ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ၂၀၁၉ ခုနှစ်၊ သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၁၄)ပါး၊ သီလရှင် (၁)ပါးနှင့် လူပုဂ္ဂိုလ် (၆)ဦးတို့အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအတွင်းမှ ၂၀၁၉ ခုနှစ်၊ သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၁၄)ပါး၊ သီလရှင် (၁)ပါးနှင့် လူပုဂ္ဂိုလ် အမျိုးသား (၃)ဦး၊ အမျိုးသမီး (၃)ဦးတို့အား ထပ်ဆင့်ပူဇော်ပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနားသို့ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၃)ရက်နေ့၊ နေ့လယ် (၁၃၀၀)နာရီအချိန်က ကျင်းပရာ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသော ဧည့်ပရိတ်သတ်များမှ အခမ်းအနားအား နမောတဿ (၃)ကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ကာ ဖွင့်လှစ်ပေးကြပြီး ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ဦးစီးပဓါန နာယက၊ နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော် ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္စျယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ ၂၀၁၉ ခုနှစ်၊ သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးတို့အား ဘွဲ့တံဆိပ်တော် ထပ်ဆင့်ဆက်ကပ်လှူဒါန်းပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ သာသနနုဂ္ဂဟဘွဲ့ရ လူပုဂ္ဂိုလ် (၆)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြပါသည်။ ထို့နောက် နိုင်ငံတော်သံဃာ့ဝန်ဆောင် ဖျာပုံမြို့၊ တိုက်သစ်ကျောင်းတိုက် ပဓါန နယာက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိသ အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာကြားကာ ကုသိုလ်ကောင်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်းများ ပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ကာ ဆွမ်းဆန်တော် လောင်းလှူပွဲအား ဆက်လက်ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်ပြည်သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

Photo By : Wai Zin

07-Feb-2020