါးမျိုးစပ် ကာကွယ်ဆေး (စတုတ္ထအကြိမ်)ကို ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းတွင် အားလုံး ပူးပေါင်းကူညီမှုအင်အားကို ယုံကြည်စွာနှင့် စီမံဆောင်ရွက်ပြီး ကာကွယ်ဆေးထိုးအစီအစဉ်တွင် ပြည်သူတစ်ရပ်လုံး ပါဝင်ပြီး ကလေးများအားလုံး ကာကွယ်ဆေးရရှိပြီး ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါများမှ ကင်းဝေးစေရန် မိမတို့ကျရာ ကဏ္ဍအသီးသီးမှ ဝိုင်းဝန်းကူညီဆောင်ရွက်ကြခြင်းဖြင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများနှင့် (၅)နှဏ်အောက်ကလေးများ သေဆုံးမှုကို လျော့ချနိုြင်မည်ဟု ယုံကြည့်မျှော်လင့်ပါကြောင်း အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင် ပါဝင်သော ငါးမျိုးစပ်ဆေး (စတုတ္ထအကြမ်)ကို ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံ/တိုက်ကျွေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များမှ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းကို ကြည့်ရှုအားပေးကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

အခမ်းအနားသို့ တိုင်းဒေကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပအါသည်။

ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ စတင်ထည့်သွင်းတိုက်ကျွေးသွားမည်ဖြစ်ပြီး ပထမအကြိမ်ကို အသက် (၂)လအရွယ်တွင်လည်းကောင်း၊ ဒုတိယအကြိမ်ကို အသက် (၄)လအရွယ်တွင်လည်းကောင်း တိုက်ကျွေးသွားမည်ဖြစ်ကာ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် (၁၂)မျိုးမြောက် ထည့်သွင်းနိုင်သော ကာကွယ်ဆေးဖြစ်ပါသည်။ ထို့ပြင်ဆုံဆို့မေးခိုင် ပါဝင်သော ငါးမျိုးစပ်ကာကွယ်ဆေး (စတုတ္ထအကြိမ်)ကို ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက် အစီအစဉ်တွင် (၂၀၂၀)ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် အသက် (၁၈)လပြည့်ပြီး ငါးမျိုးစပ်ကာကွယ်ဆေး (၃)ကြိမ် အပြည့်ရရှိထားသော ကလေးငယ်များအားလုံးကို စတင်ထည့်သွင်း ထိုးနှံသွားမည် ဖြစ်ပါသည်။

07-Feb-2020