ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြန်အောင်မြို့နယ်၊သပြေကုန်းကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာတွင် သပြေကုန်းနယ်မြေ မီးသတ်စခန်း ပန္နက်တင် အခမ်းအနားနှင့် သပြေကုန်းရဲကင်းစခန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များအား ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ရဲကင်းစခန်းများ တိုးချဲ့ဖွဲ့စည်းခြင်း၊ မီးသတ်စခန်းများ တိုးချဲ့ဖွဲ့စည်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၅)ရက်နေ့၊ (၁၀၀၀)အချိန်တွင် မြန်အောင်မြို့နယ်၊သပြေကုန်းကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာတွင် သပြေကုန်းနယ်မြေ မီးသတ်စခန်း ပန္နက်တင် မင်္ဂလာအခမ်းအနားအား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများက မီးသတ်စခန်း အ‌ဆောက်အဦ ဆောက်လုပ်မည့် မြေနေရာအား ပန္နက်တင် မင်္ဂလာအခမ်းအနား စီရင်ကျင်းပခဲ့ပြီး မီးသတ်စခန်းတည်ဆောက်မည့်ကုမ္ပဏီမှ အဆောက်အဦ ဆောက်လုပ်မည့် အခြေအနေအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တာဝန်ယူဆောက်လုပ်မည့် ကုမ္ပဏီအား မီးသတ်စခန်းအဆောက်အဦ ဆောက်လုပ်ရာတွင် စံချိန်စံညွှန်းပြည့်မီ၍ အရည် အသွေးပြည့်ဝရေး အလေးထားဆောင်ရွက်ပေးသွားရန် လမ်းညွှန်မှာကြားခဲ့ပြီးအခမ်းအနားအားရုတ်သိမ်းခဲ့ပါသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် မြန်အောင်မြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာတွင် ကျင်းပပြုလုပ်သော သပြေကုန်းရဲကင်းစခန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ကာ သပြေကုန်းရဲကင်းစခန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ကာ ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားအားရုတ်သိမ်းခဲ့ပြီး ရဲကင်းစခန်းအဆောက်အဦအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်ရာအိမ်မှူး/ဆယ်အိမ်မှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

 

07-Feb-2020