ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြန်အောင်မြို့နယ်၊ ထန်းသုံးပင်အုပ်စု၊ ထန်းသုံးပင်ကျေးရွာ၌ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)မှ အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်သည့် အခြေခံပညာအထက်တန်း ကျောင်းသစ်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း အရည်အသွေးပြည့်ဝသော မျိုးဆက်သစ်လူငယ်မောင်မယ်များပေါ်ထွန်းလာစေရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကလေးစာပေပွဲတော်များ ကျင်းပပေးခြင်း၊ နောင်အနာဂတ်၏ ကလေးများကျောင်းနေ ပျော်၍ စာတော်စေရေးတို့အား အလေးထား၍ ကျောင်းများ ရုပ်ပိုင်းဆိုင်ရာ ဥပဓိရုပ်ကောင်းမွန်ရေး၊ အန္တရာယ်ရှိကျောင်းဆောင်များအား ပြန်လည်ပြုပြင်မွမ်းမံခြင်းနှင့် အသစ်တည်ဆောက်ခြင်း၊ အမိုး/အကာ/အခင်းပြည့်စုံအောင်ဖြည့်ဆည်းခြင်း၊ ကျောင်းအသုံးအဆောင်ပရိဘောဂများ ဖြည့်ဆည်းခြင်းများဆောင်ရွက်ခြင်းနှင့် ကျောင်းအဆင့်များတိုးမြှင့် သတ်မှတ်ခြင်းများအပြင် အနှစ်သာရပြည့်ဝရေးအတွက်လည်း ပညာရေးဝန်ထမ်းများ အင်အားပြည့်မီရေး၊ ဆရာ/ဆရာမများအား အရည်အသွေးမြှင့် သင်တန်းများပို့ချပေးနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ၊ (၁၂)ရက်နေ့ (၀၉၀၀)အချိန်တွင် မြန်အောင်မြို့နယ်၊ ထန်းသုံးပင်အုပ်စု၊ ထန်းသုံးပင်ကျေးရွာ၌ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)မှ အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်သည့် အခြေခံပညာအထက်တန်း ကျောင်းသစ်ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ လွှတ်တော်အရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများနှင့်ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်အနားတွင် ထန်းသုံးပင်အခြေခံပညာအထက်တန်းကျောင်းသစ်မုခ်ဦးရှေ့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များက ထန်းသုံးပင်အခြေခံပညာအထက်တန်းကျောင်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အခမ်းအနား (ဒုတိယပိုင်း)အား အထကကျောင်းဆောင်အတွင်း ဆက်လက်ကျင်းပ ပြုလုပ်ရာ ကျောင်းသား/ကျောင်းသူလေးများက ဘက်စုံပညာကိုရည် တို့လှမ်းချီ တေးသီချင်းအား သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ထန်းသုံးပင်အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းသမိုင်းများနှင့် အထက်တန်း ကျောင်း(ခွဲ)မှ အထက်တန်းကျောင်းအဖြစ် ပေါ်‌ပေါက်လာပုံများအား ရှင်းလင်းပြောကြား၍ လက်ရှိအစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲထားရှိသော သင်ကြားမှု ပုံသဏ္ဍာန်များနှင့် အသက်မွေးပညာ ဖော်ဆောင်ထားမှု အခြေအနေများအားအသေးစိတ် ရှင်းလင်းပြောကြားခြင်းနှင့် နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပြည်သူပူးပေါင်းလက်တွဲပြီး အနာဂတ်မျိုးဆက်သစ် လူငယ်များ လူတော်၊ လူကောင်းဖြစ်ပေါ်လာရေးအတွက် စိတ်တူ၊ကိုယ်တူ ပူးပေါင်းဆောင်ရွက်ပါစို့ဟု တိုက်တွန်းပြောကြား၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးပညာရေးမှူးက အမှာစကားပြောကြားခြင်း၊ မြန်အောင်မြို့နယ်ပညာရေးမှူးက ပညာရေးဆိုင်ရာ တင်ပြခြင်းများဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် ထန်းသုံးပင်(အထက)ကျောင်း၊ ကျောင်းအုပ်ဆရာမကြီးမှ အထက်တန်းကျောင်းအဆင့်တိုးမြှင့်ခြင်း၊ အထိမ်း အမှတ်အလံများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ပညာရေးမှူးအား ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကား ပြောကြား၍ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဆက်လက်ဖျော်ဖြေတင်ဆက်ခဲ့ပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။

14-Jan-2020